သတင်း

စစ်ကောင်စီအားကိုးရသည့် ဘဏ်ကြီးနှစ်ခု ထပ်မံအရေးယူခံရ

နိုင်ငံခြားသုံးငွေနှင့်ပတ်သက်၍ အရေးပါသော လုပ်ငန်းကြီး ၂ ခုကို အာဏာသိမ်းမှု သက်တမ်း ၃ နှစ်ပြည့်ချိန်တွင် ပိတ်ဆို့အရေးယူသည့်နည်းဖြင့် ဩစတြေးလျက ထပ်မံဒဏ်ခတ်လိုက်သည်။

နိုင်ငံခြားသုံးငွေနှင့်ပတ်သက်၍ အရေးပါဆုံးသော နိုင်ငံပိုင်လုပ်ငန်းများဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ဩစတြေးလျအစိုးရကလည်း ပိတ်ဆို့အရေးယူလိုက်ပြီဖြစ်သည်။ 

အာဏာသိမ်းစစ်တပ်က ပြည်ပမှ လက်နက်များ ဝယ်ယူတင်သွင်းရာ၌ အခရာကျသည့် နိုင်ငံပိုင် MFTB နှင့် MICB ဘဏ်တို့ကို လွန်ခဲ့သည့်နှစ် ဇွန်လအတွင်း အမေရိကန်အစိုးရက စတင်ပိတ်ဆို့အရေးယူခဲ့ခြင်းဖြစ်သည်။

စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်ချိန် ဩစတြေးလျအစိုးရက ပိတ်ဆို့အရေးယူမှု အသစ်များချမှတ်ရာ၌ နိုင်ငံပိုင်ဘဏ်ကြီးနှစ်ခုအပြင် စစ်တပ်ကို လေယာဉ်ဆီတင်သွင်းပေးနေသည့် Asia Sun Group၊ Asia Sun Trading နှင့် Cargo Link Petroleum Logistics စသည့် ကုမ္ပဏီသုံးခုလည်း ပါဝင်သည်ကို တွေ့ရသည်။

မြန်မာပြည်သူများကို ဆက်လက်ဖိနှိပ်နေသည့် စစ်ကောင်စီအပေါ် တုံ့ပြန်ခြင်းဖြစ်သည်ဟု ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong ၏ ယနေ့ (ဖေဖော်ဝါရီ ၁) ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဩစတြေးလျအနေနဲ့ စစ်အစိုးရရဲ့လုပ်ရပ်တွေကို ဆက်ပြီး အနီးကပ်စောင့်ကြည့်သွားပါမယ်”

မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို ဩစတြေးလျက အခိုင်အမာဆက်လက်ထောက်ခံကြောင်း၊ စစ်အုပ်စုအနေဖြင့် အာဆီယံဘုံသဘောတူညီချက်ကို လိုက်နာဆောင်ရွက်ရန် လိုကြောင်းလည်း ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ဩစတြေးလျအစိုးရ၏ ဒုတိယအကြိမ်မြောက် ပိတ်ဆို့အရေးမှုဖြစ်သည်။​ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ အပါအဝင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင် ၁၆ ဦး၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် (MEHL) နှင့် မြန်မာ့စီး ပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို ဩစတြေးလျက ပထမဆုံးအကြိမ် အရေးယူခဲ့သည်။

မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် ပိတ်ဆို့အရေးယူရန် ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အစည်းများနှင့် ထင်ရှားကျော်ကြားသူများက ဩစတြေးလျအစိုးရကို အစဉ်တစိုက်တောင်းဆိုခဲ့သည်။

စစ်လက်နက်ပစ္စည်းဝယ်ယူရာ၌ အာဏာသိမ်းစစ်ကောင်စီအတွက် အဓိက အထောက်အပံ့ဖြစ်နေသည့် နိုင်ငံပိုင် MFTB နှင့် MICB ဘဏ်တို့ကို ဒဏ်ခတ်အရေးယူသင့်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဖြစ်ခဲ့သူ ရှောင်တာနယ်လ်က လွန်ခဲ့သည့်နှစ်အတွင်း တောင်းဆိုခဲ့သည်။

ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်လ်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးခြင်းခံရကာ အစိုးရလျှို့ဝှက်ချက်ပေါက်ကြားမှု၊ ဗီဇာစည်းကမ်းဖောက်ဖျက်မှု၊ လူဝင်မှုကြီးကြပ်ရေးပုဒ်မများဖြင့် ထောင်သုံးနှစ်ချခံရပြီး ၂၀၂၂ နိုဝင်ဘာတွင် လွတ်မြောက်ခဲ့သည်။

နိုင်ငံခြားသုံးငွေနှင့်ပတ်သက်၍ အခရာကျသည့် MFTB နှင့် MICB ဘဏ်တို့ကို အမေရိကန်က ပိတ်ဆို့ အရေးယူလိုက်ပြီးနောက် စင်ကာပူနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘဏ်ကြီးများက ဘဏ်စာရင်းများကို စတင်ကန့်သတ်ခဲ့ရာ စစ်ကောင်စီအကျပ်ရိုက်ခဲ့သည်။

နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံခြားသုံးငွေ သုံးစွဲမရဖြစ်နေကာ ကုန်သွယ်ရေးလုပ်ငန်းများတွင် ငွေပေးချေရန် အခက်အခဲဖြစ်နေသည်ဟု အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင် ဝန်ခံခဲ့သည်။ ၎င်းတို့တာဝန်ယူချိန်တွင် နိုင်ငံတကာက အမျိုးစုံပိတ်ဆို့လာသည်ဟု ၂၀၂၃ ခုနှစ် ဇွန်လကုန်ပိုင်းက အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့ခြင်းပင်။

နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူပြီးနောက် အမေရိကန်ဒေါ်လာသန်း ၅၀၀ ကျော် ပြည်ပတွင် ပိတ်မိနေပြီး စစ်ကောင်စီက လျှို့ဝှက်ဘဏ်စာရင်းများဖွင့်လှစ်ရန် ညွှန်ကြားချက် ပေါက်ကြားခဲ့သည်။

အာဏာသိမ်းပြီးစ အချိန်မှစ၍ စစ်ဗိုလ်ချုပ်ကြီးများကို အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဥရောပသမဂ္ဂတို့က အရေးယူပိတ်ဆို့မှုများ ဆက်တိုက်ချမှတ်ခဲ့သည်။​ အာဏာသိမ်း သုံးနှစ်ပြည့်ချိန်တွင် စစ်ဗိုလ်ချုပ်များနှင့် ပတ်သက်နေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု၊ ပိုင်ရှင် ဦးသိန်းဝင်းဇော်နှင့် ဒေါ်တင်လတ် မင်းတို့အပါအဝင် Myanmar Five Star Line ကုမ္ပဏီကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ယမန်နေ့ (ဇန်နဝါရီ ၃၁) တွင် ထုတ်ပြန်သည်။

နိုင်ငံတကာက ထိုသို့ ကန့်သတ်အရေးယူနေချိန်မှာပင် စစ်ကောင်စီတပ်များက အကြမ်းဖက်သမားချေမှုန်းရေး အကြောင်းပြပြီး ပြည်သူတို့ကို နည်းမျိုးစုံ ဖိနှိပ်လျက်ရှိရာ ထိုအထဲတွင် အစုအပြုံလိုက် သတ်ဖြတ်မှုများလည်း ပါဝင်သည်။

၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်နေ့က ကယားပြည်နယ် (ကရင်နီပြည်နယ်) ဖရူဆိုမြို့နယ်အတွင်း ခရီးသွား ၄၀ ခန့်ကို စစ်ကောင်စီ၏တပ်မ ၆၆ လက်အောက်ခံ အမှတ် ၁၀၈ ခြေမြန်တပ်ရင်းက ဖမ်းဆီးကာ မော်တော်ယာဉ်များနှင့်အတူ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့သည်။

နောက်ပိုင်းကာလ ပေါ်ပေါက်လာသော အစုအပြုံလိုက် သတ်ဖြတ်မှုများတွင် ဖျက်အားပြင်းဗုံးများကို လေတပ်က ကြဲချ တိုက်ခိုက်မှုများလည်း ပါဝင်တတ်သဖြင့် သေဆုံးသည့် အရပ်သားအရေအတွက် ပိုမိုများပြားလာသည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button