ဆောင်းပါး

စစ်ကိုင်းတိုင်းအတွင်းမှ သွေးစွန်းတနင်္ဂနွေ

စစ်ကောင်စီတပ်များသည် ရှမ်းမြောက်တွင် အစုလိုက်အပြုံလိုက် လက်နက်ချနေသော်လည်း စစ်ကိုင်းတွင်မူ အရပ်သားများကို ဗုံးကြဲပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည်။

ဇန်နဝါရီ ၇ တနင်္ဂနွေနေ့က ဘုရားကျောင်းတက်ရန် ပြင်ဆင်နေသူများ၊ စာသင်ကျောင်းအနီး ကွင်းထဲတွင် ဘောလုံးကန်သူ၊ ကြည့်ရှုအားပေးသူ ကလေးငယ်များဖြင့် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ထဲမှ ကနန်ရွာ၏ နံနက်ခင်းက စည်ကားနေသည်။

သို့သော် နံနက် ၁၀ နာရီခွဲ ဝန်းကျင်တွင် လေယာဉ်သံကြားလိုက်ပြီး မကြာမီ ထွက်ပေါ်လာသော ဗုံးကြဲတိုက်ခိုက်မှုက ပျော်စရာကောင်းသည့်၊ အေးချမ်းသည့် နံနက်ခင်းကို ဖျက်ဆီးလိုက်သည်။

ဗုံးဒဏ်ကြောင့် ကနန်ရွာခံ ၁၇ ဦး သေဆုံးခဲ့ရသည်။ ၎င်းတို့အနက် ၉ ဦးမှာ ကလေးငယ်များဖြစ်ကြသည်။

ဘုရားကျောင်းတက်သူများနှင့် စည်ကားနေချိန် ဖြစ်သောကြောင့် ထိခိုက်သူ များပြားခဲ့ခြင်းဖြစ်ကြောင်း ကနန်ရွာခံများက ဆိုသည်။

“ဘုရားကျောင်းတက်တဲ့အချိန်က တစ်ကျောင်းနဲ့တစ်ကျောင်း မတူဘူး။ ဆင်းတဲ့သူနဲ့ တက်မယ့်သူနဲ့ အသွားအလာ နည်းနည်းများတဲ့အချိန်။ ပထမအချိန်က လမ်းကြားမှာ ရုတ်တရက်ကြီး လေယာဉ်သံကြားပြီး ဗုံးသံကြားသွားတာ” ဟု ကနန်ရွာခံ တစ်ဦးက ပြောပြသည်။

“အဲ့ဒီတော့ ပြေးတဲ့သူကပြေး၊ ပုန်းတဲ့သူကပုန်း။ တစ်ရွာလုံး အဲ့ဒီလိုဖြစ်သွားတဲ့အခါမှာ … နောက်တစ်ချက် ဘုရားကျောင်းဘေးမှာ ပြန်လာချတာ”

ဤသို့ဖြင့် လက်နက်ကိုင်ခုခံမှု အားကောင်းသော စစ်ကိုင်းတိုင်းတွင် အရပ်သားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ထပ်မံ ပေါ်ပေါက်လာသည်။

ချင်းတိုင်းရင်းသားအများစုနေထိုင်သော၊ အိန္ဒိယ-မြန်မာချစ်ကြည်ရေး ကားလမ်းပေါ်တွင် ရှိသော ထိုရွာတွင် အများစုက စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသည်။ ရွာနှင့် မိုင် ၃၀ ခန့် အကွာတွင် စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် တမူးမြို့ ရှိသည်။ ရွာတောင်ဘက် ချောင်းကူးတံတားတစ်ခုသာ ခြားသည့် ခမ်းပတ်မြို့ကိုမူ အမျိုးသားညီညွတ်ရေးအစိုးရက ထိန်းချုပ်ထားသည်။

တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်နေရာပြ မြေပုံ။

ထိုနေ့က မြေပြင်တိုက်ပွဲမရှိဘဲ ကနန်ရွာ အမှတ် (၅) ရပ်ကွက်ရှိ အထက်တန်းကျောင်းခွဲနှင့် အနီးဝန်းကျင်ကို ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီခွဲ ဝန်းကျင်တွင် လေကြောင်းမှ နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စာသင်ကျောင်းနှင့်အနီးဝန်းကျင်ကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ချိန်တွင် ကျောင်းနှင့်ကပ်လျက်ရှိ စိန့်ပီတာဘုရားကျောင်းတွင် ဝတ်ပြုသူများ ကြောက်အားလန့်အားဖြင့် ထွက်ပြေးကာ ဘေးလွတ်ရာ ရှောင်ပြေးပုန်းကြရသည်။

ပထမအကြိမ်ဗုံးကြဲပြီး ၅ မိနစ်ဝန်းကျင်မှာပင် ထိုနေရာနှင့် မလှမ်းမကမ်းကိုပင် တစ်ကျော့ပြန် ဗုံးကြဲပြန်သည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတို့၏ ရုပ်အလောင်းများကို ဘုရားကျောင်း အနောက်ဘက်လမ်း အနီးဝန်းကျင်ရှိ နေအိမ်နှင့် ဘောလုံးကွင်းအနီးတို့တွင် တွေ့ရှိခဲ့ရကြောင်း ဇန်နဝါရီ ၇ ရက်နေ့က ထိုနေရာသို့ ရောက်ခဲ့သည့် ကနန်ရွာ ဒေသခံ နောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။

“ဘောလုံးကန်တဲ့နှစ်ယောက်က ကျောင်းဝင်းထဲမှာ တွေ့တယ်။ နံကပ်တိုက်အိမ်ထဲမှာ ၃ ယောက်၊ ပျဉ်ထောင်အိမ်ထဲမှာ လည်း တွေ့တယ်။ မန်ကျည်းပင်အောက်မှာလည်း တွေ့တယ်။ သူတို့ ကြောက်လို့ ပုန်းနေကြတာ။ ဘုရားကျောင်းတက်တယ်ဆိုတော့ ဘုရားကျောင်းကနေ ထွက်ပြေးကြတာ” ဟု အထက်ပါအမျိုးသားက ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရသည့် နေရာနှင့် တစ်ဖာလုံခန့်သာ ကွာဝေးသည့် အိမ်မှ ဘုရားကျောင်းသို့ သွားရန် ပြင်ဆင်နေစဉ် လေကြောင်းမှ ပစ်ခတ်သံကို ကြားလိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားခဲ့ရသည့် ကနန်ရွာ။

ဒေသခံများ Myanmar Now ကို ပေးပို့ခဲ့သည့် ရုပ်သံမှတ်တမ်းတစ်ခုတွင် လေယာဉ်ပျံသန်းသွားသည်ကို တွေ့မြင်ရပြီးနောက် လူများကြောက်လန့်တကြား ထွက်ပြေးနေချိန်တွင် နောက်တစ်ကြိမ် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ မီးခိုးလုံးများထွက်လာသည်ကို တွေ့ရသည်။

အခြားရုပ်သံမှတ်တမ်းတစ်ခုတွင်လည်း သွေးအလိမ်းလိမ်းဖြင့် အမျိုးသမီး ၂ ဦး လမ်းပေါ် လဲကျနေပြီး ခြေထောက်များပြတ်ထွက်လုနီးပါး ဒဏ်ရာအပြင်းအထန်ရရှိထားသည်ကို တွေ့ရသည်။

သေဆုံးသူ ၁၇ ဦးအနက် ၁၅ ဦးကို ရုပ်အလောင်းကောက်ယူနိုင်ခဲ့ကြောင်း၊ ကျန် ၂ ဦးမှာ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းတချို့သာ ကောက်ယူနိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သည့် ကနန်ရွာခံ အမျိုးသားက ဆိုသည်။

“နှစ်ယောက်ကတော့ မပြောကောင်း မဆိုကောင်းပုံစံပေါ့ကွာ၊ တချို့က ခြေထောက်အဖျားလေးနဲ့၊ လက်ဖျားလေးနဲ့ အူလေးတွေ ကျန်တာပေါ့။ အဲ့လိုလေးတွေပေါ့။ တွေ့တာတွေပဲ ကောက်ကြရတာပေါ့” ဟု သူက ဆိုသည်။

“အဲ့ဒါကို ကျွန်တော်တို့ ဒါက ဘယ်သူဖြစ်နိုင်တယ်ဆိုတာကို သူ့မိသားစုနဲ့ ဘေးမှာ သေတဲ့အလောင်းနဲ့ ရွာထဲကလူတွေကိုစေလွှတ်ပြီးမှ ဒါက မိန်းကလေးလား၊ ယောက်ျားလေးလား။ ဘယ်သူ့အလောင်းဖြစ်နိုင်လဲဆိုပြီးမှ အဲ့လိုပဲ အတည်ပြုတာပေါ့”

မိသားစုဝင်များ၏ ပြောကြားချက်နှင့် ပျောက်ဆုံးနေသူများကို တိုက်ဆိုင်စစ်ဆေးချက်အရ သက်ကြီးပိုင်းတစ်ဦးနှင့် လူငယ်တစ်ဦး၏ ခန္ဓာကိုယ်အပိုင်းအစများ ဖြစ်သည်ဟု အတည်ပြုထားကြောင်း အထက်ပါ ရွာခံက ဆိုသည်။

ဒေသခံများ ကောက်ယူထားသည့်အချက်အလက်များအရ ထိခိုက်ဒဏ်ရာရသူ၏ ထက်ဝက်ကျော်မှာလည်း ကလေးသူငယ်များပင်ဖြစ်သည်။ ဒဏ်ရာရသူ ၁၉ ဦးအနက် အသက် ၁၇ နှစ်အောက် ၁၁ ဦးပါဝင်ပြီး အများစုမှာ ဘောလုံးကွင်းအနီး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ကလေးတွေက မနက်စောစောမှာ ဆန်းဒေးစကူးတက်ကြတယ်လေ။ ၇ နာရီခွဲလောက်မှာ။ ဆင်းလည်းဆင်းရော ထမင်းမစားခင် ကစားကြတာ။ တချို့လည်း သူတို့အကိုတွေ ကစားတာ ကြည့်တဲ့သူကကြည့်၊ ကျောင်းဝင်းထဲမှာ အကျယ်ကြီးရှိတာလေ။ အဲ့ဒီမှာ ကစားတဲ့ကလေးတွေ ထိတာများတယ်”

ဒဏ်ရာရသူများမှာ ကလေးမြို့သို့ သွားရောက်ကုသရန် မလွယ်ကူသည့်အတွက် အနီးဝန်းကျင်တွင်ပင် ကုသမှုခံယူနေရပြီး ဆေးဝါးမလုံလောက်မှုနှင့် ရင်ဆိုင်နေကြရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရာတွင် ကလေးငယ်များလည်း ပါဝင်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အထက်တန်းကျောင်းမှ စာသင်ဆောင်တစ်ဆောင် ပျက်စီးသွားပြီး ကပ်လျက်ရှိ စိန့်ပီတာ ဘုရားကျောင်းနှင့် နေအိမ် ၈ လုံးနီးပါးလည်း ပျက်စီးခဲ့သည်။

“ဗုံးက တော်တော်ပြင်းတယ်။ အိမ်တွေတောင် အရိုးတိုင်ပဲ ကျန်တဲ့အထိ ဖြစ်သွားတယ်။ ဘယ်လောက်ပြင်းမယ်ဆိုတာတော့ မပြောတတ်ဘူး။ အိမ်ပေါ်မှာ တိုက်ရိုက်မကျပေမဲ့လည်း အရိုးတိုင်တွေလောက်ပဲ ကျန်တဲ့အထိ ပျက်စီးသွားတယ်” ဟု ဒေသတွင်းလှုပ်ရှားသည့် တော်လှန်ရေးအင်အားစုတစ်ခုဖြစ်သည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (အထက်ချင်းတွင်းဒေသ) CNO (UCR) ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ထိုနေ့က ပြည်သူ့ကာကွယ်ရေးအဖွဲ့ သင်တန်းဆင်းပွဲပြုလုပ်ရန် စီစဉ်ထားရှိသည့် သတင်းပေါက်ကြားသဖြင့် လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု သတင်းတချို့ ထွက်ပေါ်နေသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပြီးတွင် စာသင်ကျောင်းနှင့် ဘုရားကျောင်းအနီးတစ်ဝိုက်မှ ဒေသခံ ၃၀၀ နီးပါးမှာ လေကြောင်းရန် ကြောက်ရွံ့သဖြင့် ဘေးလွတ်ရာ တောတောင်နှင့် အနီးဝန်းကျင်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူများ၏ နာရေးအခမ်းအနားကို လေကြောင်းရန်ကြောင့် ဇန်နဝါရီ ၇ ရက်နေ့ ညနေပိုင်းတွင် စုပေါင်း မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

ကနန်ရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများ။

တိုက်ပွဲသတင်းများကို အမှောင်ချလေ့ရှိသည့် စစ်ကောင်စီက ကနန်ရွာတွင် လေကြောင်းတိုက်ခိုက်မှု မရှိခဲ့ကြောင်း ငြင်းဆန်သည်။ ကနန်ရွာကို‌ စစ်တပ်က လေကြောင်းမှ ဗုံးကြဲသည်မှာ သတင်းအမှားသာဖြစ်ကြောင်း၊ ဇန်နဝါရီ ၇ ရက်နေ့ နံနက်ပိုင်းက လေကြောင်းပျံသန်းမှုမရှိကြောင်း သတင်းထုတ်ပြန်သည်။

အသက် ၄၀ အရွယ် ကနန်ရွာခံ အမျိုးသားက စစ်ကောင်စီ၏ ထိုတုံ့ပြန်ချက်မှာ လိမ်လည်ပြောဆိုမှုဟု မှတ်ချက်ပြုသည်။

“မြန်မာနိုင်ငံအတွင်းမှာ တိုက်လေယာဉ်ပိုင်တာ သူတို့ပဲ ရှိတယ်လေ။ တခြားသူမှ မရှိတာ။ သူတို့မဟုတ်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ လူအယောက် ထောင်ဂဏန်း၊ သောင်းဂဏန်းက (လေယာဉ်) လာတယ်ဆိုတာ မြင်နေရတာကြီးကို။ ဒါကတော့ သူတို့မဟုတ်တဲ့ဟာပြောတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုဒေသခံက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီး ကန့်ကွက်ဆန္ဒပြသူများကို လမ်းပေါ်တွင် ပစ်သတ်ရာမှ ဒေသအများအပြားတွင် လက်နက်ကိုင် ခုခံတော်လှန်မှု ပေါ်ပေါက်လာရာ စစ်ကိုင်းတိုင်းသည် တော်လှန်ရေးအားကောင်းသည့် ဒေသ ဖြစ်လာသည်။

စစ်တပ်က အာဏာသိမ်းချိန်မှ ၂၀၂၃ ဩဂုတ်လအထိ လေကြောင်းတိုက်ခိုက်မှု ၉၀၂ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၆၈၇ ဦးသေဆုံးခဲ့ကြောင်း အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထိုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ကနန်ရွာ စာသင်ကျောင်း။

အစီရင်ခံစာပါ အချက်အလက်များအရ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုများပြားလာပြီး ထိုလေကြောင်းတိုက်ခိုက်မှု၏ ထက်ဝက်နီးပါးမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ရှစ်လတာ ကာလအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို ပြီးခဲ့သည့်နှစ် ဧပြီ ၁၁ ရက်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ၆ လသားအရွယ် ကလေးငယ်အပါအဝင် ကလေး၊ လူကြီး ၁၅၀ ကျော် သေဆုံးခဲ့ရာ အရပ်သားထိခိုက်သေဆုံးမှု အများဆုံးဖြစ်စဉ်ဖြစ်သည်။

လက်နက်အင်အားကောင်းသည့် ရှမ်းမြောက်ဒေသ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ရင်ဆိုင်ရစဉ် အစုလိုက် အပြုံလိုက် လက်နက်ချခဲ့သော စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းတွင်မူ အရပ်သားများ ရှိနေသည့် နေရာများကို မဆင်မခြင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

အရပ်သားများကို ပစ်မှတ်ထားခဲ့သည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ကနန်ရွာခံ အမျိုးသားက အောက်ပါအတိုင်း မှတ်ချက်ပြုလိုက်သည်။

“တစ်ရွာလုံးက စိတ်ထဲမှာ မျက်ရည်ကျကြတာ။ ဒီလိုမျိုးကတော့ မဖြစ်စေချင်ဘူး။ ကိုယ့်နိုင်ငံသားအချင်းချင်း ပြည်သူတွေပေါ်မှာ ဒီလိုမလုပ်သင့်ဘူး”

Show More

Related Articles

Back to top button