သတင်း

စစ်ကိုင်း၊ မန္တလေးတွင် အထိနာသည့်တပ်က ရွာမီးရှို့၍ အဘွားအိုတစ်ဦးသေ

နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် အနီးကပ် ပစ်သတ်ခံရပြီးနောက် မြင်းခြံမြို့နယ်မှ ရွာတချို့ကို မီးရှို့ဖျက်ဆီးရာ ထွက်မပြေးနိုင်သော အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့သည်။

မန္တလေးနှင့် စစ်ကိုင်းတိုင်းတွင် နှစ်ရက်အတွင်း တပ်ဖွဲ့ဝင် ၁၀ ဦးခန့် အနီးကပ် ပစ်သတ်ခံလိုက်ရသည့် စစ်ကောင်စီတပ်က မြင်းခြံမြို့နယ်တွင် ကျေးရွာများကို မီးရှို့ရာ ထွက်မပြေးနိုင်သော အဘွားအိုတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုက ပြောသည်။

မတ် ၁၂ နှင့် ယမန်နေ့ မတ် (၁၃) တွင် စစ်တပ်က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အရှေ့ခြမ်းမှ ရွာ ၅ ရွာ ထက်မနည်းကို သွားရောက်ပြီး မီးရှို့ရာ သင်ပြွန်းရွာမှ ထွက်မပြေးနိုင်သော အသက် ၇၀ အရွယ် အဘွားတစ်ဦး ထိခိုက်သေဆုံးသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မနေ့က မနက်ပိုင်း ၆ နာရီလောက်မှာ သင်ပြွန်းရွာကို ရှို့တယ်။ အဲဒီမှာ အဘွားတစ်ဦး မီးလောင် ဆုံးတယ်။ ပြီးတော့ ၉ နာရီလောက်မှာ မန်ကျည်းစု၊ ညနေပိုင်းမှာ ဆိတ်ကုန်းရွာကို ထပ်ဝင်ပြီး ရှို့တယ်။ ဒီကနေ့ မနက်မှာ နောက် ၂ ရွာနဲ့ အခုထိ လှည့်ရှို့နေတယ်။ ရွာတွေအခြေအနေ မသိရသေးဘူး” ဟု အဆိုပါ ဒေသခံ အမျိုးသားက ယမန်နေ့(မတ် ၁၃) နံနက်တွင် ပြောသည်။

“သင်ပြွန်းရွာက ၁၅ အိမ်လောက် ပါသွားတယ်။ ဆိတ်ကုန်းမှာလည်း ၁၅ အိမ်ဝန်းကျင်ပဲ။ ပျိုးကန်မှာတော့ နှစ်ဖက်ညှပ် ရှို့တာ။ ရွာလုံးကျွတ်နီးပါးပဲ။ (ပျိုးကန်ရွာက) အိမ်ခြေက ၂၀၀ ကျော် ရှိတာ”

ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင်လည်း ကန်စွယ်ကျေးရွာကို မီးတင်ရှို့နေပြီး အိမ်ခြေအရေအတွက်နှင့် အခြေအနေအသေးစိတ် မသိရသေးကြောင်း သူက ဆက်ပြောသည်။

“ကန်စွယ်ရွာကတော့ PDF တွေ နေခဲ့တယ်ဆိုပြီး ပျူတွေသတင်းပေးမှုအရ စိတ်ရှိတိုင်း မီးရှို့ခံနေရတယ်။ တော်တော်များများလည်း ကုန်နေပြီ။ ဒီလ ၃ ရက်နေ့ကကို အဲဒီရွာက ဘုန်းကြီးကျောင်းကို မီးရှို့ထားတယ်။ ဘုန်းကြီးကျောင်းအနီးက အိမ်တွေ ပါသွားတယ်”

ထိုကဲ့သို့ ကျေးရွာမီးရှို့မှုများကို ပျူစောထီးခေါင်းဆောင် “ငပေါက်” ဆိုသူ ဦးဆောင်သောအဖွဲ့နှင့် စစ်သားအင်အား ၆၀ ဝန်းကျင်က အဖွဲ့ နှစ်ဖွဲ့ခွဲကာ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

လက်ရှိတွင် မြင်းခြံမြို့နယ် ကျေးရွာများမှ ဒေသခံအများအပြား အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရသည်။

မြင်းခြံ တိုက်ခိုက်မှု

မတ် ၁၁ ရက်နေ့က နံနက် ၁၁ နာရီခန့်က မန္တလေးတိုင်း၊ မြင်းခြံမြို့ပြင် မြင်းခြံ- နွားထိုးကြီးလမ်းပေါ်တွင် အရပ်ဘက်သုံးကားဖြင့်လာသော ဗိုလ်အဆင့်တစ်ဦး အပါအဝင် စစ်သား ၆ ဦးကို ကာကွယ်ရေးအဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ကြသည်။

ထိုတိုက်ပွဲမှ  ပစ္စတိုတစ်လက် အပါအဝင် သေနတ် ၇ လက်နှင့် ဆက်စပ်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

“ကြိုတင်စောင့်ဆိုင်းပြီး အငိုက်ဖမ်း ဝိုင်းပစ်ခတ်ခဲ့တာပါ။ ကားထဲမှာတော့ ဗိုလ်အဆင့်တစ်ယောက် ပါတယ်။ ရှင်းလင်းပြီး ဒီအတိုင်းထားခဲ့ပါတယ်။ ကားပေါ်ပါ ၆ ဦးစလုံး သေပါတယ်” ဟု ထိုသူက ဆိုသည်။

မြင်းခြံတွင် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းတချို့ကို မတ် ၁၂ ရက်တွင် ထုတ်ပြန်ထား စဉ်။ (ဓာတ်ပုံ-PLA)

အဆိုပါ တိုက်ခိုက်မှုကို  ဒေသကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ခိုက်မှုအပြီး ဓာတ်ပုံမှတ်တမ်းများရယူကာ တော်လှန်ရေးပူးပေါင်းအဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ ထိုနေ့ ညနေမှာပင် စစ်တပ်က ထိုနေရာအနီးရွာများတွင် စစ်ကြောင်းထိုးခဲ့ကြောင်း PLA ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

စစ်သား ၆ ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်သည် ယမန်နေ့ (မတ် ၁၂) နံနက် ၆ နာရီခန့်မှ စတင်ကာ ယနေ့ နံနက်အထိ မြင်းခြံနယ် သင်ပြွန်း၊ မန်ကျီးစု၊ ဆိတ်ကုန်း၊ ပျိုးကန်နှင့် ကန်စွယ် စသည့် ကျေးရွာတို့ကို လှည့်လည်မီးရှို့ခဲ့ကြောင်း  ဒေသခံများနှင့် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံမှ သိရသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော PLA သည် ရှမ်းမြောက် “၁၀၂၇ စစ်ဆင်ရေး” တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

စစ်ကိုင်းတိုင်းကို အမှတ် (၁) စစ်ဒေသ၊ တအာင်းဒေသကို အမှတ် (၂) စစ်ဒေသ၊ တနင်္သာရီတိုင်းကို အမှတ် (၈) စစ်ဒေသ၊ ကိုးကန့်ဒေသကို အမှတ် (၉) စစ်ဒေသဟု သတ်မှတ်ပြီး ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်နေသည်ဟု PLA ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ တော်လှန်ရေးအင်အားစုများကြားမှာ တူတာတွဲလုပ်၊ မတူတာခွဲလုပ်ကြဖို့ ဆုံးဖြတ်ထားကြပါတယ်။ လက်တွေ့မှာ အလုပ်တွေ ခရီးတွင်နေပါတယ်။ တော်လှန်ရေးမှာ အချို့အခက်အခဲတွေကတော့ ရှိမှာပါပဲ။ ဒီလိုပဲ အတူရင်ဆိုင်ကြရတာပါပဲ”

“၁၀၂၇” စစ်ဆင်ရေးတွင် တွေ့ရသော PLA အမျိုးသမီးရဲဘော်များ။ (ဓာတ်ပုံ-PLA)

ကင်းလှည့်လာသည့် ရဲ ၄ ဦးကို ကားချင်းယှဉ်ကာ အနီးကပ် ပစ်သတ်

မတ် ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးနယ်မြေရဲစခန်းမှ ရဲများ အငှားကား မောင်းပြီး ကင်းလှည့်ထွက်လာရာ စစ်ကိုင်း-ရွှေဘိုလမ်းပေါ် အုန်းတောရွာအနီးတွင် တော်လှန်ရေးအင်အားစုက တိုက်ခိုက်ခဲ့သည်။

အဆိုပါ ရဲများ၏ ထိုကားလမ်းဝန်းကျင်တွင် လှုပ်ရှားသွားလာမှုကို နှစ်လနီးပါး စောင့်ကြည့်ပြီး အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် “တောတွင်းတွတ်ပီ” အမည်ရ ဒေသခံကာကွယ်ရေးအဖွဲ့၏ ခေါင်းဆောင် ကိုကြံ့က ပြောသည်။

“ကားချင်း ယှဉ်ပစ်တာ၊ သူတို့ ကားရပ်ပြီး သေနတ်ထုတ်ပစ်မယ့်အချိန် ကျွန်တော်တို့က လက်ဦးမှု ရသွားတာ၊ သူတို့ကားရှေ့ ထိုးရပ်ပြီးတော့ ဝိုင်းပစ်တာ” ဟု သူက ဆိုသည်။

ပစ်ခတ်မှုဖြစ်သည့် ရွာဝန်းကျင်တွင် စစ်သားများ ရှိတတ်ပြီး အမှတ် (၆၀၀၅) တင့်ကားတပ်လည်း အခြေစိုက်သည်ဟု သူက ဆက်ပြောသည်။

“ရှေ့မှာဆိုလည်း xx တွေ ရှိတယ်၊ နောက်မှာဆိုလည်း တင့်ကားတပ် ရှိတယ်။ စစ်ကူလာမယ်ဆို ငါးမိနစ်နဲ့ ရောက်တဲ့နေရာပဲ၊ စစ်ကိုင်းနယ်မှာ ဒီပွဲက အကြမ်းဆုံးဖြစ်လိမ့်မယ်၊ Safe မဖြစ်တဲ့ (မလုံခြုံတဲ့) နေရာကို ဝင်ပစ်ရတာ” ဟု သူက ဆိုသည်။

ကားနှစ်စီးယှဉ်ကာ အနီးကပ် ပစ်ခတ်ခဲ့ပြီး ၎င်းတို့နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လည်း ပါဝင်ကာ ပစ်ခတ်မှုအပြီး တွေ့ရသည့်မြင်ကွင်းရုပ်သံမှတ်တမ်းကို ထုတ်ပြန်ထားသည်။ အငှားကားပေါ်ရှိ ရုပ်အလောင်းများကို ဆွဲချလိုက်သည့် တိုက်ခိုက်ရေးသမားတို့ ထိုကား ယူဆောင်သွားပုံကို ရုပ်သံတွင် တွေ့ရသည်။

အခင်းဖြစ်ပွားမှု ၁၀ မိနစ်ခန့်သာ ကြာမြင့်ပြီး ကားပေါ်တွင် ရဲ ၄ ဦးအနက် ၃ ဦး ပွဲချင်းပြီး သေဆုံးသည်၊ ဒဏ်ရာများနှင့် ထွက်ပြေးသွားသူလည်း သေဆုံးသွားသည်ဟု သိရကြောင်း အထက်ပါ အဖွဲ့ခေါင်းဆောင်က ပြောသည်။

အဆိုပါ ရဲလေးဦးထံမှ ပစ္စတိုတစ်လက်၊ မောင်းပြန်ရိုင်ဖယ် ၃ လက်ရရှိခဲ့ကြောင်း ဓာတ်ပုံများတွင် တွေ့ရသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရွာသစ်ကြီးရဲစခန်းမှ ရဲတပ်ကြပ်ကြီး ဂေတမ်၊ ရဲတပ်ကြပ် ဇာနည်ထွန်း၊ ရဲဒုတပ်ကြပ် ရန်နိုင်စိုးတို့ သေဆုံးသည်ဟု ရေးထားကြသည်။

စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ တိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်သို့ လာသည့် စက်မှုဝန်ကြီးဌာန၊ ဒုဝန်ကြီးနှင့်အဖွဲ့ လမ်းကြောင်းအတွက် လုံခြုံရေးယူနေစဉ် တိုက်ခိုက်ခံရပြီး သေနတ်များ ပါသွားကြောင်း ဖော်ပြထားသည်။

၂၀၂၃ ဒီဇင်ဘာ ၁၁ ရက်ကလည်း အထက်ပါ အုန်းတောရွာတွင် ဈေးလာဝယ်သည့် အမှတ် (၆၀၀၅) တင့်ကားတပ်မှ တပ်ကြပ်ကြီးကျော်ဇင်ထွန်းနှင့် ဒုတပ်ကြပ်နှစ်ဦးကို အထက်ပါ ဒေသခံကာကွယ်ရေးအဖွဲ့ကပင် အရှင်ဖမ်းဆီးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကိုင်းခရိုင်တပ်ရင်းထံ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။

ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း မြင်းခြံမြို့နယ် မြင်းခြံ-ဆီမီးခုံလမ်းပေါ်တွင် အရပ်ဘက်သုံးကားဖြင့် လာသော ရဲများ အပါအဝင် စုစုပေါင်း ၆ ဦးကို တောပုကျေးရွာအနီး ကာကွယ်ရေးအဖွဲ့၏ တိုက်ခိုက်မှုကြောင့် အားလုံး သေဆုံးခဲ့သည်။

အလားတူ ယမန်နှစ် ဒီဇင်ဘာ ၁၁ က နွားထိုးကြီးနှင့် မြို့သာမြို့နယ်တို့ကို ဆက်သွယ်ထားသည့် ကားလမ်းမပေါ်တွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးလာသော နွားထိုးကြီးမြို့နယ် ဝက်လူးနယ်မြေရဲစခန်းမှ ဒုရဲအုပ်ကျော်ဆန်းဝင်း ပစ်သတ်ခံရသည်။

အုန်းတောရွာအနီးပစ်ခတ်မှုမှ သိမ်းဆည်းရရှိသည့် လက်နက်များ၊ ယူနီဖောင်းနှင့် ခဲယမ်းများ၊ အရှင်ဖမ်းခံရသည့် အမှတ် ၆၀၀၅ တင့်ကားတပ်မှ အရပ်ဝတ် စစ်သား ၃ ဦး။ (ဓာတ်ပုံ- ပေးပို့)

Show More

Related Articles

Back to top button