သတင်း

အမေရိကန်နိုင်ငံခြားရေးအကြံပေးနှင့် NUG ခေါင်းဆောင်များ တွေ့ဆုံ

အမေရိကန်နိုင်ငံခြားရေးoန်ကြီးဌာန၏ အကြံပေးအရာရှိ NUG နှင့် တွေ့ဆုံစဉ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ၊ ဒေသန္တရအုပ်ချုပ်ရေးစွမ်းရည် တည်ဆောက်ရေး အကြောင်းအရာများ ဆွေးနွေးခဲ့ကြသည်။

အမေရိကန်နိုင်ငံခြားရေးoန်ကြီးဌာန၏ အကြံပေးအရာရှိ Derek Chollet သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ အပါအဝင် ခေါင်းဆောင်များနှင့် ယမန်နေ့ (ဧပြီ ၁၁) တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲကို NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အပါအဝင် အခြားခေါင်းဆောင်များ၊ အမေရိကန်အကူအညီပေးရေးအဖွဲ့ USAID ၏ အာရှရေးရာလက်ထောက်အုပ်ချုပ်ရေးမှူး Michael Schiffer တို့  တက်ရောက်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် အားလုံးပါဝင် ကိုယ်စားပြုသည့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး ကြိုဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးက ပြောခဲ့သည်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများလိုအပ်နေသည့် လူသန်းပေါင်းများစွာထံ အကူအညီများပေးအပ်ရန်၊ အရေးပါသည့် ပြည်သူ့ဝန်ဆောင်မှုများပေးရန်၊ ဒေသန္တရအုပ်ချုပ်ရေးစွမ်းရည် တည်ဆောက်ရေး အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားမှုများပေါ် အမေရိကန်၏ ထောက်ခံမှုကို အလေးပေးဆွေးနွေးခဲ့ကြောင်း ဧပြီ ၁၁ ရက်စွဲပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အနာဂတ်ဒီမိုကရေစီအရေးအတွက် တိုင်းရင်းသားများ၊ ဘာသာရေးအစုအဖွဲ့များ၊ ရိုဟင်ဂျာများ အပါအဝင် ဖက်ဒရယ်အရေး ကြိုးပမ်းနေသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် NUG ကြိုးပမ်းချက်ကိုလည်း ချီးကျူးထားသည်။

စစ်တပ်အကြမ်းဖက်မှုများ အမြန်အဆုံးသတ်ရေး၊ ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရေး၊ ပဋိပက္ခအဆုံးသတ်ရေးအတွက် သက်ဆိုင်သူအားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေး အရေးကြီးကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

၂၀၂၃ မတ်လက ဝါရှင်တန်ဒီစီရှိ NUG ရုံးတွင် တွေ့သော အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးအရာရှိ ဒဲရစ် ချိုလက်။  (ဓာတ်ပုံ – Derek Chollet X)

အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့် ရှိသူ ဦးကျော်ဇောက ပြောသည်။

“အဓိကတော့ ဒုက္ခရောက်နေတဲ့သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီတွေ ပေးဖို့အတွက် နောက်ပြီးတော့ မြန်မာနိုင်ငံမှာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နယ်မြေတွေ တိုးများလာတာနဲ့အမျှ ပြည်သူလူထုတွေကို အုပ်ချုပ်မှုဝန်ဆောင်မှုတွေပေးတဲ့ အစိုးရဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ထိထိ ရောက်ရောက်ဖြစ်ဖို့အတွက် ပြည်သူလူထုရဲ့အကျိုးစီးပွားဆောင်ရွက်ပေးနိုင်ဖို့အတွက် အဲ့ဒီနှစ်ကဏ္ဍမှာလည်း အဓိက ထားထည့်သွင်းစဉ်းစားခဲ့တာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

အကြံပေးအရာရှိ ဒဲရစ်ချိုလက်သည် မတ် ၂၈ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်ကို ခုခံမှု အားကောင်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့နှင့် ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံအတွက် အမေရိကန် ဒေါ်လာ ၁၂၁ သန်း ထောက်ပံ့ပေးမည့် ဘားမားအက်ဥပဒေကို မတ်လကုန်ခန့်တွင် အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်ပြီးနောက် အထက်ပါအတိုင်း တွေ့ဆုံမှုများ ဆက်တိုက်ပေါ်ပေါက်လာသည်။

မြန်မာနှစ်သစ်ကူး သင်္ကြန်တွင် မြန်မာနိုင်ငံသားများနှင့်အတူ စည်းလုံးညီညွတ်စွာရပ်တည်နေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ယမန်နေ့ (ဧပြီ ၁၁) ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ 

တရုတ်ကလည်း အာဏာသိမ်းစစ်ခေါင်းဆောင်များကို မတ်လကုန်ပိုင်းမှ စတင်ကာ ဆက်တိုက် ထိတွေ့လာသည်။

မတ်လကုန်မှစတင်ကာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်သည် နေပြည်တော်တွင် လက်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့နှင့် တွေ့ဆုံခြင်းဖြစ်သည်။

Show More

Related Articles

Back to top button