အာဏာသိမ်းစစ်ခေါင်းဆောင်က သူနှင့် သူ၏နောက်လိုက်များကို အမေရိကန်အစိုးရက ရန်ပြုတိုက်ခိုက်နေကြောင်း နေပြည်တော်တွင် ယမန်နေ့ (အောက်တိုဘာ ၂၆) က ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် မကြုံစဖူး အမည်တပ်ကာ ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်လိုက်သည်။
ထိုဝေဖန်မှုသည် မော်စကိုမှ လွှတ်လိုက်သည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်သစ်နှင့် ရုရှားစစ်တပ် ထိပ်ပိုင်းအရာရှိများ နေပြည်တော်သို့ ရောက်လာပြီး နောက်တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ယခင်က စစ်ခေါင်းဆောင်၏ လူသိရှင်ကြား ဝေဖန်မှုများတွင် အင်အားကြီးနိုင်ငံအချို့၊ အနောက်နိုင်ငံအချို့ စသဖြင့်သာ ရည်ညွှန်းခဲ့သည်။
အနီးစပ်ဆုံးအားဖြင့် အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၈) နှစ်မြောက် နှစ်ပတ်လည်ပွဲမိန့်ခွန်း၊ မတ်လ ၂၇ ရက်နေ့တွင် ကျင်းပသော (၇၈) နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းတို့တွင် သူက “အနောက်နိုင်ငံအချို့” “အနောက်နိုင်ငံများ” ဟုသာ သုံးနှုန်းကာ ဝေဖန်ပြစ်တင်ခဲ့သည်။
အောက်တိုဘာ ၂၆ နေပြည်တော်အစည်းအဝေးတွင် စစ်ခေါင်းဆောင်က “အမေရိကန်” ဆိုသည့် အမည်ကို ၇ ကြိမ် အသုံးပြု ဝေဖန်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် တွေ့ရသည်။
စစ်ဖြစ်ပွားဖူးသည့် ရန်ဘက်နိုင်ငံများ မဟုတ်သော်လည်း အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုသည် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်မှုများကို စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သည်၊ ထိုလုပ်ရပ်များသည် အိမ်နီးချင်း တရုတ်ကို ထိန်းချုပ်နိုင်ရေး (China Containment Policy) အတွက် ဖြစ်သည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။
အမေရိကန်အစိုးရက ၎င်းတို့လိုလားသည့် အစိုးရ/အုပ်စု အာဏာမရသည့်အတွက် သူနှင့် သူ၏နောက်လိုက်များကို ရန်ပြုတိုက်ခိုက်နေသည်မှာ မြင်သာသည်ဟု အာဏာသိမ်းခေါင်းဆောင်က ဆိုသည်။
စားပွဲထိပ်တွင် ထိုင်ပြီး ဒီမိုကရေစီအစိုးရ၊ တရုတ်ကို ထိန်းချုပ်နိုင်ရေးမူဝါဒနှင့် အမေရိကန်ဖိအားများကို ဆက်စပ်ပုံဖော်ကာ ပြောကြားနေသည့် သူ့ကို အစည်းအဝေးတက်သူ ၂၀ ခန့်က လှမ်းကြည့်နေကြသည်ကို သတင်းနှင့်အတူ ဖော်ပြထားသည့် ဓာတ်ပုံတွင် တွေ့ရသည်။
စစ်တပ်က ၂၀၂၁ တွင် အာဏာသိမ်းကာ ဖြုတ်ချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရသည် အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံစလုံးနှင့် ရင်းနှီးသောဆက်ဆံရေး ရှိခဲ့သည်။
သာဓကအားဖြင့် စစ်တပ် နောက်ဆုံး အာဏာမသိမ်းမီ တစ်နှစ်အလို ၂၀၂၀ ဇန်နဝါရီတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် နေပြည်တော်သို့ ရောက်လာခဲ့ပြီး NLD အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ထိုခရီးစဉ်သည် ၂၀၀၁ နောက်ပိုင်း တရုတ်သမ္မတတစ်ဦး၏ ပထမဆုံး မြန်မာပြည်ခရီးစဉ်လည်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းသည်ကို တရုတ်ဘက်က ကန့်ကွက်ကြောင်း (သို့မဟုတ်) ထောက်ခံကြောင်း လူသိရှင်ကြား ထုတ်ပြောခဲ့ခြင်းမရှိသော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင်ကို အရေးကြီးအစည်းအဝေးများ မဖိတ်ကြားရေးဆိုသည့် အာဆီယံ၏ မူဝါဒကို တရုတ်အစိုးရကလည်း လက်ခံကျင့်သုံးနေသည်။
အောက်တိုဘာလလယ်ပိုင်းတွင် တရုတ်အစိုးရက အရှေ့တောင်အာရှနိုင်ငံများမှ ခေါင်းဆောင်များကို တတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative –BRI) အစည်းအဝေးသို့ ဖိတ်ကြားခဲ့သော်လည်း အာဏာသိမ်း စစ်ခေါင်းဆောင်ကို ချန်လှပ်ထားခဲ့သည်။
အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားစသော နိုင်ငံများသည် အမေရိကန်၏ ဩဇာလွှမ်းမိုးမှုကို မလွန်ဆန်နိုင်သဖြင့် စစ်ကောင်စီကို ကုန်သွယ်မှု၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေးပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြကြောင်းလည်း စစ်ခေါင်းဆောင်က အောက်တိုဘာ ၂၆ အစည်းအဝေးတွင် ပြောသည်။
စစ်ခေါင်းဆောင်က အမေရိကန်အစိုးရကို ထိုသို့ လူသိရှင်ကြား ဝေဖန်မှုမပြုမီ တစ်ရက်အလိုက အမေရိကန်၏ မဟာပြိုင်ဘက် ရုရှားမှ စစ်တပ်အရာရှိများ၊ သံအမတ်တို့နှင့်လည်း နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်နေရာ လေးလနီးပါးကြာ လစ်လပ်နေပြီးနောက် မော်စကိုက လွှတ်လိုက်သည့် ရုရှားသံအမတ်အသစ် Is-kander Azizov က ၎င်း၏ခန့်အပ်လွှာကို စစ်ခေါင်းဆောင်ထံ ပေးပို့ခဲ့ပြီး ရန်ကုန်တွင် ရုံးထိုင်မည်ဖြစ်သည်။ ရုရှားသံအမတ်ဟောင်းသည် ဇူလိုင်အတွင်းက မြန်မာနိုင်ငံမှ ထွက်ခွာသွားသည်။
သံအမတ်သစ်နှင့်အတူ ရုရှားစစ်ဘက်ဆိုင်ရာ တက္ကသိုလ်ကျောင်းအုပ်ကြီးလည်း ပါလာခဲ့ပြီး စစ်ကောင်စီနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးကြသည်ဟု ဆိုသည်။
အာဏာသိမ်းခေါင်းဆောင်ကို မည်သည့်နိုင်ငံကမျှ မြန်မာနိုင်ငံ၏ တရားဝင်နိုင်ငံအကြီးအကဲအဖြစ် အသိအမှတ်မပြုကြပေ။
သို့သော်လည်း အခက်အခဲတွေ့နေသော ရုရှားသမ္မတပူတင်ကမူ သူ့ကို တစ်ကြိမ် အသိအမှတ်ပြုခဲ့ဖူးသည်။
ရုရှားက နှစ်စဉ် ပြုလုပ်သော စီးပွားရေးဆိုင်ရာပွဲကို စစ်ခေါင်းဆောင်က ၂၀၂၂ တွင် တက်ခွင့်ရခဲ့သည်။
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကြောင့် နာမည်ပျက်နေသော ရုရှား၏ ထိုပွဲကို နိုင်ငံတကာခေါင်းဆောင်အများစု သပိတ်မှောက်ခဲ့ကြရာ ထိုပွဲသို့ တက်လာသည့် အထင်ရှားဆုံး ဧည့်သည် ၃ ဦးမှာ အာမေးနီးယား၊ မွန်ဂိုလီးယား၊ မြန်မာတို့မှ ဝန်ကြီးချုပ်တာဝန်ယူထားသူများ ဖြစ်သည်။
ထိုပွဲသို့ တက်ရောက်ခဲ့သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပူတင်နှင့် လက်ဆွဲနှုတ်ဆက်နေချိန်တွင် လွန်စွာ ကျေနပ်ပီတိဖြစ်နေခဲ့သည်ကို တွေ့ရသည်။ ကမ္ဘာက ခပ်ခွာခွာနေကြသည့် ပူတင်ကိုလည်း “ကမ္ဘာ့ခေါင်းဆောင်ကြီး” ဟု ထိုပွဲတွင် မြှောက်ပင့်ပြောဆိုခဲ့သည်။
“ရုရှားနိုင်ငံခေါင်းဆောင်အဖြစ်သာမက ကမ္ဘာ့ခေါင်းဆောင်ကြီးလည်း ဖြစ်ပါတယ်။ အကြောင်းကတော့ တစ်ကမ္ဘာလုံးမှာ တည်ငြိမ်မှုရှိအောင် ထိန်းချုပ်နေတာဖြစ်တဲ့အတွက်ပါ” ဟု စစ်ခေါင်းဆောင်က ဆိုသည်။
စစ်ကောင်စီသည် အာဏာသိမ်းခါစတွင် အမေရိကန်အစိုးရ၏ ထောက်ခံမှုရရန်အတွက် အစ္စရေးစစ်ထောက်လှမ်းရေးဟောင်း ဦးဆောင်သည့် ကနေဒါအခြေစိုက် Dickens and Madson လော်ဘီအုပ်စုကို အကျိုးဆောင်ခ အမေရိကန်ဒေါ်လာ ၂ သန်း သဘောတူညီချက်နှင့် ငှားရမ်းခဲ့သေးသည်။
အမေရိကန်ကွန်ဂရက်နှင့် သမ္မတဂျိုးဘိုင်ဒင်အစိုးရအဖွဲ့၊ ဆော်ဒီအာရေဗျအစိုးရ၊ ယူအေအီး၊ အစ္စရေး၊ ရုရှားအပါအဝင် ကုလသမဂ္ဂ၊ အာဖရိကသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများကို ချဉ်းကပ် စည်းရုံးပေးရမည်ဟု စစ်ကောင်စီက လော်ဘီအုပ်စုကို စေခိုင်းခဲ့သော်လည်း နောက်ပိုင်းတွင် စာချုပ်ပါအတိုင်း အထမမြောက်ခဲ့ပေ။
အာဏာသိမ်းကာလအတွင်း ပြည်သူအများအပြားကို သတ်ဖြတ်မှုအတွက် တာဝန်အရှိဆုံးဖြစ်သော စစ်ခေါင်းဆောင်၏ သားနှင့် သမီးပိုင် အခြားစီးပွားရေးလုပ်ငန်း ၅ ခုကို အမေရိကန်အစိုးရက ၂၀၂၁ မတ်လအတွင်း ဒဏ်ခတ်အရေးယူထားသည်။ ထို့ပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု စွဲချက်များအတွက် စစ်ခေါင်းဆောင်နှင့် မြန်မာစစ်တပ်အရာရှိ ၄ ဦးကို အမေရိကန်အစိုးရက ၂၀၁၉ အတွင်းက အမည်ပျက်စာရင်း သွင်းခဲ့သေးသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)