သတင်း

မန္တလေးတိုင်း မြင်းခြံမြို့ တိုက်ခိုက်မှုတွင် ရဲ ၆ ဦး သေဆုံး

တပ်မတော်နေ့ စစ်ရေးပြပွဲ လူရွေးခံပြီး ပြန်လာသည့် ရဲကားကို တော်လှန်ရေးအဖွဲ့များက တားဆီး စစ်ဆေးစဉ် လက်နက်တွေ့သဖြင့် ပစ်ခတ်လိုက်ရာ ရဲများ သေဆုံးသွားသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၂) မွန်းလွဲပိုင်းက မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့၏  တိုက်ခိုက်မှုကြောင့် ရဲ ၆ ဦး သေဆုံးသွားသည်ဟု သိရသည်။

တောပုကျေးရွာအနီး မြင်းခြံ-ဆီမီးခုံလမ်းပေါ်တွင် မောင်းနှင်လာသည့် ရဲကားကို တားဆီးစစ်ဆေးပြီးနောက် လက်ဦးမှုယူ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသအခြေစိုက် မိုင်းဇာနည်အထူးပြောက်ကျားတပ် ပြန်ကြားရေးတာဝန်ရှိသူက Myanmar Now ကို ပြောသည်။

“အရင်ကတည်းက လမ်းပိုင်းကို အသုံးပြုတဲ့သူတွေ မှန်ချမောင်းဖို့ရာ သတိပေးပြီသားပါ။ ဒါပေမဲ့ အဲ့ဒီကားက မှန်မချဘဲမောင်းလာလို့ တားဆီးစစ်ဆေးတာ၊ ကားပေါ်က သေနတ်ကို ကျွန်တော်တို့က အရင်မြင်လိုက်တယ်။ မြင်ရာကနေ ရုတ်တရက်တိုက်ခိုက်မှုဖြစ်သွားတာပေါ့” ဟု သူက ပြောသည်။

သေဆုံးသူများထဲတွင် ရဲမေ ၂ ဦး ပါဝင်သည်၊ မောင်းပြန်သေနတ်သုံးလက်နှင့် ကျည်ဆန် ၂၀၀ ကျော် သိမ်းဆည်းရမိသည်ဟု ၎င်းက ဆိုသည်။

မတ်လကုန်ပိုင်းတွင် ပြုလုပ်မည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတစ်ခုအတွက် လူတွေ့စစ်ဆေးခံပြီး မန္တလေးမြို့မှ ပြန်လာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားထားသည်။

ဒုရဲအုပ် ထင်အောင်ကျော် ၃၇ နှစ်၊ ဒုတပ်ကြပ် စိုးဇေယျာမင်း၊ တပ်သား အောင်သူရထွန်း၊ တပ်သား သော်သော်မျိုး၊ တပ်သား ပန်းအိဖြူ၊ အောင်ဖြိုးသန့် ၂၃ တို့ ဖြစ်ကြောင်း ထိုသတင်းတွင် တွေ့ရသည်။

အရပ်ဝတ် ဝတ်ဆင်ထားကြသည့် ထိုရဲများသည် အဖြူရောင် အရပ်ဘက်သုံးကားဖြင့် ခရီးနှင်လာခြင်းဖြစ်သည်။

မြင်းခြံနှင့် ဆီမီးခုံလမ်းတွင် တော်လှန်ရေးတပ်များက မကြာခဏစစ်ဆေးနေသည်၊ ယမန့်နေ့တိုက်ခိုက်မှုကို ဒေသအခြေစိုက် တလုပ်ပြည်သူ့ကာကွယ်ရေးတပ်၊ MP9 နှင့် မိုင်းဇာနည် အမည်ရ အဖွဲ့သုံးခုက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“မသင်္ကာရင် ကျွန်တော်တို့က တားဆီးစစ်ဆေးမယ်။ ပြည်သူတွေအနေနဲ့ ဘယ်လိုကားပဲ မောင်းသည်ဖြစ်စေ၊ စီးသည်ဖြစ်စေ ဒရိုက်ဘာတွေအနေနဲ့ မှန်ချမောင်းဖို့ မေတ္တာရပ်ခံချင်ပါတယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်သွားမှာစိုးလို့ပါ” ဟု ၎င်းက ပြောသည်။

ထိုတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်၏ တုံ့ပြန်မှုကို အတိအကျမသိရသေးပေ။

တောင်သာ၊ မြင်းခြံ၊ နွားထိုးကြီးနှင့် ငါန်းဇွန်မြို့နယ်တို့၌ စစ်တပ်အထိုင်ချနေရာနှင့် လှုပ်ရှားစစ်ကြောင်းများကို ကာကွယ်ရေးအဖွဲ့များက မကြာခဏတိုက်ခိုက်နေသည့် မြင်းခြံခရိုင်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ PDF တပ်ရင်း ၈ ခု ရှိနေပြီး ဒေသကာကွယ်ရေးအဖွဲ့ ဒါဇင်နှင့်ချီ လှုပ်ရှားနေသည်ဟု ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်းသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သဖြင့် စစ်ကောင်စီတပ် အလွယ်တကူ တပ်ဖြန့်နိုင်သည်။ တောတောင်မထူထပ်သည့် ထိုဒေသတွင် လက်နက်အင်အား အကန့်အသတ်ရှိသည့် PDF ကလည်း ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်နေသည်။

Show More

Related Articles

Back to top button