ကယားပြည်နယ် (ကရင်နီပြည်နယ်) လွိုင်ကော်မြို့၊ ကုန်းသာကျေးရွာကို လေတပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေး ၂ ဦး အပါအဝင် မိသားစုဝင် ၆ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရသွားသည်။
ဧပြီလ ၂၀ ရက် နေ့လယ် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုကြောင့် နေအိမ်တွင် သေဆုံးသွားသူများမှာ မနေမ (၃ နှစ်)၊ မောင်တို့ (၇ နှစ်)၊ မလေး (၃၅ နှစ်)၊ မညွှန့် (၄၅ နှစ်) ၊ ဒေါ်ဇွမ်း (၆၅ နှစ်) နှင့် ဦးလူ (၇၅ နှစ်) တို့ဖြစ်ကြသည်။
သားယောက်ျားလေး ၁ ဦးမှာ နေအိမ်တွင်မရှိသဖြင့် အသက်ဘေးမှ လွတ်မြောက်သွားသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
လွိုင်ကော်မြို့နှင့် မိုးဗြဲမြို့ကြားရှိ ထိုရွာကို ဗုံးကြဲမှုကြောင့် ဒဏ်ရာရသူ ၂၀ ကျော်ပြီး ပျက်စီးသွားသည့် လူနေအိမ်အရေအတွက် ၂၀ ခန့် ရှိကြောင်း သိရသည်။
စစ်ကောင်စီက ထိုရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရုရှားနိုင်ငံထုတ် Su-30 တိုက်လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံးနှစ်လုံးကြဲခဲ့ခြင်း ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဝန်ကြီးဌာနက ယနေ့ (ဧပြီ ၂၂ ရက်) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖျက်အားပြင်းဗုံးဖြင့် တိုက်ခိုက်ရသည့် အကြောင်းရင်းကို မသိရသေးပေ။
စစ်ကောင်စီက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ပြီးခဲ့သည့် ရက် ၃၀ အတွင်း ကယားပြည်နယ်တိုက်ပွဲများနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသည်ကို တွေ့ရသည်။
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဘက်မှ သေဆုံးမှု
ကရင်နီတော်လှန်ရေးတပ်များက ကုန်းသာကျေးရွာတောင်ဘက် ၅ မိုင်အကွာရှိ ပြည်နယ်မြို့တော် လွိုင်ကော်ကို ဝန်းရံပိတ်ဆို့ထားသလို အနောက်ဘက် ၄ မိုင်အကွာရှိ မိုးဗြဲမြို့ကိုလည်း သိမ်းယူထားသည်။ သို့သော်လည်း မိုးဗြဲမြို့မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာရှိ စစ်ကောင်စီ အမှတ် (၄၂၂) ခြေမြန်တပ်ရင်းကို မသိမ်းပိုက်နိုင်သေးပေ။
မိုးဗြဲဆည်နှင့် ကပ်လျက်တည်ရှိနေသည့် အဆိုပါစစ်စခန်းကို သိမ်းပိုက်နိုင်ရေး ကြိုးစားနေရာ ၂ ပတ်အတွင်း တော်လှန်ရေးတပ်ပေါင်းစုတပ်သား ၂၅ ဦး သေဆုံးသည်၊ ခြေထောက်ဆုံးရှုံးသည့် ရဲဘော် ၁၅ ဦးခန့် ရှိသည်ဟု ဒေသအခြေစိုက် ဖက်ဒရယ် FM သတင်းဌာနက ရေးသားဖော်ပြထားသည်။
KNDF ပြန်ကြားရေးအဖွဲ့ဝင်ကမူ သေဆုံးမှုအရေအတွက်ကို ပြောဆိုခြင်း မရှိပေ။
“ကျဆုံးမှုတွေကတော့ ရှိခဲ့ပါတယ်၊ စစ်ဆင်ရေးတွေကတော့ ဆက်လုပ်နေတုန်းပါပဲ၊ မပြီးပြတ်သေးပါဘူး၊ မိုးဗြဲအခြေစိုက် ၄၂၂ ကို စစ်ဆင်ရေးလုပ်နေတာ အချိန်တစ်ခုကြာလာပြီပေါ့နော်။ မကြာခင်မှာ အောင်မြင်မယ်လို့ ပြောချင်တယ်” ဟု သူက ပြောသည်။
ကရင်နီပြည်နယ်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ ကရင်နီတပ်မတော် (KA)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ် (ကလလတ)၊ ဒေသအခြေစိုက် PDF တပ်ရင်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလယ်ပိုင်းတိုင်းလက်အောက်ခံ တပ်ရင်းများက စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြသည်။
ပူးပေါင်းတပ်များသည် စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အခြေစိုက်သည့် လွိုင်ကော်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ၁၁၁၁ စစ်ဆင်ရေး အမည်ဖြင့် အင်အားအမြောက်အမြား သုံးပြီး ထိုးစစ်ဆင်ခဲ့သည်။ ရက်အနည်းငယ်အကြာတွင် လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် တပ်ရင်းနှစ်ခုမှ လက်ကျန်စစ်သား ၃၈ ဦး လက်နက်ချကြောင်း KNDF က သတင်းထုတ်ပြန်သည်။
စစ်ဆင်ရေး ၆ လနီးပါး ကြာမြင့်လာချိန်ထိ လွိုင်ကော်ဒကစကို မသိမ်းနိုင်သေးသော်လည်း မြို့ပေါ် နေရာအများစုကို ထိန်းချုပ်ထားသည်။
ကရင်နီဒေသအတွင်း မယ်စဲ့၊ ရှားတော၊ မိုးဗြဲ၊ နန်းမယ်ခုံနဲ့ မော်ချီးမြို့တို့ကို တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ထားသည်။