သတင်း

စစ်ကောင်စီကို လေယာဉ်ဆီထောက်ပံ့သူ မည်သူ့ကိုမဆို အရေးယူရန် အမေရိကန်ဆုံးဖြတ်

လေကြောင်းတိုက်ခိုက်မှုများဖြင့် အရပ်သားပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နေသော အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်ကို တုံ့ပြန်သောအားဖြင့် စစ်ကောင်စီကို လေယာဉ်ဆီထောက်ပံ့သူ မည်သူ့ကိုမဆို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူတော့မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ လေယာဉ်ဆီလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသူမှန်သမျှကို ပိတ်ဆို့အရေးယူနိုင်မည့်ဆုံးဖြတ်ချက်ကို ထုတ်ပြန်လိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံး (OFAC) က ယမန်နေ့ (ဩဂုတ် ၂၃) ရက်စွဲဖြင့် ကြေညာသည်။

အရပ်ဘက်လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် လုပ်ကိုင်နေသူများကို ပိတ်ဆို့အရေးယူရန် မရည်ရွယ်သော်လည်း လုပ်ကိုင်သူများအနေဖြင့် ၎င်းတို့ ရောင်းဝယ်ဖောက်ကားသည့် လေယာဉ်ဆီသည် အရပ်ဘက်သုံးသက်သက်ဖြစ်ပြီး စစ်တပ်နှင့် လုံးဝသက်ဆိုင်ခြင်းမရှိစေရေး အထူးဂရုပြုရန်လည်း OFAC ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

လေယာဉ်ဆီကဏ္ဍနှင့် ပတ်သက်၍ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ပြန်လည်တင်ပို့ရောင်းချခြင်း၊ အရောင်းလုပ်ငန်းနှင့် ထောက်ပံ့ သို့မဟုတ် ပို့ဆောင်ရေးလုပ်ငန်းများတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းဖြင့် ပါဝင်ပတ်သက်ခြင်းများကို ဆိုလိုသည်ဟုလည်း အသေးစိတ်ဖော်ပြသည်။

စစ်တပ်ပိုင် လေယာဉ်များ၊ စစ်တပ်အရာရှိများ အသုံးပြုမည့် နိုင်ငံပိုင်လေယာဉ်များ၊ ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များအပါအဝင် တိုက်ခိုက်ရေးယာဉ်များတွင် အသုံးပြုသည့် လေယာဉ်ဆီနှင့် ပတ်သက်၍ စောင့်ကြည့်အရေးယူသွားမည်ဖြစ်သည်။​

တစ်ဆက်တည်းမှာပင် စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းဖြန့်ဖြူးရေးလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော လူပုဂ္ဂိုလ်နှစ်ဦး၊ ၎င်းတို့နှင့် ဆက်စပ်နေသော ကုမ္ပဏီသုံးခုကိုပါ အမေရိကန်က ထပ်မံ ပိတ်ဆို့အရေးယူလိုက်သည်။

အရေးယူခံရသူနှစ်ဦးမှာ Asia Sun ကုမ္ပဏီအုပ်စုမှ ဒေါ်ခင်ဖြူဝင်းနှင့် ဦးဇော်မင်းထွန်းတို့ဖြစ်ပြီး စစ်တပ်ကို လေယာဉ်ဆီဖြန့်ဖြူးပေးနေသည့် Asia Sun ကုမ္ပဏီကို လွန်ခဲ့သည့် မတ်လကတည်းက အမေရိကန်က ပိတ်ဆို့အရေးယူထားသည်။

ပိတ်ဆို့အရေးယူခံရပြီးနောက် Asia Sun ကုမ္ပဏီအုပ်စုမှ ဒေါ်ခင်ဖြူဝင်းသည် လေယာဉ်ဆီတင်သွင်းခြင်းနှင့် ဖြန့်ဖြူးရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေပြီး ၎င်းပိုင်ဆိုင်သည့် စင်ကာပူအခြေစိုက် Shoon Energy PTE ကုမ္ပဏီ၊ PEIA PTE နှင့် P.E.I Energy PTE ကုမ္ပဏီတို့ကိုလည်း တစ်ပါတည်း ဒဏ်ခတ်အရေးယူလိုက်သည်။ ဒေါ်ခင်ဖြူဝင်းနှင့် Shoon Energy PTE ကုမ္ပဏီကို ဗြိတိန်နှင့် ကနေဒါကလည်း ပိတ်ဆို့အရေးယူထားသည်။

ဇော်မင်းထွန်းဆိုသူသည် လွန်ခဲ့သည့် မတ်လအတွင်း အမေရိကန်က ပိတ်ဆို့အရေးယူခဲ့သည့် Asia Sun Trading အပါအဝင် Asia Sun ကုမ္ပဏီအုပ်စုလက်အောက်ခံ ကုမ္ပဏီခွဲ ၁၁ ခုတွင် ဒါရိုက်တာနှင့် ပိုင်ရှင်ဖြစ်ကာ အားလုံးကို ခေါ်ခင်ဖြူဝင်းက လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။​

နိုင်ငံခြားသုံးငွေနှင့် ပတ်သက်၍ အခရာအကျသည့် နိုင်ငံပိုင်ဘဏ်ကြီးနှစ်ခုဖြစ်သော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို လွန်ခဲ့သည့် ဇွန်လအတွင်း ပိတ်ဆို့အရေးယူလိုက်ပြီးနောက် အမေရိကန်အစိုးရက စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးသူများကို ပစ်မှတ်ထားအရေးယူလာခြင်းဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်သည် အရပ်သားပြည်သူများကို ဖိနှိပ်ဖြိုခွင်းရေးအတွက် လေကြောင်းတိုက်ခိုက်မှုကို ပို၍အားထားနေကြောင်း၊ လတ်တလော၌ပင် ညောင်ကုန်းရွာ၌ အရပ်သား ၁၀ ဦးကျော် သေဆုံးသလို ဧပြီနှင့် ဇွန်လအတွင်းတွင်လည်း စစ်ကိုင်းတိုင်း၌ အမျိုးသမီးနှင့် ကျောင်းနေအရွယ်ကလေးငယ် အပါအဝင် အရပ်သား ၈၀ အထိ သေဆုံးရကြောင်း အမေရိကန်အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အရပ်သားတွေကို ဖိနှိပ်နေတဲ့ စစ်ကောင်စီရဲ့အရင်းအမြစ်တွေကို ပိုအင်အားချိနဲ့စေမှာ ဖြစ်ပါတယ်” ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး၏ လက်ထောက်တစ်ဦးဖြစ်သူ Brian E. Nelson ၏ ပြောဆိုချက်ကို ကောက်နုတ်၍ ကြေညာချက်တွင် ဖော်ပြထားသည်။

“လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို လိုလားတောင့်တနေကြတဲ့ မြန်မာပြည်သူတွေကို အမေရိကန်ပြည်ထောင်စုက ဆက်လက်ထောက်ခံအားပေးသွားမှာပါ” ဟု Brian E. Nelson က ဆိုသည်။

လေကြောင်းမှ ရက်ရက်စက်စက် တိုက်ခိုက်ခံရသည့် ဒေသများတွင် စစ်ကိုင်းတိုင်းလည်း ပါဝင်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးရသည့် အရပ်သားအရေအတွက် ၃၉၀၀ ကျော် ရှိသည်ဟုလည်း အမေရိကန်အစိုးရက ဆိုသည်။

စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ယနေ့အချိန်ထိ စစ်ဗိုလ်ချုပ်များ၊ မိသားစုဝင်များနှင့် ပတ်သက်ဆက်နွှယ်သူများ အပါအဝင် ရာနှင့်ချီသော လူပုဂ္ဂိုလ်များနှင့် ၎င်းတို့ပိုင် စီးပွားရေးလုပ်ငန်းများကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဥရောပသမဂ္ဂနှင့် ဩစတြေးလျတို့က ပိတ်ဆို့ အရေးယူထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button