သတင်း

နွားထိုးကြီးတွင် ဒုရဲအုပ်တစ်ဦး ပစ်သတ်ခံရ

နိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်း၊ နွားထိုးကြီးနှင့် မြို့သာမြို့နယ်တို့ကို ဆက်သွယ်ထားသည့် ကားလမ်းမပေါ်တွင် ဒုရဲအုပ်တစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၁) နေ့လယ် ၂ နာရီခွဲခန့်က နွားထိုးကြီးမြို့နယ် ပဲချက်ရွာအနီး အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီး၍ ရောက်လာသူတစ်ဦးကို စစ်ဆေးရန် တားဆီးစဉ် ထွက်ပြေး၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ မြင်းခြံခရိုင် အမှတ် (၄) ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူ တစ်ယောက်တည်း။ ကျောပိုးအိတ်နဲ့ (ဆိုင်ကယ်) မောင်းလာတယ်။ ကျွန်တော်တို့က အေးအေးဆေး ဆေးတားတယ်။ ပြည်သူတွေလိုပဲ တားတယ်။ လုံးဝမရပ်ဘဲနဲ့ မောင်းပြေးတဲ့အတွက် ပစ်ပြီးတော့ ဖမ်းရတဲ့သဘောဖြစ်သွားတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

သေဆုံးသူနှင့်အတူ ပါလာသည့် စာရွက်စာတမ်းနှင့် လက်ကိုင်ဖုန်းပါ အချက်အလက်များအရ ၎င်းမှာ နွားထိုးကြီးမြို့နယ် ဝက်လူးနယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်ဆန်းဝင်း ဖြစ်ကြောင်း၊ ပစ်သတ်ခံလိုက်ရသူထံတွင် လက်နက်ခဲယမ်းမပါကြောင်း ၎င်းထံမှ သိရသည်။

“စစ်ကောင်စီ ဘက်တော်သားတွေကို သတိပေးချင်တာတော့ အခုချိန်က နောက်ဆုံးအချိန်လည်း ရောက်နေပြီ။ အေးအေးဆေးဆေး အလင်းဝင်ကြဖို့ပေါ့။ ကျွန်တော်တို့ အခုလို တားဆီးတဲ့အခါမျိုးတွေမှာလည်း အသက်အန္တရာယ်ကင်းအောင်ပေါ့။ (ဖမ်းဆီးခံရရင်လည်း) ကျွန်တော်တို့က စစ်သုံ့ပန်းဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း ထုတ်ဖော် ပြောဆိုခြင်းမရှိသေးပေ။

ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း မြန်မာနိုင်ငံအလယ်ပိုင်းမှ မြင်းခြံခရိုင်အတွင်းရှိ ထိုလမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ စစ်ဆေးလေ့ရှိသည်။

မြင်းခြံခရိုင်တွင် စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်မှု အားကောင်းပြီး PDF တပ်ရင်း ၈ ခုနှင့် ဒေသကာကွယ်ရေးအဖွဲ့ ဒါဇင်နှင့်ချီ လှုပ်ရှားနေသည်ဟု စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်းသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သဖြင့် စစ်ကောင်စီတပ် အလွယ်တကူ တပ်ဖြန့်နိုင်သည့်အပြင် တောတောင်မထူထပ်သည့် ထိုဒေသတွင် တော်လှန်ရေးသမားများက ပြောက်ကျားစနစ်ဖြင့်သာ စစ်ကောင်စီကို တိုက်ခိုက်နေသည်။

အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်တွင် နိုင်ငံအနှံ့ တော်လှန်ရေးအရှိန်မြင့်နေရာ ပြီးခဲ့သည့် လပိုင်းအတွင်း မြို့နှင့် တပ်စခန်းနေရာအများအပြားကို စစ်ကောင်စီက လက်လွတ်ဆုံးရှုံးနေရသည်။

Show More

Related Articles

Back to top button