သတင်း

နိုင်ငံပိုင် သတ္တုတွင်းလုပ်ငန်းနှစ်ခုနှင့် တပ်မနှစ်ခုကို ဗြိတိန်က ထပ်မံအရေးယူ

အာဏာသိမ်းမှု သုံးနှစ်ပြည့်ချိန်တွင် စစ်ကောင်စီက ကိုယ့်ကိုယ်ကိုယ် ၆ လ သက်တမ်း ထပ်တိုးလိုက်သလို အနောက်နိုင်ငံများကလည်း ပိတ်ဆို့မှုများ ထပ်တိုးချမှတ်ကာ ဒဏ်ခတ် အရေးယူလိုက်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်ချိန် အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်နေရာ ဗြိတိန်အစိုးရကလည်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင် သတ္တုတွင်းလုပ်ငန်းနှစ်ခုနှင့် ခြေမြန်တပ်မနှစ်ခုကို ဒဏ်ခတ်အရေးယူလိုက်သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယမန်နေ့ (ဖေဖော်ဝါရီ ၁) ထုတ်ပြန်ချက်အရ ပိတ်ဆို့မှုအသစ် ချမှတ်ခံရသည့် အဖွဲ့အစည်းများမှာ အာဏာသိမ်းစစ်တပ်ကို အကျိုးအမြတ်ရရှိစေသည့် နိုင်ငံပိုင် အမှတ် (၁) နှင့် အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ အမှတ် (၇၇) နှင့် အမှတ် (၁၀၁) တပ်မတို့ဖြစ်သည်။

ပဲခူးတိုင်း အင်းတကော်အခြေစိုက် ခြေမြန်တပ်မ (၇၇) နှင့် မကွေးတိုင်း ပခုက္ကူအခြေစိုက် ခြေမြန်တပ်မ (၁၀၁) တို့သည် အရပ်သားများအပေါ် အကြမ်းဖက်လုပ်ရပ်များနှင့် ပြင်းထန်သောလူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည်ဟု ဗြိတိန်က ဆိုသည်။

“စစ်အာဏာသိမ်း သုံးနှစ်ပြည့်ပြီးတဲ့နောက်မှာလည်း ပြည်သူတွေအပေါ် လူမဆန်သော ဖိနှိပ်မှုတွေ လုပ်နေတဲ့ မြန်မာစစ်တပ်အပေါ် တိုးပြီးဖိအားပေးနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းစေဖို့နဲ့ ဒီမိုကရေစီရစေဖို့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှာပါ” ဟု မကြာမီက နိုင်ငံခြားရေးဝန်ကြီး ပြန်ဖြစ်လာသည့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်းမရွန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းပြီးချိန်းမှစ၍ ဗြိတိန်အစိုးရက အရေးယူပိတ်ဆို့မှုများ ဆက်တိုက်ချမှတ်ခဲ့ရာ သုံးနှစ်တာအတွင်း လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်းပေါင်း ၃၃ ခုကို ဒဏ်ခတ်အရေးယူပြီးဖြစ်သည်။

ဗြိတိန်အစိုးရ၏ ပိတ်ဆို့အရေးယူခံရသူများတွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ၎င်း၏မိသားစုဝင်များ၊ ၎င်းတို့ပိုင် စီးပွားရေးလုပ်ငန်းများ၊ စစ်တပ်ပိုင် ကုမ္ပဏီများအပြင် စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်သူများလည်း ပါဝင်သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းသုံးနှစ်ပြည့်တွင်ချိန်တွင် စစ်ဗိုလ်ချုပ်ကြီးများက ၎င်းတို့ကောင်စီ၏ သက်တမ်းကိုလည်း နောက်ထပ် ၆ လ သက်တမ်းတိုးခဲ့သည့်နည်းတူ အမေရိကန်နှင့် မဟာမိတ်များကလည်း ပိတ်ဆို့အရေးမှုအသစ်များ ထပ်မံချမှတ်ခဲ့သည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက စစ်ဗိုလ်ချုပ်များနှင့် ပတ်သက်နေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု၊ ပိုင်ရှင် ဦးသိန်းဝင်းဇော်နှင့် ဒေါ်တင်လတ်မင်းတို့အပါအဝင် Myanmar Five Star Line ကုမ္ပဏီကို ပိတ်ဆို့အရေးယူကြောင်း ဇန်နဝါရီ ၃၁ တွင် ထုတ်ပြန်သည်။

အလားတူပင် ဩစတြေးလျအစိုးရကလည်း နိုင်ငံခြားသုံးငွေနှင့်ပတ်သက်၍ အရေးပါဆုံးသော စစ်ကောင်စီ လက်အောက်ရှိ  မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပိတ်ဆို့အရေးယူလိုက်သည်။

အာဏာသိမ်းစစ်တပ်က ပြည်ပမှ လက်နက်များဝယ်ယူတင်သွင်းရာ၌ အခရာကျသည့် နိုင်ငံပိုင် MFTB နှင့် MICB ဘဏ်တို့ကို အမေရိကန်အစိုးရက လွန်ခဲ့သည့်နှစ် ဇွန်လကတည်းက ပိတ်ဆို့အရေးယူထားသည်။

စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်ချိန် ဩစတြေးလျအစိုးရက ပိတ်ဆို့အရေးယူမှုအသစ်များချမှတ်ရာ၌ နိုင်ငံပိုင်ဘဏ်ကြီးနှစ်ခုအပြင် စစ်တပ်ကို လေယာဉ်ဆီတင်သွင်းပေးနေသည့် Asia Sun Group, Asia Sun Trading နှင့် Cargo Link Petroleum Logistics စသည့် ကုမ္ပဏီသုံးခုလည်း ပါဝင်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ဩစတြေးလျအစိုးရက ဒုတိယအကြိမ်မြောက် ပိတ်ဆို့အရေးခြင်းဖြစ်သည်။​ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ အပါအဝင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင် ၁၆ ဦး၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို ဩစတြေးလျက ပထမဆုံးအကြိမ် အရေးယူခဲ့သည်။

နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံခြားသုံးငွေ သုံးစွဲမရဖြစ်နေကာ ကုန်သွယ်ရေးလုပ်ငန်းများတွင် ငွေပေးချေရန် အခက်အခဲဖြစ်နေသည်ဟု အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင် ဝန်ခံထားသည်။ ၎င်းတို့တာဝန်ယူချိန်တွင် နိုင်ငံတကာက အမျိုးစုံပိတ်ဆို့လာသည်ဟု ၂၀၂၃ ခုနှစ် ဇွန်လကုန်ပိုင်းက အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့ခြင်းပင်။

Show More

Related Articles

Back to top button