အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု Myanmar Now က စုံစမ်း သိရှိရသည်။

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု Myanmar Now က စုံစမ်းသိရသည်။

အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။ 

အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။

နိုင်ငံရေးအရအရကိုယ်စားပြုသည့် မြန်မာကိုယ်စားလှယ်များ အာဆီယံထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် အာဆီယံက ပိတ်ပင်ထားသည်။ ထိုအချက်ကို သြစတြေးလျက လိုက်နာနေသည်ဟု ဆိုသည်။

ဩစတြေးလျ ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံ၏ ဆိုးရွားလွန်းသည့် အခြေအနေများကို စိုးရိမ်နေပြီး အကြမ်းဖက်မှုများရပ်ရန်၊ ဖမ်းဆီးထားသူများကို လွှတ်ပေးရန်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးနိုင်ရန်၊ တွေ့ဆုံဆွေးနွေးကြရန် တောင်းဆိုထားသည်ဟု ဆိုသည်။

ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်သို့ ပညာရှင်များ၊ တတ်သိပညာရှင်များ၊ စီးပွားရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများလည်း တက်ရောက်ကြမည်ဖြစ်သည်။ ထိုဖိုရမ်သို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တက်မည်၊ မတက်မည်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

UMFCCI ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တရားမဝင်အဖွဲ့အစည်းအဖြစ် မကြာသေးမီက ကြေညာခဲ့ပြီး အဖွဲ့ဝင် ၆၄ ဦးကိုလည်း အမည်ပျက်စာရင်းသွင်းထားသည်။

ရေကြောင်း ပူးပေါင်းဆောင်ရွက်ရေးညီလာခံတွင် 1.5 track dialogue ဟု ခေါ်သော ပဋိပက္ခများဆိုင်ရာ ဆွေးနွေးမှုတွင်လည်း ပါဝင်မည်ဖြစ်ပြီး ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်သည်။

ထိပ်သီးဆွေးနွေးပွဲသို့ ဖိလစ်ပိုင် သမ္မတ Ferdinand Marcos, မလေးရှားဝန်ကြီးချုပ် Anwar Ibrahim, လာအိုဝန်ကြီးချုပ် Sonexay Siphandoneနှင့် ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chính တို့လည်း တက်ရောက်မည်ဟု ဩစတြေးလျ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

ဩစတြေးလျနိုင်ငံက ကမကထလုပ်သည့် ရေကြောင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပရာ စစ်ကောင်စီကိုယ်စားလှယ် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ဩစတြေးလျနိုင်ငံသည် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဖြစ်သော အကြမ်းဖက်မှုများရပ်ရန်၊ သက်ဆိုင်သူများအားလုံး တွေ့ဆုံဆွေးနွေးရန် စသည့်အချက်များကို ထောက်ခံကြောင်း ပြောဆိုထားသည်။ သို့သော် ဩစတြေးလျနိုင်ငံသည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခြင်း၊ စစ်ကောင်စီကို ပိတ်ဆို့အရေးယူရန် နှေးကွေးခြင်းတို့ကြောင့် တက်ကြွလှုပ်ရှားသူများ၏ ဝေဖန်မှုများလည်း ရှိနေသည်။

သြစတြေးလျသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ထိန်းသိမ်းရန် ကတိပြုထားခြင်းကြောင့် စစ်ကောင်စီနှင့် ပတ်သက်သည့် မည်သူ့ကိုမဆို အစည်းအဝေးများ ဆွေးနွေးပွဲများ မတက်ရောက်စေသင့်ဟု သြစတြေးလျနိုင်ငံအခြေစိုက်Myanmar Campaign Network မှ Campaign Manager ဖြစ်သူ Tasneem Roc က ပြောသည်။

စစ်တပ်က ၂၀၂၁ တွင် ရွေးကောက်ပွဲမဲစာရင်းမှားယွင်းမှုအကြောင်းပြပြီး အာဏာသိမ်းထားကာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အင်အားစုက နိုင်ငံအာဏာကို ဖြတ်လမ်းမှ ရယူရန် ကြိုးစားခဲ့သည်ဟု စွပ်စွဲထားသည်။

အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို လမ်းပေါ်တွင် ပစ်သတ်ရာမှ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာရာ စစ်တပ်က ခုခံသူများကိုသာမက အရပ်ဘက်ပစ်မှတ်များကိုပါ ပစ်ခတ်နေသဖြင့် နိုင်ငံတကာက ကန့်ကွက်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button