သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း အမျိုးသမီး Julie Bishop ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်အဖြစ် ကုလအထွေထွေအတွင်းရေးမှုးချုပ်က လွန်ခဲ့သည့် ဧပြီ ၅ ရက်နေ့က ခန့်အပ်လိုက်ခြင်းနှင့် စပ်လျဉ်း၍ သဘောထားအမျိုးမျိုးထွက်ပေါ်နေသည်။
ပြီးခဲ့သည့်နှစ် ဇွန်လကတည်းက လစ်လပ်နေသည့် ထိုရာထူးအတွက် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း Julie Bishop ကို ခန့်အပ်လိုက်ခြင်းကို လက်ရှိ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong နှင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Linda Thomas-Greenfield, ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric တို့က ကြိုဆိုခဲ့ကြသည်။
သြစတြေးလျအမျိုးသားတက္ကသိုလ်၏ လက်ရှိအဓိပတိဖြစ်သူ Julie Bishop သည် ကျယ်ပြန့်သော နိုင်ငံရေးနှင့် ဥပဒေရေးရာအတွေ့အကြုံ၊ စီမံခန့်ခွဲမှုနှင့် အကြီးတန်းခေါင်းဆောင်မှုဆိုင်ရာ အတွေ့အကြုံများရှိသည်ဟု Stephane Dujarric က ဆိုသည်။
အခြားသူများအတွက်မူ Bishop ကို ရွေးချယ်ခန့်ထားမှုသည် မမျှော်လင့်သော ခန့်အပ်မှုဖြစ်လာသည်။
မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ဟောင်း Chris Lamb က Bishop မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်ဖြစ်လာခြင်းသည် အံ့အားသင့်ဖွယ်ဖြစ်ပြီး ကုလသံတမန်အသစ်သည် အာဆီယံနိုင်ငံတစ်ခုခုမှ တစ်စုံတစ်ဦးဖြစ်မည်ဟု မျှော်လင့်ခဲ့သည်ဟု ဆိုသည်။
“သံတမန်သစ်ဟာ အာဆီယံနိုင်ငံထဲက တစ်ယောက်ယောက်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့တာပါ၊ ဒါပေမဲ့ မြန်မာနိုင်ငံထဲကဆိုးရွားတဲ့ ပဋိပက္ခတွေအတွက် ဘက်ပေါင်းစုံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး မြန်မြန်ဆန်ဆန်ထူထောင်ပြီး လှုပ်ရှားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု Chris Lamb က ပြောသည်။
Bishop ကို ခန့်အပ်မှုသည် သြစတြေးလျ လူ့အခွင့်အရေးလှုပ်ရှားသူများအတွက် ဝေဖန်မှုများ ဖြစ်စေခဲ့သည်။ လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့ Human Rights Watch ၏ ကိုယ်စားလှယ်ဟောင်း Sophie McNeill ကမူ “လူ့အခွင့်အရေးကိစ္စတွေနဲ့ပတ်သက်ပြီး Bishop ဟာ ကျွန်တော့်အတွက် ဆွဲဆောင်မှုမရှိတဲ့ သူတစ်ယောက်ပါ” ဟု ဆိုသည်။
နိုင်ငံခြားရေးဝန်ကြီးဟောင်း Bishop သည် အခြားနိုင်ငံများမှ ပဋိပက္ခများကြောင့် ထွက်ပြေးလာသည် ဒုက္ခသည်များကို ကမ်းလွန်ပင်လယ်ပြင်တွင် ဆောက်ထားသော ထိန်းချုပ်ရေးစခန်းများတွင် ထည့်ထားရမည်ဆိုသည့် ဩစတေးလျအစိုးရ၏ သဘောထားအတိုင်း ရပ်တည်နေခြင်းကြောင့် လူသိများသည်ဟု ဒိန်းမတ်နိုင်ငံ နိုင်ငံတကာလေ့လာရေးဌာနမှ Dr Justine Chambers က ပြောသည်။
“ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ကမ်းလွန်ထိန်းသိမ်းရေးစခန်းတွေမှာ ထားရမယ်ဆိုတဲ့ သြစတြေးလျအစိုးရရဲ့ မူဝါဒကို ကာလရှည်ကြာစွာ ရပ်တည်ခဲ့တဲ့အတွက် လူသိများပါတယ်” ဟု နိုင်ငံတကာလေ့လာရေးဌာနမှ Dr Justine Chambers က မှတ်ချက်ပေးခဲ့သည်။
“မြန်မာနိုင်ငံက ပြည်သူတွေရဲ့ စကားကို နားထောင်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေကို အမှန်တကယ် အလေးထားမယ့်သူကို ရှာနေတယ်ဆိုရင်တော့ Bishopကို ဘာ့ကြောင့်ရွေးချယ်ခဲ့သလဲဆိုတာ ကျွန်တော့်အတွက် ရှင်းရှင်းလင်းလင်း မရှိပါဘူး”
Julie Bishop သည် AusAid ခေါ် ဩစတြေးလျ၏နိုင်ငံတကာအကူအညီများပေးရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြုလုပ်သည့် ဝန်ကြီးအဖြစ် လူသိများသည်။
၂၀၁၉ ခုနှစ်တွင် အစိုးရဝန်ကြီးအဖြစ်မှ နုတ်ထွက်ပြီးနောက် Palladium ကုမ္ပဏီတွင် အကြီးတန်းတာဝန်ဖြင့် အလုပ်ဝင်လုပ်သည့်အခါ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ကျင့်ဝတ်များကို ချိုးဖောက်ခဲ့သည်ဟု အတိုက်အခံနိုင်ငံရေးပါတီတာဝန်ရှိသူများက ဝေဖန်ခဲ့ကြသည်။
Palladium သည် ဩစတြေးလျနိုင်ငံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးမူဝါဒ၏ အကြီးမားဆုံး အကျိုးခံစားခွင့်များရနေသည့် ပုဂ္ဂလိက ကန်ထရိုက်တာလည်း ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Scot Marciel ကလည်း ကုလအထူးသံတမန်သစ် Bishop ၏ စွမ်းဆောင်နိုင်မှုအပေါ် သံသယရှိနေသည်။
“ပြဿနာက ကုလကိုယ်စားလှယ်ဘယ်သူဆိုတာ မဟုတ်ဘူး၊ သူလုပ်ရမယ့် ညှိနှိုင်းရေးဆိုတဲ့အလုပ်ပဲ။ ဒါဟာ လုံးဝလက်တွေ့မဖြစ်နိုင်တဲ့ ကိစ္စဖြစ်နေလို့ပါ။ စစ်ဗိုလ်ချုပ်တွေဟာ အာဏာကို ဆုပ်ကိုင်ထားဖို့ ဘယ်အရာကိုမဆို လုပ်မှာပါ။ တော်လှန်သူတွေဘက်ကလည်း ဒါကိုလက်ခံမှာမဟုတ်ဘဲ စစ်တပ်ကို ဖြုတ်ချတာထက် လျော့နည်းတဲ့နည်းလမ်းကို လမ်းခံမှာ မဟုတ်ပါဘူး”
“စစ်တပ်က အားနည်းလွန်းတော့ ထွက်လမ်းကို တက်တက်ကြွကြွ မရှာမချင်း အလားအလာရှိတဲ့ အပေးအယူ အလျှော့အတင်းကို မြင်ဖို့ခက်ပါတယ်။ အထူးသံတမန်လုပ်နိုင်တဲ့ အဆိုးဆုံးကတော့ ဗိုလ်ချုပ်တွေကို ကျိုးကြောင်းဆီလျော်စွာ စည်းရုံးဖို့ မျှော်လင့်ပြီး နေပြည်တော်ကို အပြေးအလွှားသွားတာပါပဲ။ စစ်ဗိုလ်ချုပ်တွေကလည်း ဒီလိုကုလသံတမန်လာလည်တာကို အကြောင်းပြုပြီး သူတို့တိုကို နိုင်ငံတကာက အသိအမှတ်ပြုကြောင်း အသုံးချမယ်။ ဒါပါပဲ။ ဒါကြောင့် သံတမန်သစ်ဟာလည်း မအောင်မြင်တဲ့ခရီးမှာ ရှည်လျားစွာပါဝင်နေဦးမှာပါ”
သို့သော်လည်း သံတမန်သစ်ကို အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဟု မျှော်လင့်ထားသူများလည်း ရှိနေသည်။
သြစတြးလျ New South Wales တက္ကသိုလ်မှ ဒေါက်တာ Morten Pedersen ကမူ အချိတ်အဆက်၊ ကွန်ရက်ကောင်းများ တည်ဆောက်ထားနိုင်သည့် သံတမန်သစ်သည် ငြိမ်းချမ်းရေး၊ လက်တွေ့ကျမှုတို့ကို ဦးစားပေးသည့် နိုင်ငံမှ ဖြစ်သည်ဟု ထောက်ပြသည်။
မြန်မာ့ပဋိပက္ခများကို လေ့လာဆန်းစစ်နေသူ David Matheison ကမူ Bishop အနေဖြင့် မြေပြင်အထိ သွားရောက်ကာ စစ်ကောင်စီကို တော်လှန်နေသည့် အင်အားစုများနှင့် ထိတွေ့ဆက်ဆံပြီး လိုက်လျောညီထွေဖြစ်စေမည့် နည်းဗျူဟာကို အသုံးပြုသင့်သည်ဟု ဆိုသည်။
သို့သော် သံတမန်သစ်သည် နိုင်ငံတကာအသိုက်အဝန်းကို ပြင်ဆင်ရာတွင် မြန်မာနိုင်ငံသစ်အတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နိုင်သည်ဟုလည်း David Matheison က အကြံပြုထားသည်။
ထို့ပြင် Bishop သည် အဘက်ဘက်မှ ပိတ်ဆို့ထားသည့် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရာတွင် မကျော်လွှားနိုင်သည့် စိန်ခေါ်မှုများတွက် ပရော်ဖက်ရှင်နယ်အရည်အသွေးကိုလည်း ပြနိုင်ရန်လိုသည်ဟု David Matheison က ဆိုသည်။
Bishop ၏ ရှေ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်မှာ စင်ကာပူနိုင်ငံသူ နိုလင်းဟေဇာဖြစ်သည်။ ၂၀၂၁ ခုနှစ်အောက်တိုဘာလတွင် ခန့်အပ်ခံခဲ့ရပြီး တာဝန်ထမ်းဆောင်ချိန် လပေါင်း ၂၀ သာ ရှိခဲ့သည်။ သူ့မတိုင်မီ ကုလအထူးကိုယ်စားလှယ်ဖြစ်သူ Christine Schraner Burgener ၏ သက်တမ်းထက်ဝက်ပင် မရှိပေ။
နိုလင်းဟေဇာ ကုလသမဂ္ဂအထူးသံတမန်အဖြစ် တာဝန်ယူစဉ် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တစ်ကြိမ်တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုတွင် အရပ်သားပစ်မှတ်များကို မတိုက်ခိုက်ရန်၊ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးမှုမလုပ်ရန် တောင်းဆိုခဲ့သည်။
စစ်ခေါင်းဆောင်ကမူ အရပ်သားပစ်မှတ်များကို တိုက်ခြင်းမဟုတ်၊ နေအိမ်များကို မီးရှို့သူများမှာ ယင်းလက်အောက်ခံ တပ်သားများမဟုတ်ဟု တုံ့ပြန်ခဲ့သည်။