ဆောင်းပါး

စစ်မှုထမ်းဥပဒေကြောင့် မွေးရပ်မြေကို စွန့်ခွာခြင်း

နာမည်ပျက်နေသည့် အာဏာသိမ်းတပ်ထဲ ဝင်ရမည်ကို စိုးရိမ်သဖြင့် တိုင်းပြည်ထဲမှ ထွက်ပြေးကြသူ အများအပြားရှိကြပြီး ၎င်းတို့ထဲမှ တချို့သည် ထိုင်း-မြန်မာ နယ်စပ်မြို့ မဲဆောက်တွင် ရောက်ရှိနေကြသည်။

မြစ်ဝကျွန်းပေါ်ဒေသ မြောင်းမြမြို့မှ ဒေါ်ညိုက ဆယ်ကျော်သက်အရွယ် သားနှစ်ဦးကို ရန်ကုန်သို့ လွှတ်ကာ ကိုရီးယားဘာသာစကားပြောသင်တန်း တက်ခိုင်းသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်လွယ်လွယ်ရှာမရသည့်အပြင် တစ်နေ့တခြား ကျပ်တည်းလာသဖြင့် သူတို့ညီအစ်ကိုနှစ်ဦး ဝင်ငွေကောင်းသည့် တောင်ကိုရီးယားသို့ သွားရောက်ရေးမှာ သူတို့မိသားစု၏အိပ်မက်ဖြစ်သည်။

သို့သော်လည်း ထိုအိပ်မက်ကို အာဏာသိမ်းစစ်ခေါင်းဆောင်က ဖျက်ဆီးပစ်ခဲ့သည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား လူငယ်များ စစ်ထဲဝင်ရမည်ဟု ဖော်ပြထားသည့် ‘ပြည်သူ့စစ်မှုထမ်းဥပဒေ’ ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် လက်မှတ်ထိုးကြေညာခဲ့သည်။ စစ်တပ်၏သတ်မှတ်ချက်အရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသားများ၊ အသက် ၁၈ နှစ်မှ ၂၇ နှစ် အရွယ်အထိ အမျိုးသမီးများ စစ်ထဲဝင်ရမည်ဖြစ်သည်။ ပညာရပ်တစ်ခုခုကျွမ်းကျင်သူဟု သတ်မှတ်ပါက အမျိုးသား ၄၅ နှင့် အမျိုးသမီး ၃၅ နှစ်အထိ စစ်ထဲဝင်ရမည်ဖြစ်သည်။  စစ်တပ်ထဲ နေရမည့် ကာလကိုလည်း အနည်းဆုံး ၂ နှစ်မှ အများဆုံး ၅ နှစ်အထိ သတ်မှတ်ထားသည်။

“အဲဒီသတင်းတက်လာကတည်းက အိပ်လို့လည်း မရဘူး၊ စားလို့လည်း မရဘူး။ ဘယ်လိုအိပ်အိပ် တစ်ရေးနိုးရင် ဘယ်လိုဖြစ်မှာလဲ တွေးနေရတာ” ဟု ဒေါ်ညိုက ပြောသည်။

ဒေါ်ညိုတို့နေထိုင်ရာ မြောင်းမြအပါအဝင် ဧရာဝတီတိုင်းသည် စစ်တပ်က အလုံးစုံထိန်းချုပ်ထားနိုင်သည့် ဒေသဖြစ်သည့်အလျောက် စစ်တပ်လက်အောက်ခံ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ကလည်း လူငယ်များကို စစ်တပ်ထဲဝင်ရန် ဆော်သြလာသည်။

ထိုဖိအားများကြောင့် မြန်မာနိုင်ငံကို စွန့်ခွာချိန်တန်ပြီဟု ဒေါ်ညိုတို့မိသားစု သဘောပေါက်ခဲ့သည်။ ကိုရီးယားအိပ်မက်ကို စွန့်ကာ ထိုင်းနိုင်ငံကို ရရာလမ်းဖြင့် ထွက်ရန် ကြံတော့သည်။ စုထားသည့် ရွှေတိုရွှေစတချို့ကို ထုတ်ရောင်းပြီး ရလာသည့်ငွေ သိန်း ၃၀ ကို လမ်းစရိတ်လုပ်သည်။

ဒေါ်ညိုတွင် အသက် ၁၉ နှစ်နှင့် ၂၃ နှစ်အရွယ် သားနှစ်ယောက်အပြင် မလေးရှားတွင် အလုပ်လုပ်နေသည့် သမီးတစ်ယောက်လည်း ရှိသေးသည်။ နယ်စပ်သို့ ထွက်ကြသည့်အခါ အသက် ၂၃ နှစ်အရွယ် သမက်ဖြစ်သူကလည်း လိုက်လာသည်။

အဆက်အသွယ်နှင့် ခရီးစရိတ်ရှိသူ အများအပြား ပြည်ပထွက်နေချိန်တွင် လူငယ်များ ခရီးထွက်ခြင်း ဟန့်တား ပိတ်ပင်ခံရမည်ကို ဒေါ်ညိုတို့ စိုးရိမ်ခဲ့သည်။

“ပိတ်ဆို့သွားရင် ကလေးတွေ စိတ်မချလို့ ထွက်လာတာ” ဟု ဒေါ်ညိုက ဆိုသည်။

(မဲဆောက်မြို့စျေးအတွင်း မြင်ကွင်း)

မြောင်းမြမှ ရန်ကုန်၊ ရန်ကုန်မှ ပဲခူး၊ ပဲခူးမှ နယ်စပ်မြို့ မြဝတီ၊ ထိုမှတစ်ဆင့် ကမ်းကူးကာ ထိုင်းနိုင်ငံ မဲဆောက်သို့ သူတို့လေးယောက်သား ထွက်လာရာ ခရီးမိုင်ရာချီရှိခဲ့သည်။

ခရီးလမ်းတစ်လျှောက် စစ်တပ်၏ဂိတ်များ၊ ကင်းစခန်းများကို ဖြတ်ကျော်ရသည်။ ဂိတ်တိုင်းကို ရိုးရိုးဖြတ်ကျော်ခွင့်မရဘဲ တစ်ကြိမ်လျှင် ကျပ် ၃၀၀၀ မှ ၅၀၀၀ ကြား ပေးခဲ့ရသည်ဟု ဒေါ်ညိုက ဆိုသည်။ အချို့ဂိတ်များက ငွေလည်းတောင်းသည်၊ မှတ်ပုံတင်နှင့်လူလည်း တိုက်ဆိုင်စစ်ဆေးသည်။

 “(ပိုက်ဆံမပေးရင် ကားပေါ်ကနေ) ဆွဲချရင် ဘယ်လိုလုပ်မလဲနဲ့။ (စစ်မှုထမ်းဖို့ ကန့်သတ်ထားတဲ့) အရွယ်တူတွေ တွေ့လို့ မင်းတို့ဆင်းလာဆိုရင် ဘယ်လိုလုပ်မလဲပေါ့” ဟု ဒေါ်ညိုက ပြောသည်။

ထို့နောက် မြဝတီရောက်လာရာ သောင်ရင်းမြစ်ကို ဖြတ်ပြီးတည်ဆောက်ထားသည့် တံတားမှ ထိုင်းနိုင်ငံ မဲဆောက်မြို့ကူးကာ နေထိုင်လိုက်ခြင်းဖြင့် လူမုန်းများနေသည့်စစ်တပ်ထဲ ဝင်ရမည့် ဘေးအန္တရာယ်မှ လွတ်မြောက်သည့်ခံစားချက်ကို သူတို့ ရလိုက်သည်။

 “ဟိုဘက်ကကိစ္စတော့ စိတ်အေးရပြီ” ဟု မဲဆောက်ရောက် ဒေါ်ညိုက ပြောသည်။

(ထိုင်း-မြန်မာချစ်ကြည်ရေးတံတားသို့ သွားရာ လမ်းပိုင်းတစ်နေရာ)

အိမ်က ထွက်လာစဉ် ဒေါ်ညို့တွင် ရှိသည့် ပိုက်ဆံမှာ သိန်း ၃၀ ဖြစ်သည်။

မဲဆောက်တွင် တစ်လတာ အိမ်ငှားခ၊ အိမ်အတွက် စပေါ်ငွေ၊ ပွဲစားခများအပြင် လမ်းတလျှောက်ဖြတ်သန်းလာသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များကို ပေးရသည့် ငွေများနုတ်ပါက ၅ သိန်းခန့်သာ ကျန်တော့သည်။ ထိုင်းဘတ်ဖြင့် တွက်ပါက ဘတ် ၅၀၀၀ ခန့်သာ ရှိသည်။

လူနှစ်ယောက်သာနေရန် ရည်ရွယ်ထားသည့် တစ်လ ဘတ် ၃၅၀၀ တန် အခန်းတွင် အခြားသူ ၃ ဦးနှင့် သူတို့မိသားစု ၄ ဦးပေါင်းကာ ၇ ဦး နေထိုင်ကြသည်။ လူများလွန်းလှသဖြင့် ပိုင်ရှင်က အခြားတစ်နေရာ ငှားရန် သတိပေးထားရာ ဒေါ်ညိုတို့မိသားစုက ဝင်ငွေရမည့်အလုပ် အသည်းအသန်ရှာနေကြသည်။

ဒေါ်ညို၏ ၁၉ နှစ်အရွယ် သားဖြစ်သူ ကိုဝေမှာ ၁၀ တန်းတက်ရမည့်နှစ်တွင် ကိုဗစ်ကပ်ဘေးနှင့် ရင်ဆိုင်ရခြင်းကြောင့် ကျောင်းဆက်မတက်ဖြစ်တော့။

ထို့နောက် ၂၀၂၁ တွင် စစ်တပ်က အရပ်သားအစိုးရခေါင်းဆောင်များကို ဖမ်းဆီးကာ အာဏာသိမ်းလိုက်ရာ ကိုဝေတစ်ယောက် သူငယ်ချင်းများကဲ့သို့ပင် ကျောင်းစာနှင့် ဝေးရန်ဖြစ်လာသည်။ ထိုစဉ်က အသက် ၁၆ နှစ်အရွယ် ကိုဝေလည်း  သူငယ်ချင်းများနှင့်အတူ  အာဏာဖီဆန်သည့်လှုပ်ရှားမှု (CDM) တွင် ပါဝင်သည့်အနေဖြင့် စစ်ကောင်စီက ပြန်ဖွင့်သည့်ကျောင်းကို သပိတ်မှောက်လိုက်သည်။

မိခင်ဖြစ်သူက ကျောင်းပြန်တက်ခိုင်းသော်လည်း ကိုဝေ ငြင်းဆန်လာခဲ့သည်မှာ ၃ နှစ်ရှိပြီ။ မည်မည်ရရလည်း မလုပ်တတ်သေးသည်မို့ ကိုးရီးယားနိုင်ငံတွင် သွားရောက်လုပ်ကိုင်ရန် စိတ်အားထက်သန်သည်။ ပြီးခဲ့သည့် ဇန်နဝါရီကတည်းက တက်နေသည့် သင်တန်းတွင် အားတက်သရော လေ့လာသည်။ လာမည့် မတ်လတွင် စာမေးပွဲဖြေရေး ဖောင်တင်ရန် ပုသိမ်မြို့သို့ ပြန်၍ ပတ်စ်ပို့သွားလုပ်နေစဉ် ကိုဝေ၏စိတ်ကူးများ တစ်စစီပျက်ပြယ်သွားတော့သည်။

“ညဘက်ဆို စာကျက်၊ အောင်ရင် ဟိုမှာ သွားအလုပ်လုပ်မယ်ပေါ့ တက်တက်ကြွကြွပဲ။ ဥပဒေလည်း ထွက်လာတော့ စာကျက်ချင်တဲ့စိတ်လည်း မရှိတော့ဘူး။ သွားချင်စိတ်လည်း မရှိတော့ဘူး။ ဘာမှမလုပ်ချင်တော့ဘူး။ ဘယ်အချိန် ကိုယ့်ကိုလာခေါ်မလဲ။ အိမ်ပေါ်ကပဲ တက်ဆွဲချမလား။ ညဘက် ကားသံကြားရင် လန့်နေရတာ” ဟု ကိုဝေက ပြောသည်။

“ဘာမှလည်း လုပ်လို့မရတဲ့အချိန်မှာ ဒီသင်တန်းလေးတက်ပြီး ကိုးရီးယားမှာ အလုပ်လုပ်ပါမယ်ဆိုမှ သားတို့ဘဝတော့ ရေစုန်မျောပြီ”

စစ်ကောင်စီက ကျောင်းသားများကို စစ်တပ်ထဲဝင်ရေး ဆိုင်းငံ့ပေးနိုင်သည်ဟု ဆိုထားသဖြင့် ကျောင်းတက်ရန် မိခင်က ထပ်မံတိုက်တွန်းသေးသည်။

“သူငယ်ချင်းတွေထဲမှာ ကျောင်းပြန်တက်တာမျိုးတွေတော့ ရှိတယ်။ တက္ကသိုလ်မှာ ဓာတ်ပုံရိုက်တင်၊ ပျော်ပါးနေတာတွေ မြင်တော့  သိမ်ငယ်တဲ့စိတ်တော့ ဝင်တာပေါ့။ CDMလုပ်ပြီးမှတော့ တစ်ဆုံးအထိပဲ လုပ်ချင်တယ်။ PDF ထဲ ဝင်ဖို့ကျတော့လည်း နည်းနည်းကြောက်တယ်။ ဒီ (ထိုင်း) မှာတော့ ရတဲ့အလုပ်ပဲ လုပ်ရမှာပဲ” ဟု ကိုဝေက ပြောသည်။

PDF သည် ၂၀၂၁ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်ရန် ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ရည်ရွယ်သည့် အတိုကောက် စာလုံးဖြစ်သည်။ ကိုဝေက သတ်ဖြတ်မှု၊ အိမ်မီးရှို့မှုများနှင့် နာမည်ကြီးသည့် စစ်ကောင်စီတပ်ကို မနှစ်သက်သော်လည်း PDF တွင် ပါဝင်တိုက်ခိုက်ရန် မဝံ့ရဲပေ။

ဒေါ်ညို၏ အသက်၂၂ အရွယ် ဒုတိယသားဖြစ်သူ ကိုမျိုးက စစ်မှုမထမ်းမနေရဥပဒေထွက်လာချိန် ကိုးရီးယားသင်တန်းဆရာကို သူတို့၏အနာဂတ် မည်သို့ ဖြစ်လာနိုင်ကြောင်း သွားရောက် မေးမြန်းသည်။ ဆရာက စိတ်အေးအေးထားရန်သာ ပြန်လည်တုံ့ပြန်သည်။ သို့သော် သူကိုယ်တိုင်လည်း ဆောက်တည်ရာမရဖြစ်နေသည်။

“စာသင်ရင် တစ်ခါမှ မမှားဘူး။ ဥပဒေထွက်လာပြီးတော့ ခဏခဏမှားတာ။ မျက်နှာလည်း မကောင်းဘူး။ ပြီးတော့ သင်တန်းကလည်း လူတွေလျော့သွားတာ” ဟု ကိုမျိုးက ပြောသည်။

ပုံမှန်သင်လျှင် အနည်းဆုံး လူ ၄၀ ဝန်းကျင်ရှိသည့် သင်တန်းမှာလည်း တက်ရောက်သူ ၁၅ ယောက်ပင် မပြည့်တော့ဟု သူကဆိုသည်။

“လူက ဘာလုပ်လို့ လုပ်ရမှန်းမသိတော့ဘူး။ လူက ကြောက်စိတ်လည်း ဝင်လာတယ်။ လူက သွားရလာရတာ မလုံခြုံတော့ဘူး။ သတင်းကြားပြီးတော့ ၇ နာရီလောက်ဆို (မြို့ထဲမှာ လူတွေက) ကြက်ပျောက်ငှက်ပျောက်ပဲ” ဟု ကိုမျိုးက ဆိုသည်။

သို့နှင့် ကိုမျိုးတစ်ယောက် ညီဖြစ်သူနှင့်အတူ PDF ထဲ ဝင်နိုင်ရန်  စုံစမ်း ဆက်သွယ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်တပ်စခန်းများကို စီးနင်းတိုက်ခိုက်ကာ မြို့များကို သိမ်းဆည်းနိုင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ထံ ဆက်သွယ်၍ အမည်စာရင်းသွင်းခဲ့ကြသည်။

တောတွင်းမှာ စစ်သင်တန်းပေးရမည့်အချိန်ကို ပြန်ပြောမည်ဟု စောင့်ဆိုင်းနေစဉ် ညဘက် လူငယ်များကို ဖမ်းဆီးသွားသည်များရှိကြောင်း စျေးထဲမှာ ပြောဆိုသံများ ဆက်တိုက်ကြားလာရသည်။ သူကိုယ်တိုင် ကြုံလိုက်ရသည်များ မရှိသော်လည်း ကြောက်စိတ်ပိုလာကာ ကိုမျိုးတစ်ယောက် စစ်သင်တန်းအကြောင်းပြန်စာကို မစောင့်တော့ဘဲ မဲဆောက်ကို မိခင်နှင့်အတူလိုက်လာတော့သည်။

“ကိုယ့်သူငယ်ချင်းတွေကလည်း နောက်ကနေ ထောက်ပံ့စမ်းပါ၊ အဲဒါက ပိုအဆင်ပြေလိမ့်မယ်။ ငါတို့က စစ်ကို ကြုံဖူးတာ မဟုတ်ဘူး၊ ပင်ပန်းတဲ့ဒဏ်ကို ခံနိုင်ချင်မှ ခံနိုင်မယ်လို့ ပြောကြတော့လည်း ကိုယ်က လူပိုများဖြစ်နေမလားလည်း တွေးမိလာတယ်” ဟု ကိုမျိုးက ပြောသည်။

မဲဆောက်စျေးအတွင်း မြင်ကွင်း

မဲဆောက်မြို့သို့ ကာလတိုအလည်ဗီဇာဖြင့် ဒေါ်ညိုတို့သားအမိတို့ ရောက်ရှိလာသော်လည်း ရတတ်မအေးနိုင်သေးပေ။ သက်တမ်းတိုးရေး၊ အလုပ်ရရေးတို့အတွက် ပူပန်နေရဆဲဖြစ်သည်။

အာဏာသိမ်းပြီး သုံးနှစ်ကြာချိန် ထုတ်ပြန်လိုက်သည့် စစ်မှုမထမ်းမနေရဥပဒေကြောင့် လူငယ်အများစုမှာ နှစ်နိုင်ငံချစ်ကြည်ရေးတံတားများ၊ ပြည်ဝင်ခွင့်ဗီဇာများဖြင့် ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်ရန် ရွေးချယ်လာကြသလို နယ်စပ်ကနေ တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာမှုများပြားလာရာ ထိုင်းနိုင်ငံဘက်ကလည်း တင်းတင်းကျပ်ကျပ်ကိုင်တွယ်လာသည်။ 

ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန၏ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွင် ၎င်းတို့နိုင်ငံထဲ တရားမဝင် ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးရကြောင်း နေ့စဉ်နှင့်အမျှ ဖော်ပြလျက်ရှိပြီး နယ်စပ်ဂိတ်များမှ ၇ ရက်နေထိုင်ခွင့်ဖြင့် အလည်အပတ်ဝင်ရောက်မည့်သူများကိုပါ ကန့်သတ်လာသည်။

ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တနင်္သာရီနယ်စပ်ဂိတ်များကနေ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေသူများရှိသည်၊ တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရမှုများကို တာ့ခ်ခရိုင်၊ ကန်ချနဘူရီခရိုင်တို့တွင် အများဆုံး တွေ့ရကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။

ယခင်က နှစ်နိုင်ငံချစ်ကြည်ရေးတံတားပေါ်မှ အလွယ်တကူဖြတ်သန်းသွားလာ၍ ရသော်လည်း စစ်တပ်၏ စစ်မှုမထမ်းမနေရဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းတွင် ထိုင်းနိုင်ငံဘက်က စိစစ်တင်းကျပ်လျက်ရှိသည်။ မြဝတီဘက်မှ ဝင်လာမည့်သူများမှာ မဲဆောက်ဒေသခံတို့၏ အာမခံပေးနိုင်သူရှိမှသာ သွားလာခွင့်ရတော့သည်ဟု ဦးမိုးကြိုးက ပြောသည်။

“ကုန်သွယ်ရေးနဲ့ လူမှုရေးအကြောင်းရာတွေနဲ့ လာကြတဲ့သူတွေ ရတယ်။ မျက်နှာစိမ်းဆို မြဝတီဘက်ကရော၊ မဲဆောက်ဘက်ရော အာမခံပေးတဲ့သူရှိမှ ရတာ။ တံတားပေါ်က ဖြတ်လာတဲ့သူက နည်းသွားတာပေါ့” ဟု ဦးမိုးကြိုးက ပြောသည်။

သို့သော် အခြေနေအရပ်ရပ်ကြောင့် တော်လှန်ရေးတပ်ထံ မဝင်လိုသူလူငယ်များအတွက် အလွယ်ကူဆုံးရွေးချယ်မှုမှာ ထိုင်းနိုင်ငံဖြစ်နေဆဲပင်။

ထိုသို့ ရွေးချယ်သူများထဲတွင် ဟိုတယ်ဝန်ထမ်းဟောင်း ကိုလင်း*နှင့် သူ၏ဇနီးလည်း ပါဝင်သည်။

နာမကျန်းဖြစ်နေသည့် မိခင်၊ CDM လှုပ်ရှားမှုတွင် ပါဝင်အပြီး တိမ်းရှောင်နေရသည့် ဖခင်တို့ကြောင့် ကိုလင်းက တော်လှန်ရေးတပ်ဖွဲ့ထဲ ဝင်ရန် ခက်ခဲသည်။

“ကျွန်တော်လည်း စိတ်ညစ်တာ။ အမေကလည်း နေမကောင်း။ အထဲရောက်သွားပြီးမှ တိုက်မယ်ခိုက်မယ်ဆိုရင် ငါလုပ်တဲ့ဟာ အရာထင်ပါ့မလား တွေးတာပေါ့ဗျာ။ ကျွန်တော်တို့ဝင်သွားလည်း လူပိုပဲဖြစ်မှာဗျ။ အဲဒါကြောင့် ဒီဘက်ထွက်လာတာ” ဟု အသက် ၂၇ နှစ်အရွယ် ကိုလင်းက ပြောသည်။

 ကိုဗစ်ကာလအပြီး ဟိုတယ်များတွင်လည်း ကိုလင်း ပြန်မလုပ်ဝံ့တော့ပေ။

အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြရာတွင် ပါဝင်ခဲ့သူများကို ထိုဟိုတယ်များက အလုပ်ထုတ်သည်ဟု ကြားသိရသောကြောင့်ပင်။

ထို့နောက် ရရာလုပ်ငန်းများတွင်သာ လှည့်ပတ်လုပ်ကိုင်ကာ မိခင်ဖြစ်သူကို ပြုစု စောင့်ရှောက်နေစဉ် စစ်ကောင်စီတပ်ထဲ ရောက်သွားမည်ကို စိုးရိမ်သောကြောင့် ၎င်းလည်း ထွက်ပြေးရတော့သည်။

စစ်မှုထမ်းရန် အတင်းအကျပ် ခေါ်ဆောင်ခံရမည်ကို တိမ်းရှောင်နိုင်ရေးအတွက်  ထိုင်းနိုင်ငံထဲ ဝင်ရောက်ရန် ချီတက်လာသည့် လူငယ်များကို ၎င်းလာရာ လမ်းတလျှောက်တွင် မြင်တွေ့ခဲ့ရသည်ဟု ကိုလင်းကဆိုသည်။ တရားမဝင်နေထိုင်ရသဖြင့် ထိုင်းရဲတို့ ဖမ်းဆီးခြင်းအချိန်မရွေးကြုံရနိုင်သော်လည်း မဲဆောက်တွင် အလုပ်ရရန် ကိုလင်းတို့ဇနီးမောင်နှံ ကြိုးစားရှာဖွေနေသည်။

“(ငွေ)ရတာ နည်းနည်း၊ များများ လုပ်မယ်။ ဒီလိုထွက်လာတာ လိပ်ပြာလုံလားဆိုရင်တော့ လိပ်ပြာမလုံဘူး။ ရတာလုပ်ပြီး တော်လှန်ရေးကို လှူရမယ်။ အငတ်ခံပြီးတော့ကို လှူရမှာ။ အသက်ရင်းထားတဲ့ သူတွေနဲ့စာရင် ကျွန်တော်တို့က သက်တောင့်သက်သာရှိတယ်” ဟု ကိုလင်းက ပြောလိုက်သည်။

Related Articles

Back to top button