သတင်း

အာဏာသိမ်းခေါင်းဆောင်၏ သားသမီးများကို အမေရိကန်ဒဏ်ခတ်အရေးယူ 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သားသမီးများဖြစ်ကြသည့်  အောင်ပြည့်စုံ၊ ခင်သီရိသက်မွန်နှင့် ၎င်းတို့လုပ်ကိုင်နေသည့် ကုမ္ပဏီ ၆ ခုကို အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူလိုက်သည်။

ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံထားရသည့် အစိုးရကိုဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းယူခဲ့ခြင်းနှင့် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ရက်ရက်စက်စက်သတ်ဖြတ်နေခြင်းများအပေါ် တုံ့ပြန်သည့်အနေဖြင့် ထိုကဲ့သို့ အရေးယူဆောင်ရွက်ခြင်းဖြစ်သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ယမန်နေ့ (မတ် ၁၀) တွင် ကြေညာခဲ့သည်။

“ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်လွတ်စပယ် အကြမ်းဖက်လုပ်ရပ်တွေက လက်ခံနိုင်စရာ မရှိပါဘူး” ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ပပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးဌာန ဒါရိုက်တာဖြစ်သူ Andrea Gacki ပြောဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ထို့ပြင် “မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီ ပြန်လည်အသက်သွင်း နိုင်ရေး ဆက်လက်ဆောင် ရွက်သွားမှာဖြစ်သလို ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန်းကရပ် နိုင်ဖို့ အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာမိတ်ဖက်တွေပူးပေါင်းပြီး မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖိအားပေးသွားမှာပါ” ဟုလည်း ၎င်းက ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားသမီးများဖြစ်ကြသော အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့ပိုင်ဆိုင်သော A & M မဟာကုမ္ပဏီ၊ Sky One ဆောက်လုပ်ရေး ကုမ္ပဏီ၊ The Yangon Restaurant၊ Yangon Gallery ပန်းချီပြခန်း၊ Everfit ကုမ္ပဏီ(ပြည်လမ်း City Mall ဈေးဝယ်စင်တာအပေါ်ထပ်ရှိ GymFitness ကာယလေ့ကျင့်ခန်း)၊ Seventh Sense ရုပ်ရှင်ထုတ်လုပ်ရေးနှင့် ဖျော်ဖြေရေးလုပ်ငန်းကုမ္ပဏီတို့ကို အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူ လိုက်ခြင်းဖြစ်သည်။

တပ်ချုပ်၏ သမီးနှင့်ချွေးမတို့ ထူထောင်သော အနုပညာကုမ္ပဏီများ အချိန်တိုအတွင်း ထိပ်တန်းရောက်လာ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားသမီးများဖြစ်ကြသည့် အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့သည် စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်လျက်ရှိပြီး အမေရိကန်အစိုးရ၏ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွင် မပါဝင်သေးသည့် ၎င်းတို့ပိုင် အခြားကုမ္ပဏီများလည်း ရှိနေသည်။ 

ပြည်သူ့ဥယျာဉ်အတွင်း တပ်ချုပ်သား လုပ်ကိုင်ခွင့်ရရှိထားသော လုပ်ငန်းများ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်လုပ်ကိုင်နေသော ‘ငြိမ်းချမ်းပြည့်စုံ’ ကုန်ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးကုမ္ပဏီ၊ ‘ဘုန်းမြတ်ပြည့်စုံ’ ရောင်းဝယ်ရေးကုမ္ပဏီ၊ ‘အောင်မြင့် မိုရ်မင်း’ အာမခံကုမ္ပဏီနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်လုပ်ကိုင်နေသော Stellar Seven ကုမ္ပဏီ၊ APOWER ကုမ္ပဏီတို့သည် ယခုအမေရိကန်၏ ဒဏ်ခတ်အရေးယူမှုစာရင်းတွင် ပါဝင်ခြင်း မရှိသေးပေ။ 

ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားသမီးများသည် ၎င်းတို့ကိုယ်တိုင်သော်လည်းကောင်း၊ အခြားသူများ၏အမည်ဖြင့်လည်းကောင်း ဆောက်လုပ်ရေး၊ ဆေးရုံနှင့် ဆေးရုံသုံးစက်ပစ္စည်း ဖြန့်ဖြူး ရောင်းချရေး၊ ဟိုတယ်နှင့် အခြားစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။ အောင်ပြည့်စုံသည်  စတုတ္ထမြောက် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာဖြစ်သော Mytel ၌ ရှယ်ယာအများဆုံးပိုင်ဆိုင်သူ တစ်ဦးဖြစ်ပြီး အင်ယားကန်စောင်းရှိ ကန်သာယာဆေးရုံသည်လည်း ၎င်းလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သား အောင်ပြည့်စုံပိုင်ဆိုင်ထားသော ကုမ္ပဏီများကို အရေးယူ ရန် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့က ၂၀၁၉ ခုနှစ်အတွင်းထုတ်ပြန်သည့် မြန်မာစစ်တပ်၏အကျိုးစီးပွားများဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ အမေရိကန်၊ ယူကေ၊ ကနေဒါ၊ ဥရောပ သမဂ္ဂနှင့် ဩစတြေးလျတို့က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော အားဖြင့် ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့သည့်နည်းတူ အာဏာသိမ်း စစ်ခေါင်းဆောင်များအပေါ် သီးသန့် အရေးယူ ပိတ်ပင်မှုများလည်း ချမှတ်ခဲ့သည်။ 

အမေရိကန်အစိုးရ အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများအား အရေးယူပိတ်ပင်မှုများပြုလုပ်နေသော်လည်း စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း တို့အား အရေးယူပိတ်ပင်မှုများ ပြုလုပ်မှုမရှီသေးပေ။ ထို့အတူ အနောက်နိုင်ငံများက အကြမ်းဖက်လူသတ် အာဏာသိမ်းစစ်အုပ်စုတွင် ဝန်ကြီး၊ ဒုဝန်ကြီး၊ ကောင်စီဥက္ကဋ္ဌအဖြစ် လုပ်ကိုင်နေသောသူများအားလည်း စီးပွားရေးပိတ်ပင်မှုများ ချမှတ်မှုမရှိသေးပေ။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်များ၊ ပါတီဝင်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ရွေးကောက်ခံ ကိုယ်စားလှယ်များကို ဖမ်းဆီးထိန်းသိမ်းထားသည့်နည်းတူ ငြိမ်းချမ်းစွာ ဆန္ဒပြသူများနှင့် အခြားအရပ်သား ပြည်သူများကိုလည်း မတရားဖမ်းဆီးအရေးယူလျက်ရှိသည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၈ ရက်အထိ စစ်ကောင်စီက လူပေါင်း ၁၇၀၀ ကျော်ကိုဖမ်းဆီးထားကြောင်း၊ သေဆုံးသူ ၆၀ ကျော်ရှိပြီဟု ခန့်မှန်းထားပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

Show More

Related Articles

Back to top button