တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့အပြင် ယင်းမြို့နှင့်ကပ်လျက်ရှိ ကလေးမြို့နယ်ကို ယနေ့ (ဧပြီ ၂၂) နံနက်တွင် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၃ ဦးသေဆုံးပြီး ၉ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောကြသည်။
လူအများအိပ်မောကျနေချိန် နံနက် ၂ နာရီ ဝန်းကျင်ခန့်တွင် အထက်ပါနှစ်နေရာကို ဗုံးကြဲချခဲ့ခြင်း ဖြစ်သည်ဟု သိရပြီး ခမ်းပါတ်မြို့တွင် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကာ ကလေးမြို့နယ်၊ စော်ဘွား (ရေရှင်) ရွာနေ အမျိုးသမီး ၁ ဦး သေဆုံးခဲ့သည်။
သေဆုံးသူများမှာ ခမ်းပါတ်မြို့၊ အမှတ် (၁) ရပ်ကွက်မှ အသက် ၁၈ နှစ်အရွယ် မကျိန်ရှင့်နွမ်းနှင့် အသက် ၃၈ နှစ်အရွယ် ဦးပေါင်လိန်းထန်း၊ ကလေးမြို့နယ်တွင် အသက် ၄၀ အရွယ် ဒေါ်ငိုက်ရှန်းလွန်တို့ ဖြစ်ကြသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် ခမ်းပါတ်ဒေသခံတစ်ဦးက လေယာဉ်က ကြဲချသော ဗုံး ၂ လုံးမှာ လူနေရပ်ကွက်အတွင်း တိုက်ရိုက်ကျရောက်ခဲ့ပြီး ပေါက်ကွဲသောအရှိန်ကြောင့် အလောင်းများ လွင့်စဉ်သွားခဲ့သည်ဟု ဆိုသည်။
“အမျိုးသားက ခေါင်းပြတ်သွားတယ်။ အမျိုးသမီးတစ်ဦးလည်း သေတယ်။ အမှတ် ၁ မှာက ဗုံး ၂ လုံးလောက် ကျသွားတယ်။ အိမ်ကို ဗုံးကျတော့ ဗုံးအရှိန်နဲ့ လွင့်သွားတာ။ သေတဲ့သူတွေက တစ်အိမ်တည်းမဟုတ်ဘူး။ လွင့်ထွက်သွားတော့ အလောင်းက သူများခြံဝင်းထဲကို ရောက်သွားတာ“
ပေါက်ကွဲမှုကြောင့် နန်းစံပြရပ်ကွက်မှ အသက် ၆၀ ကျော်အရွယ် သက်ကြီးရွယ်အို ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုသူများကို ကူညီပေးနေသူများထံမှ သိရသည်။
ဗုံးကျသည့် အမှတ် (၁) ရပ်ကွက်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေစိုက်ခဲ့ပြီး လူနေစိပ်ကာ အမှတ် (၄) ရပ်ကွက်အနီးရှိ နန်းစံပြရပ်ကွက်မှာမူ ရပ်ကွက်အသစ်ဖြစ်ကာ လူနေကျဲပါးသည်ဟု ဆိုကြသည်။
တစ်ချိန်တည်းမှာပင် ခမ်းပါတ်မြို့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ကလေး-တမူးကားလမ်းပေါ်ရှိ စော်ဘွား (ရေရှင်) ရွာနှင့် အနီးရှိ ဇိုလင်းရွာတို့ကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် စော်ဘွား (ရေရှင်) ရွာနေ ဒေါ်ငိုက်ရှန်းလွန် သေဆုံးခဲ့သည်။
အထက်ပါနှစ်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူအပြင် အရပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့နံနက်အစော လေကြောင်းမှ တိုက်ခိုက်ခံရသော နေရာနှစ်ခုလုံးတွင် တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိဘဲ ပြီးခဲ့သည့်ရက်ပိုင်းက ကလေးမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီက စစ်ကြောင်းထိုးနေခြင်းသာ ရှိသည်ဟု ဒေသခံများက ဆိုကြသည်။
“ဘာထူးထူးထွေထွေမှမရှိဘူး။ ဒီအတိုင်းပဲ လာကြဲသွားတာ။ ညကြီးဆိုတော့ လေယာဉ်သံကြားပြီး မကြာဘူး…ဗုံးကြဲတာ။ အိမ်တွေဘာတွေ တုန်သွားတာပေါ့။ ပြီးတော့ လေယာဉ်သံက ပျောက်သွားတာ။ နောက်တစ်ခေါက် ပြန်ဝဲလာသေးတယ်။ ကြဲတဲ့အသံတော့ မကြားရတော့ဘူး” ဟု ခမ်းပါတ်မြို့နှင့် ကပ်လျက်ရှိ ကနန်ရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ခမ်းပါတ်မြို့မှ နေအိမ် ၄ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး ကလေးမြို့နယ် ကျေးရွာနှစ်ရွာအခြေအနေ မသိရသေးပေ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များက စစ်ကိုင်းတိုင်းအတွင်း ခမ်းပါတ်၊ မော်လူး၊ ရွှေပြည်အေး ၃ မြို့ကို သိမ်းယူထားရာ ယမန်နှစ် နိုဝင်ဘာကတည်းက ခမ်းပါတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
NUG သိမ်းထားသည့် မြို့ ၃ မြို့
မြို့ကို ထိန်းချုပ်လိုက်ပြီးနောက် လပိုင်းအကြာ ယခုနှစ် ဇန်နဝါရီလဆန်းတွင် ခမ်းပါတ်မြို့နှင့် ကပ်လျက်ရှိ ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၉ ဦး အပါအဝင် အရပ်သား ၁၇ ဦး သေဆုံးခဲ့ရသည်။
ခမ်းပါတ်မြို့ကို လက်လွှတ်ခဲ့ရသည့် စစ်တပ်က မြို့ကို ပြန်လည်ရရှိရေး ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက မြေပြင်ထိုးစစ်ဆင်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုများက ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ပြန်ဆုတ်ခွာခဲ့ရသည်။ ထို့နောက် နှစ်ဆန်းမှ စတင်ကာ ခမ်းပါတ်မြို့ကို မြေပြင်စစ်ကြောင်းမထိုးတော့ဘဲ မြို့နှင့်အနီးတစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
ခမ်းပါတ်နှင့် ကပ်လျက်ရှိ ကလေးမြို့နယ်တွင် ဖေဖော်ဝါရီလကုန်မှ စတင်ကာ စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား စစ်ရေးတင်းမာနေသဖြင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေရပြီး ခမ်းပါတ်မြို့တွင်လည်း ကလေးမြို့မှ စစ်ဘေးရှောင်လာသူ ၅၀၀ ခန့်ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ကလေးမြို့နယ် မြောက်ပိုင်းတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က မီးရှို့မှုကြောင့် ပျဉ်းခုံကြီးရွာမှ ခရစ်ယာန်ဘုရားကျောင်းများအပါအဝင် အိမ်ခြေ ရာနှင့်ချီ ပြာကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကလေးမြို့မြောက်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းသည် လက်ပံချောင်းရွာအနောက်ဘက်တောင်ခြေရှိ မိုင်နွှဲရွာဘက်သို့ ရောက်ရှိနေကြောင်း သိရသည်။ စစ်ကောင်စီစစ်ကြောင်းထိုးနေသည့်နေရာနှင့် လေကြောင်းတိုက်ခိုက်ခဲ့သည့် ကျေးရွာမှာ မိုင် ၃၀ ခန့် ကွာဝေးသည်။
“(စော်ဘွားရေရှင်) မှာ တိုက်ပွဲဖြစ်ပွားခြင်းလုံးဝမရှိပါဘူး။ စကစကတော့ သူတို့လာချချင်တဲ့နေရာတွေ အခန့်မသင့်ရင် မသင့်သလို လာချတာလို့ပဲ ထင်ပါတယ်” ဟု ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းတွင် ကောလင်း၊ ခမ်းပါတ်၊ ရွှေပြည်အေးနှင့် မော်လူးမြို့တို့ကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်သဖြင့် ယခုနှစ်ဆန်းပိုင်းတွင် ကောလင်းမြို့ကို ပြန်လည်လက်လွှတ်ခဲ့ရသည်။
ရွှေပြည်အေးမြို့ကို ပြန်လည်ရရှိရေး စစ်တပ်က ထိုးစစ်ဆင်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုများ တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီးနောက် လက်ရှိအချိန်ထိ တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။
ထို့ပြင် ရွှေပြည်အေး တောင်ဘက် ချင်းတွင်းမြစ်ကမ်းဘေးတစ်လျှောက် စစ်ကောင်စီတပ်စွဲထားရာ ကျေးရွာများကို တော်လှန်ရေးအင်အားစုများက ယခုလဆန်းအတွင်း ထပ်မံသိမ်းပိုက်ခဲ့ပြီး ရွှေပြည်အေးနှင့် ဖောင်းပြင်မြို့နယ်စပ် မြစ်ကြောင်းကို နယ်မြေစိုးမိုးထားသည်။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ မော်လူးမြို့ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားဆဲဖြစ်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။