
အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် အသက် ၂၂ နှစ် အရွယ် ကိုလရောင်သည် တစ်နေ့တွင် ကွန်မြူနစ် စစ်သားတစ်ယောက် ဖြစ်လာမည်ဟု မတွေးမိခဲ့ပေ။
စစ်တပ် ထုတ်ကုန် မြန်မာဘီယာ ဖြန့်ချိရေးကိုယ်စားလှယ်တာဝန်ဖြင့် မန္တလေးမြို့သို့ သူရောက်နေချိန် စစ်အာဏာသိမ်းမှု ပေါ်ပေါက်ကာ အာဏာသိမ်း စစ်တပ်၏ အကြမ်းဖက် သတ်ဖြတ်မှုများကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးနောက်တွင် ကိုလရောင်က လက်နက်ကိုင် ခုခံ တော်လှန်ရန် ဆုံးဖြတ်ခဲ့သည်။
ထို့နောက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တာဝန်ရှိသူတချို့၏ အကူအညီဖြင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့သို့ သွားရောက်ပြီး စစ်ပညာသင်ကြားခဲ့သည်။
မိုးအကုန် ဆောင်းအကူး အောက်တိုဘာလတွင် လိုင်ဇာမြို့သို့ ရောက်ရှိခဲ့ပြီး သူနှင့်ဘဝတူ အလုပ်သမား၊ လယ်သမားများအပြင် ခေတ်ပညာတတ် ကျောင်းသားများဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ တပ်သား တစ်ယောက် ဖြစ်လာခဲ့သည်ဟု ကိုလရောင်က ပြောပြသည်။
“ရောက်ရောက်ချင်းတုန်းက လက်နက်တွေနဲ့ တအားစိမ်းတော့ နည်းနည်းတော့ စိတ်ပူပန်မိတယ်။ နောက်ပိုင်းမှာကျတော့ အကုန်လုံးက တက်တက်ကြွကြွနဲ့ သင်တန်းကိုလည်း လိုက်ပါနိုင်တယ်။ ခံယူချက်တွေကလည်း အကုန်လုံး ကောင်းမွန်ကြတော့ တော်တော်လေး အားတက်ခဲ့ရတယ်” ဟု ကိုလရောင်က ပြန်ပြောပြသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) ၏ လက်နက်ကိုင်တပ်ဖြစ်သည့် PLA ၏ စစ်သင်တန်းမှာ စစ်ပညာသာမကဘဲ နိုင်ငံရေးသဘောတရားများပါ သင်ကြားရသည့်အတွက် သင်တန်းချိန် ၃ လအတွင်း အားလပ်ချိန်မရှိ ဖြစ်ရသည်ဟု သူက ပြောပြသည်။
“တပ်ကို ပါတီက အဓိက ဦးဆောင်တာပေါ့။ နိုင်ငံရေးသဘောတရားတွေ တော်တော်များများတော့ အဓိကထားပြီး သင်ကြားရတယ်။ အဖိနှိပ်ခံ အလုပ်သမား၊ လယ်သမားနဲ့ အခြေခံလူတန်းစား လွတ်မြောက်ရေးကို အဓိက ထားတယ်။ ကျွန်တော်တို့ တပ်ရဲ့ မူဝါဒမှာ စစ်သုံးစစ် အမြစ်ဖြတ်ရေးကလည်း အဓိကပဲ” ဟု သူက ပြောသည်။
စစ်သုံးစစ် ဆိုသည်မှာ စစ်အစိုးရ၊ စစ်အုပ်စုနှင့် စစ်ဗျူရိုကရေစီယန္တရားတို့ကို ခေါ်ဆိုခြင်းဖြစ်ပြီး ထို ၃ ချက်ကို တိုက်ဖျက်နိုင်မှသာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်နိုင်မည်ဖြစ်ပြီး လူထုဒီမိုကရေစီစနစ်ကို တည်ထောင်နိုင်မည်ဟု ကိုလရောင်ကဲ့သို့ PLA တပ်ဖွဲ့ဝင်များက ယုံကြည်ကြသည်။

ပြန်လည် မွေးဖွားလာသည့် ကွန်မြူနစ်တပ်
မြန်မာပြည် လွတ်လေးရေးတိုက်ပွဲတွင် ဦးဆောင်ပါဝင်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) ကို ၁၉၃၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ပါတီ၏ ပထမဆုံးခေါင်းဆောင်မှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်။
လွတ်လပ်ရေး ရပြီးနောက် အာဏာရ ဖဆပလ ခေါ် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်အတွင်း နိုင်ငံရေးသဘောတရား ကွဲပြားမှုများကြောင့် ၁၉၄၈ မတ်လတွင် ဗကပ တောခိုခဲ့သည်။
ဗကပသည် စစ်ဗိုလ်ချုပ်များ ကြီးစိုးသည့် မြန်မာနိုင်ငံတွင် စစ်တပ်ကို ဆန့်ကျင် တိုက်ခိုက်သည့် အကြီးမားဆုံးသော လက်နက်ကိုင်အဖွဲ့ ဖြစ်ခဲ့သည်။
၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းမှု ပေါ်ပေါက်ပြီးနောက်တွင် ဗကပသည် ကြီးမားသည့် အလှည့်အပြောင်းနှင့် ရင်ဆိုင်လိုက်ရသည်။
၁၉၈၉ ခုနှစ်တွင် ကိုးကန့်နှင့် ဝ တပ်ဖွဲ့များ ပုန်ကန် ခွဲထွက်သွားကြရာ ဗကပသည် လက်နက်ကိုင်တပ်နှင့် ထိန်းချုပ်နယ်မြေ မရှိတော့သည့်အတွက် ပါတီခေါင်းဆောင်များ တရုတ်နိုင်ငံတွင် သွားရောက်နေထိုင်ခဲ့ကြသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီးတွင်လည်း ဗကပသည် ကြီးမားသည့် အလှည့်အပြောင်းကို ထပ်မံ ရင်ဆိုင်ရပြန်သည်။ ယင်းမှာ လက်နက်ကိုင်တပ်ကို ဖွဲ့စည်းလိုက်နိုင်ခြင်းပင် ဖြစ်သည်။
PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော် တင်နွယ်ဦးက စစ်အာဏာမသိမ်းမီကပင် ပါတီ၏ လက်နက်ကိုင်တပ်ကို တည်ထောင်ရန် စီစဉ်နေစဉ် ကိုဗစ်ကပ်ဘေးက အဟန့်အတားဖြစ်ခဲ့သည်ဟု ပြောသည်။
“နွေဦးတော်လှန်ရေး မတိုင်ခင်ကတည်းက ပြန်တည်ထောင်ဖို့ ကြိုးစားချိတ်ဆက်နေပြီ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်ဘဲနဲ့ နွေဦးတော်လှန်ရေး စတဲ့ အချိန်မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။
ထို့နောက် ၂၀၂၁ မတ်လတွင် ကချင်လွတ်မြောက်ရေတပ်မတော် (KIA) ၏ အကူအညီဖြင့် စစ်ပညာ သင်ကြားကြသည်၊ ကိုးကန့်တပ် MNDAA ၏ အကူအညီဖြင့် လက်နက် တပ်ဆင်နိုင်ခဲ့သည်၊ တပ်ဖွဲ့တွင် လူတန်းစားပေါင်းစုံ ပါဝင်နေသည်ဟု သူက ဆက်ပြောသည်။
“အဖိနှိပ်ခံ လယ်သမားတွေ၊ အလုပ်သမားတွေ မြို့နေ ဆင်းရဲသားတွေပါတယ်။ ကျောင်းသားတွေ ပါတယ်။ ဝန်ထမ်းတွေပါတယ်။ လူလတ်တန်းစား ဘာညာတွေ အတွက်ရော အကုန်လွတ်မြောက်ရေးအတွက် ရည်ရွယ်ပါတယ်” ဟု ရဲဘော် တင်နွယ်ဦးက ဆက်ပြောသည်။

PLA နှင့် မဟာမိတ် တပ်များ
ကိုးကန့်ဒေသတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့၏ ဦးဆောင်မှုဖြင့် မဟာမိတ်တပ်ပေါင်းစု ၆၁၁ ကို တည်ထောင်ခဲ့ပြီး အောက်တိုဘာ ၂၇ တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် PLA လည်း ပူးပေါင်းပါဝင်ခဲ့သည်။
စစ်ကိုင်းတိုင်းတွင် အမှတ် ၁ စစ်ဒေသ၊ တနင်္သာရီတိုင်းတွင် အမှတ် ၈ စစ်ဒေသ၊ ကိုးကန့်တွင် အမှတ် ၉ စစ်ဒေသ၊ တအာင်းတွင် အမှတ် ၂ စစ်ဒေသ ဟူ၍ စစ်ဒေသ ၄ ခု သတ်မှတ်ထားသည်။
PLA ပေါ်ပေါက်လာချိန်သည် ဆန္ဒပြမှုကို အကြမ်းဖက်တုံ့ပြန်သည့်စစ်တပ်ကို ခုခံတိုက်ခိုက်ရန် လူငယ်များ အဆင့်သင့်ဖြစ်နေချိန်နှင့် တိုက်ဆိုင်နေသဖြင့် အချိန်တိုအတွင်း တပ်ဖွဲ့ဝင်အင်အား အများအပြား ရရှိလာသည်။
ပူးပေါင်းပါဝင်လာသူတိုင်းကို လက်နက်တပ်ဆင်ပေးထားနိုင်ခြင်း မရှိကြောင်း ရဲဘော် တင်နွယ်ဦးက ပြောသည်။
“တချို့က ကွန်မြူနစ်ဆိုရင် ဘာမှန်းမသိတော့ ကြောက်တာရှိပေမဲ့ အခုက ဘုံရန်သူကို တိုက်မယ်ဆိုရင် ပေါင်းမယ်ဆိုတဲ့ လူတွေက အများကြီးပဲ။ အဲဒါတွေကိုသာ လက်နက် တပ်ဆင်ပေးနိုင်ရင်တော့ အချိန်မရွေး သောင်းဂဏန်း ဖြစ်သွားနိုင်တာပေါ့” ဟု သူက ပြောသည်။
ထို့ပြင် PLA နှင့် မဟာမိတ်တပ်ပေါင်းစု ဖွဲ့ပြီး တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးတပ်များလည်း နေရာအနှံ့တွင် ရှိသည်ဟု သူက ဆက်ပြောသည်။
“PLA လို့တော့ နာမည်မခံဘူး။ PLA စိတ်ဓာတ်နဲ့ အဖိနှိပ်ခံ ပြည်သူလူထုတစ်ခုလုံး လွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ် အမြတ်ဖြတ် ချုပ်ငြိမ်းရေးအတွက် တိုက်မယ်ဆိုတဲ့ ကျွန်မတို့နဲ့ ရင်ဘတ်ချင်းနီးတဲ့ လူတွေလည်း ရှိတယ်။ အဲဒါတွေကတော့ အသေးတွေပေါ့။ နေရာအနှံ့မှာ ရှိတယ်” ဟု သူက ပြောသည်။

မကွေးတိုင်းအခြေစိုက် People’s Democratic Army (PDA) သည်လည်း PLA နှင့် လက်တွဲ တိုက်ပွဲဝင်နေသည့် တော်လှန်ရေးတပ်များထဲတွင် ပါဝင်သည်။
PLA နှင့် သဘောထားချင်း ထပ်တူကျသည်ဟု PDA ခေါင်းဆောင် ကိုမင်းထက်ဦးက ပြောသည်။
“PLA နဲ့က မဟာမိတ်ဖွဲ့ထားတာက နှစ်ဖွဲ့တစ်ဖွဲ့ သဘောမျိုးပေါ့။ PLA ထဲကိုလည်း ကျွန်တော်တို့ ပို့ထားတယ်။ သူတို့ ရဲဘော်တွေကိုလည်း PLA ထဲ ပို့ထားတယ်။ ကျွန်တော်ကလည်း ကျောင်းသားသမဂ္ဂက ဖြစ်တယ်။ စစ်သုံးစစ် တိုက်ဖျက်ရေးပါပဲ” ဟု သူက ပြောသည်။
လူ့အခွင့်အရေးလှုပ်ရှားသူ ကဗျာဆရာ မောင်ဆောင်းခ ဦးဆောင်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) လည်း PLA နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။
ပူးပေါင်းမှုကို ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်သည့် မဟာမိတ်တပ်ပေါင်းစု ၆၁၁ တွင် တွေ့နိုင်သည်။
ရှမ်းမြောက်တွင် BPLA က ကွမ်းလုံနှင့် ချင်းရွှေဟော်တိုက်ပွဲများ၊ PLA က သိန္နီတိုက်ပွဲတို့တွင် တာဝန်ယူခဲ့သည်ဟု မောင်ဆောင်းခက ပြောသည်။
“PLA လဲ အဖိနှိပ်ခံ လူထုအတွက် တိုက်ပွဲဝင်နေတာ ဖြစ်သလို BPLA ကလည်း အဖိနှိပ်ခံ လူထုအတွက်၊ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုက်ရတဲ့ ရန်သူက တူတူပဲ ဖြစ်တယ်။ အထဲမှာ ပါဝင်ကြတဲ့ လူငယ်တွေကလည်း ကျွန်တော်တို့နဲ့ တူတူပါပဲ” ဟု သူက ပြောသည်။

ကွန်မြူနစ် တစ္ဆေ
PLA သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေး ဝန်ကြီးဌာန (MOD) ၏ လက်အောက်ခံတပ် မဟုတ်သော်လည်း MOD ၏ အဆင့်ဆင့်ကွပ်ကဲမှုအောက်တွင် တည်ရှိနေသည်။
သို့သော်လည်း စစ်ကိုင်းတိုင်းတွင်မူ MOD လက်အောက်ခံတပ်များနှင့် PLA တပ်များကြားတွင် လှုပ်ရှားနယ်မြေဆိုင်ရာ ပြဿနာတချို့ ရှိနေသည်။
PLA က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အရှေ့ခြမ်းတွင် စခန်းချထားသည့် ၎င်းတို့၏ရဲဘော်များ မြို့အရှေ့တောင်ဘက်သို့ ဖြတ်သန်းစဉ် ရွှေဘိုခရိုင် တပ်ရင်း ၅ က တားဆီးပိတ်ပင်ခဲ့သည်ဟု ဒီဇင်ဘာ ၂၀ တွင် ထုတ်ပြန်ခဲ့သည်။
စစ်အာဏာရှင်စနစ် ပြုတ်ကျရေးသည်သာ အဓိကဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) သည် နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် တည်ထောင်ထားသည့် တပ်ဖြစ်သည်၊ အဖိနှိပ်ခံ အလုပ်သမား၊ လယ်သမားများ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်ဟု ရဲဘော် တင်နွယ်ဦးက ပြောသည်။
“MOD အောက်မှာတော့ မဟုတ်ဘူး။ ဘုံရန်သူ တူတဲ့အတွက်ကြောင့် တွဲတိုက်မယ်ပေါ့။ ကျွန်မတို့နဲ့ အပြန်အလှန် ကူညီကြမယ်၊ တွဲတိုက်မယ်ဆိုတဲ့ သဘောတူညီချက်က ရှိထားတယ်။ တရားဝင်သာ စာမထုတ်တာပါ” ဟု သူက ပြောသည်။
စစ်အာဏာရှင်စနစ် ပြုတ်ကျသွားပါက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသာမက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်ဖွဲ့များ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များပါ စုပေါင်းပြီး လက်နက်ဖြုတ်သိမ်းရေးအတွက် လူထုဆန္ဒနှင့်အညီ ဆုံးဖြတ်သွားမည်ဟု သူက ဆက်ပြောသည်။
“တပ်အနေနဲ့ ဆက်ရှိမရှိဆိုတာက လောလောဆယ် ပြောလို့မရသေးဘူး။ အခြေအနေကို ကြည့်မယ်။ နိုင်ငံရေး အခင်းအကျင်းကို ကြည့်မယ်။ အားလုံးရဲ့ ဆန္ဒအပေါ်မှာ ဆက်လျှောက်ကြမယ်” ဟု သူ က ရှင်းပြသည်။

ခေတ်အဆက်ဆက်တွင် စစ်ဗိုလ်ချုပ်များက ကွန်မြူနစ်ဆန့်ကျင်ရေး ဝါဒဖြန်ခဲ့ရာ အသက် ၆၀ အောက် မြန်မာပြည်သားများသည် ထိုဝါဒဖြန့်မှုအောက်တွင် ကြီးပြင်းလာကြခြင်း ဖြစ်သည်။ ၁၉၈၈ ခုနှစ် အာဏာသိမ်းဗိုလ်ချုပ်ကြီးများက တိုင်းပြည်၏ ရန်သူမှာ ကွန်မြူနစ်များဖြစ်သည်ဟုပင် ဆိုခဲ့ကြသည်။
ဤအခြေအနေတွင် ဗကပနှင့် ထိတွေ့ဆက်ဆံရန် အများအပြားက ဝန်လေးနေကြခြင်းမှာ မထူးဆန်းပေ။
နိုင်ငံရေးသမားတစ်ဦးက ဗကပ ပြန်လည်အသက်ဝင်လာမည်၊ ကွန်မြူနစ်ပါတီ၏ တပ်အင်အား ကြီးထွားလာမည်ကို စိုးရိမ်သည်ဟုပင် Myanmar Now ကို ပြောသည်။
“နိုင်ငံရေးအရ ရှုပ်ထွေးမှု ထပ်ဖြစ်လာနိုင်တယ်။ ကွန်မြူနစ်ပါတီအနေနဲ့ ပြန်ထောင်ပြီးတော့ ဒီမိုကရေစီနိုင်ငံကို သွားမယ်ဆိုတဲ့ အခါမှာ ကွန်မြူနစ်ပါတီကို တည်ထောင်ပြီးတော့ နိုင်ငံရေးထဲကို ပြန်ဝင်လာနိုင်တာပေါ့” ဟု အမည်မဖော်လိုသည့် နိုင်ငံရေးသမားတစ်ဦးက ဆိုသည်။
ကျူးဘား၊ တရုတ်၊ ဗီယက်နမ်၊ မြောက်ကိုရီးယား၊ လာအိုတို့မှာ ကွန်မြူနစ်ပါတီအာဏာရရှိထားသည့် တိုင်းပြည်များ ဖြစ်ကြပြီး ဗကပသည် တရုတ်ကွန်မြူနစ်ပါတီ၏ ထောက်ခံမှုကို ယခင်က ကာလရှည် ရရှိခဲ့ဖူးသည်။
အာဏာသိမ်းဗိုလ်ချုပ်ဟောင်း ဦးနေဝင်း၏ ၂၆ နှစ် သက်တမ်းရှိခဲ့သည့် အာဏာရှင်အုပ်ချုပ်ရေးကာလတွင် ဗကပသည် အင်အားကြီး အတိုက်အခံအင်အားစု ဖြစ်ရာ ဆန့်ကျင်ပုန်ကန်လိုသူအများအပြား၏ လေးစားမှု၊ ယုံကြည်အားကိုးမှုကို ရရှိခဲ့သည်။

ခေတ်အဆက်ဆက် အလုပ်သမား၊ လယ်သမား၊ ကျောင်းသားအရေး လုပ်ကိုင်သည့် အသင်းအဖွဲ့များထဲမှ အများအပြားသည်လည်း ဗကပနှင့် နီးစပ်သူများ ဖြစ်သည်။
စစ်တပ် ထုတ်ကုန် မြန်မာဘီယာ ဖြန့်ချိရေးကိုယ်စားလှယ်ဖြစ်ခဲ့ဖူးသော ကိုလရောင်က ယခုအခါ PLA ရဲဘော်အဖြစ် မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်း အမှတ် ၁ စစ်ဒေသတွင် တိုက်ပွဲဝင်နေသည်၊ ဒေသခံပြည်သူတို့၏ ယုံကြည်ချက် ရရှိနေသည်ဟုလည်း သူက ပြောသည်။
ဒေသခံ အလုပ်သမား၊ လယ်သမားများကို နိုင်ငံရေးစကားလုံးများဖြင့် စည်းရုံးခြင်းထက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် လုပ်ရပ်ဖြင့်သာ စည်းရုံးသည်ဟု ကိုလရောင်က ပြောသည်။
“တစ်ချိန်တုန်းက အမှောင်ချထားတာရှိတယ်။ ခုချိန်မှာတော့ ကျွန်တော်တို့ လုပ်ရပ်ကြောင့် လူထုက ကျွန်တော်တို့အပေါ်မှာ တော်တော်လေး နားလည်လာတယ်။ ကွန်မြူနစ်ဆိုတာ ဒီလိုမျိုး မဟုတ်ဘူးဆိုတဲ့ ယုံကြည်ချက်တွေလည်း ရှိလာကြတယ်” ဟု ကိုလရောင်က ပြောလိုက်သည်။