သတင်း

ရွှေဘိုမြို့ပေါ်တွင် ရဲတပ်ကြပ်ကြီးနှင့်အတူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

လက်ဖက်ရည်ဆိုင်ထိုင်နေသော ရဲတပ်ကြပ်ကြီး၊ သတင်းပေးဟု စွပ်စွဲခံရသူ၊ ပျူစောထီးခေါင်းဆောင်တို့ ပစ်ခတ်ခံရပြီး ၎င်းတို့၏ ပစ္စည်းများကို တော်လှန်ရေးအင်အားစုက သိမ်းသွားသည်ဟု သိရသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ ဆိုင်တစ်ဆိုင်အတွင်း ရှိနေသော ရဲတပ်ကြပ်တစ်ဦးနှင့် အမျိုးသားနှစ်ဦးတို့ကို ယမန်နေ့ (ဧပြီ ၁) နံနက်က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ပြောသည်။

စတိုင်လ်ဝမ်း (Style 1) အမည်ရှိ လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံရသူတို့မှာ ရဲတပ်ကြပ်ကြီး အောင်ဖြိုးဇင်၊ ၎င်းနှင့်အတူ ထိုင်နေသော စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ (စရဖ) ၏ သတင်းပေးဟု စွပ်စွဲခံရသူ သန်းနိုင်၊ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့၏ ခေါင်းဆောင် သန့်ဇင်ဦးတို့ ဖြစ်သည်ဟု ဆိုသည်။

“အစတုန်းကတော့ သူတို့ကို အရှင်ဖမ်းဖို့ စီစဉ်တာပါ။ ဟိုရောက်တော့ အကုန် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး၊ ထွက်ပြေးကြတော့ အကုန်ပစ်သတ်ခဲ့ရပါတယ်။ သုံးယောက်စလုံးပါ။ သူတို့ကို စောင့်ကြည့်လေ့လာနေတာ ကြာပါပြီ။ သူတို့က အခွန်ကောက်တာမျိုးလုပ်တဲ့လူတွေပေါ့။ သန့်ဇင်ဦးဆိုတာက ဇီးဖြူကုန်းရွာ ပျူခေါင်းဆောင်ပေါ့” ဟု မြို့နယ်တောင်ပိုင်း ပလဖတာဝန်ခံ ကိုတာနောက ပြောသည်။

ရွှေဘိုမြို့ရှောင်လမ်းပေါ်တွင် သွားလာနေသည့် မော်တော်ယာဉ်များထံမှ ငွေကြေးကောက်ခံနေသည့် ထိုသူများကို လွန်ခဲ့သည့် နှစ်ရက်ခန့်ကတည်းက ဝင်ရောက်တိုက်ခိုက်ရန် စီစဉ်ခဲ့သော်လည်း လမ်းပေါ်သွားလာနေသည့် ယာဉ်များ၊ အရပ်သားများ ထိခိုက်မည်ကို စိုးရိမ်သည့်အတွက် ချက်ချင်း အကောင်အထည်မပေါ်ခဲ့ဟု ကိုတာနောက ပြောသည်။

ပစ်ခတ်မှုအပြီးတွင် ပစ္စတိုသေနတ်တစ်လက်နှင့် ကျည်အိမ်၊ ကျည်ဆန်များ၊ ၎င်းတို့စီးနင်းလာသည့် မော်တော်ကားတို့ကို ပလဖတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

ရဲတပ်ကြပ်ကြီး အောင်ဖြိုးဇင်မှာ ပျူစောထီးများကို စစ်သင်တန်းများပေးရသည့် သင်တန်းမှူးဖြစ်ပြီး၊ ဇီးဖြူကုန်းရွာ ပျူစောထီးခေါင်းဆောင် သန့်ဇင်ဦးသည် ရွှေဘိုမြို့ မြို့ရှောင်လမ်းကို အသုံးပြုသည့် ခရီးသည်ယာဉ်၊ ကုန်တင်ယာဉ်များကို ရဲများနှင့်ပူးပေါင်းကာ ငွေအကြီးအကျယ် တောင်းလေ့ရှိသူတစ်ဦး ဖြစ်သည်ဟု ရွှေဘိုမြို့ခံများက ဆိုသည်။

“မနက်အစောကြီး ဝင်ပစ်သွားတာပါ။ ရဲတစ်ယောက်ပါတယ်၊ ပျူခေါင်းဆောင်တစ်ယောက်၊ အင်ဖော်မာ (သတင်းပေး) တစ်ယောက် ပါတယ်လို့ ဖြစ်ပြီးတော့ ကြားရတယ်။ အင်ဖော်မာက ခင်ဦးသား၊ သူ့မြို့မှာ မနေရဲလို့ ဒီမြို့ ရောက်နေတာ” ဟု ရွှေဘိုမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်း။ (ဓာတ်ပုံ-Supplied)

ဇီးဖြူကုန်းရွာသည် ပျူစောထီးအများစု နေထိုင်သည်ဟု အမည်ထွက်ကာ ယမန်နှစ် မေလအတွင်း စစ်တပ် တပ်စွဲထားစဉ် တော်လှန်ရေးအင်အားစုက ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေးဒေသများတွင် ကျေးလက်ဒေသအများစုကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးနေရာယူထားပြီး အာဏာသိမ်းစစ်ကောင်စီ၏တပ်က မြို့ပေါ်နှင့် ဝန်းကျင်ဒေသကိုသာ ထိန်းချုပ်နိုင်သည်။

မြို့ပေါ်တွင် နေရာယူထားကြသည့် စစ်ကောင်စီတပ်များက ကျေးလက်ဒေသများသို့ စစ်ကြောင်းထိုး ဝင်ရောက် မွှေနှောက်ပြီး၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ တော်လှန်ရေးထောက်ခံသည်ဟု ၎င်းတို့ ယူဆသော ဒေသခံများကို ဖမ်းဆီး သတ်ဖြတ်ကာ နေအိမ်များကို  မီးရှို့ဖျက်ဆီးလေ့ရှိသည်။

ထို့အတူ တော်လှန်ရေးတပ်ဖွဲ့များကလည်း မြို့ပေါ်အထိ ထိုးဖောက်ဝင်ရောက်ကာ အခွင့်အရေးရသည့်နှင့် စစ်ကောင်စီဘက်တော်သားများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို  ပြောက်ကျားတိုက်ခိုက်လေ့ရှိကြသည်။

NUG လက်အောက်ခံ တိုင်း၊ မြို့နယ်၊ ကျေးရွာအလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့များ၊ မြို့ပြပြောက်ကျားအဖွဲ့များအပြင် ဒေသကာကွယ်ရေးအဖွဲ့များ၊ သီးခြားလက်နက်ကိုင်အဖွဲ့များကလည်း ထိုသို့ တိုက်ခိုက်လေ့ရှိကြသည်။

မတ် ၁၀ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးနယ်မြေရဲစခန်းမှ အငှားကားဖြင့် ကင်းလှည့်ထွက်လာသော ရဲ ၄ ဦးကို စစ်ကိုင်း-ရွှေဘိုလမ်းပေါ် အုန်းတောရွာအနီးတွင် ချုံခိုတိုက်ခိုက်ခဲ့သည်၊ သေဆုံးသွားသူ ၄ ဦးထံမှ ပစ္စတိုတစ်လက်၊ မောင်းပြန်ရိုင်ဖယ် ၃ လက် သိမ်းဆည်းခဲ့သည်ဟု တော်လှန်ရေးအင်အားစုက ဆိုသည်။

နောက်တစ်နေ့တွင်လည်း မန္တလေးတိုင်း၊ မြင်းခြံမြို့ပြင် မြင်းခြံ- နွားထိုးကြီးလမ်းပေါ်တွင် အရပ်ဘက်သုံးမော်တော်ကားဖြင့် လာသော ဗိုလ်အဆင့်တစ်ဦး အပါအဝင် စစ်သား ၆ ဦးကို ကာကွယ်ရေးအဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ကာ ပစ်သတ်ခဲ့သည်။

အလားတူ မတ် ၂၇ ရက်က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးလာသော ကန့်ဒေါင့်ရွာ နယ်မြေရဲစခန်းမှ အသက် ၃၂ နှစ်အရွယ် ဗိုလ်ကြီးဟိန်းရဲထက်ကို ဒေသကာကွယ်ရေးအဖွဲ့များက အရှင်ဖမ်းဆီးနိုင်ခဲ့သည်။

Show More

Related Articles

Back to top button