သတင်း

မြင်းခြံခရိုင်တွင် ပြောက်ကျားတိုက်ခိုက်မှုများ ဆက်ရှိနေ

စစ်ကောင်စီတပ် အင်အားအလုံးရင်းဖြန့်ကြက်ထားပြီး အစစ်အဆေးတင်းကြမ်းရှိသည့် နိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်း မြင်းခြံခရိုင်တွင် စစ်တပ်အထိုင်ချနေရာနှင့် လှုပ်ရှားစစ်ကြောင်းများကို ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များက မကြာခဏတိုက်ခိုက်နေသည်။

ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် ညီနောင် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေချိန် နိုင်ငံအလယ်ပိုင်းတွင် အာဏာသိမ်းစစ်တပ်ကို ထိုးဖောက်တိုက်ခိုက်နေရာ ဗုံးသီးချခြင်း၊ မိုင်းဆွဲခြင်းနှင့် ရင်ဆိုင်တိုက်ပွဲများ မကြာခဏရှိနေသည်ဟု တောင်သာ၊ မြင်းခြံ၊ နွားထိုးကြီးနှင့် ငါန်းဇွန်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

မြင်းခြံခရိုင်သည် အာဏာသိမ်းပြီးနောက် ကနဦးပေါ်ပေါက်လာသော စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြမှု အားကောင်းခဲ့သလို အာဏာရှင်အမြစ်ဖြတ်ရန် ရည်ရွယ်သည့် လက်နက်ကိုင်တော်လှန်ရေးလည်း အရှိန်သေမသွားပေ။

မြင်းခြံခရိုင်အတွင်း လှုပ်ရှားနေသည့် PDF တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

မြို့သိမ်းတိုက်ပွဲများမရှိသေးသော်လည်း NUG ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားမှုဖြင့် တိုက်ပွဲဖော်ဆောင်နေသည်ဟု တောင်သာမြို့နယ်ကိုယ်စားပြု မြင်းခြံခရိုင်တပ်ရင်း (၃) ယာယီတပ်ရင်းမှူး ဝမ်းမိုးက ပြောသည်။

“ညွှန်ကြားချက်အတိုင်း ခိုင်းရင်ခိုင်းတဲ့နေရာ အလုပ်လုပ်ရတဲ့သဘောပါ။ စစ်ရေးအခြေအနေကတော့ ခရိုင်အတွင်း အကုန်ဖြန့်ကြက်ထားတယ်။ မိုင်းဆွဲနိုင်ရင်ဆွဲတယ်။ ရင်ဆိုင်တိုက်ခိုက်နိုင်ရင်တိုက်တယ်။ မြို့သိမ်းတိုက်ပွဲကတော့ မရှိသေးပါဘူး” ဟု ၎င်းက ဆိုသည်။

၁၀၂၇ စတင်သည့် အောက်တိုဘာ ၂၇ တွင်  မြင်းခြံနှင့် တောင်သာမြို့နယ်ကြား စစ်တပ်အထိုင်ချသည့် တိုးဂိတ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့သလို မဟာမိတ်ပူးပေါင်းအဖွဲ့များကလည်း နယ်နိမိတ်ချင်း ဆက်နေသော မြင်းခြံ၊ နွားထိုးကြီးနှင့် ငါန်းဇွန်တို့တွင် တိုက်ခိုက်နေကြောင်း ၎င်းက ဆိုသည်။

“စစ်တပ်က ဒီရွာပတ်ရင် (ကာကွယ်ရေးအဖွဲ့က) တစ်ရွာကျော်လောက်မှာ ကပ်တယ်။ အလစ်အငိုက်ရရင် ဝင်တိုက်တယ်။ ပြည်သူတွေရဲ့ သတင်းအချက်အလက်စီးဆင်းမှုနဲ့ Scout (ကင်းထောက်) ကောင်းကောင်းနဲ့ အဓိကက ချုံခိုတိုက်ခိုက်နည်းပါပဲ” ဟု သူက ဆက်ပြောသည်။

ထို့နောက် အထင်ကရ ရန္တပို​ကျောက်စာတိုင်တည်ရှိရာ မြင်းခြံမြို့နယ် ကိုင်းရွာတွင် တပ်စွဲထားသည့် စစ်တပ်ကို နိုဝင်ဘာ ၁၆ မနက်ပိုင်းတွင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီး MA1 သေနတ်တစ်လက်နှင့် ခဲယမ်းအချို့သိမ်းဆည်းရရှိကြောင်း မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ စိုင်းဂျာလူက ပြောသည်။

စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်နေသည့် မြင်းခြံခရိုင် PDF အဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့)

ထိုတိုက်ပွဲတွင် အထိုင်ချ စစ်ကောင်စီတပ်ကို လာရောက်တွေ့သည့် ကချင်ပြည်နယ် ဗန်းမောက်ဘက်မှ အမျိုးသမီးတစ်ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီး စစ်ဆေးနေသည်၊ နောက်ကြောင်းရှင်းပါက မိဘများထံ ပြန်လည်အပ်နှံရန် စီစဉ်နေသည်ဟု ၎င်းက နိုဝင်ဘာ ၂၃ တွင် ပြောသည်။

စစ်ကောင်စီတပ်က ရေစကြိုနှင့် မြင်းခြံမြို့နယ်ကြား ဧရာဝတီမြစ်အရှေ့ဘက် ကိုင်းရွာတွင် တိုက်ခိုက်ခံရပြီးနောက် ရွာချင်းကပ်နေသည့် ညောင်တိုရွာအထိုင်စခန်းတွင် သွားရောက် ပူးပေါင်းလိုက်ပြီး အနီးရှိကျေးရွာများကို လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေကြောင်း ၎င်းက ဆိုသည်။

ကိုင်းရွာတိုက်ပွဲအပြီး စစ်ကောင်စီတပ်ကို ဆက်လက် ဖိအားပေးထားသည်ဟု ၎င်းက ဆက်ပြောသည်။ 

“ကိုင်းရွာ သိမ်းပြီးတဲ့နောက်ပိုင်းမှာ နေရာခပ်များများမှာ ခြိမ်းခြောက်မှုတွေ အများကြီးပေးနိုင်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။ 

မြေပြန့်လွင်ပြင်ဖြစ်ပြီး အင်အားအလုံးအရင်းဖြင့်အထိုင်ချထားသည့် မြင်းခြံမြို့နယ်အတွင်း တိုက်ပွဲများ ဖော်ဆောင်ရန် ရည်မှန်ထားသော်လည်း တစ်နိုင်ငံလုံးမှ ကာကွယ်ရေးအဖွဲ့များနည်းတူ ခဲယမ်းမီးကျောက် အားနည်းချက်ရှိနေကြောင်း သူက ဆိုသည်။

မြန်မာနိုင်ငံ၏ အလယ်ဗဟိုတွင် ရှိသည့် မြင်းခြံခရိုင်သည် စစ်ကိုင်း၊ မကွေးတိုင်းတို့နှင့် ထိစပ်နေသလို မန္တလေးတိုင်းထဲတွင် လက်နက်ကိုင်ခုခံမှုအားကောင်းသော ဒေသတစ်ခုဖြစ်သည်။ မြင်းခြံခရိုင်တွင် NUG လက်အောက်ခံ PDF တပ်ရင်း ၈ ခု ရှိနေပြီး ဒေသကာကွယ်ရေးအဖွဲ့ ဒါဇင်နှင့်ချီ လှုပ်ရှားနေသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်၏ နယ်ဖြစ်သော နွားထိုးကြီးမြို့နယ်သည် လက်နက်ကိုင်တော်လှန်ရေးအားကောင်းပြီး ဒေသခံအဖွဲ့များက စစ်တပ်ကို နည်းမျိုးစုံဖြင့် တိုက်ခိုက်လျက်ရှိသည်။

နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်ကြား ပျားရွာအနီးတွင် နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အခြားပူးပေါင်းတပ်ဖွဲ့များက စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ အထိအခိုက်များရှိကြောင်း သိရသည်။

ပစ်ခတ်ဖြိုခွင်းမှုများကြား ၂၀၂၁ မတ် ၁၉ က ဆန္ဒပြနေသည့် မြင်းခြံမြို့ခံများကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-CJ)

မြင်းခြံခရိုင်တွင် ပါဝင်ပြီး မန္တလေးမြို့နှင့် နီးသည် ငါန်းဇွန်မြို့နယ်တွင် ပြောက်ကျားတိုက်ခိုက်မှုများရှိရာ စစ်တပ်ကလည်း စစ်ကြောင်းနှစ်ကြောင်းဖြင့် လှည့်လည်နေကြောင်း မြို့နယ်ပကဖတာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ကြောင်းထိုးတဲ့နေရာ တိုးတာပေါ့။ အထိုင်ကတော့ မတိုးပါဘူး။ စစ်ကြောင်းထိုးတဲ့နေရာ စုံတာပေါ့။ ခါတိုင်းဝင်တဲ့ ရွာတွေ မဝင်ဘူးဆိုရင်တောင် အခုဝင်တယ်။ ခဏခဏဝင်တယ်။ အဲ့လိုရှိပါတယ်” ဟု ၎င်းက ပြောသည်။

ရှမ်းမြောက်ဒေသ စခန်းသိမ်းတိုက်ပွဲများကဲ့သို့သော စစ်ရေးအသာစီးရမှုနှင့် မနှိုင်းယှဉ်နိုင်သော်လည်း စစ်ကောင်စီ နယ်မြေစိုးမိုးမှုရှိနေဆဲဖြစ်သော မြင်းခြံခရိုင်တွင် လှုပ်ရှားစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခြင်းမှာ အရေးပါသည့် ခြိမ်းခြောက်မှုဖြစ်ကြောင်း တော်လှန်ရေးသမားတစ်ဦးက ပြောသည်။

“ဒီဘက်မှာက စကစနယ်မြေလိုဖြစ်နေတော့ မြင်းခြံခရိုင်ဘက်မှာ လုပ်ရကိုင်ရတာ ပိုပြီးကျပ်တည်းတော့ စခန်းသိမ်းဆိုတာတော့ နည်းသေးတာပေါ့။ စစ်တပ်လမ်းကြောင်းတွေကို ဖြတ်တောက်၊ မိုင်းဆွဲတာတွေပဲ အများဆုံးလုပ်နိုင်တယ်” ဟု မြင်းခြံနှင့် ငါန်းဇွန်တွင် စစ်ရေးလှုပ်ရှားသည့် ရွှေဂျိုးဖြူ အမည်ရ ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိုအခြေအနေတွင် စွန့်စားပြီးတိုက်ခိုက်နေသည့် တော်လှန်ရေးတပ်သားများ အထိအခိုက်အကျအဆုံးလည်း ရှိနေသည်။ ထို့ပြင် လက်နက်ကိုင်တော်လှန်ရေးအားကောင်းသည့် ဒေသများကို စစ်ကောင်စီတပ်က နေအိမ်မီးရှို့ခြင်း၊ သံသယဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့် အခြေအနေများကိုလည်း မြင်းခြံဒေသခံတို့ ရင်ဆိုင်နေရသည်။

အထူးသဖြင့် တောတောင်နှင့် နီးပြီး PDF တပ်ဖွဲ့ဝင်များ ခိုအောင်းနိုင်သည်ဟု ၎င်းတို့ ယူဆသောရွာများကို ပစ်မှတ်ထားလေ့ရှိကြောင်း မကြာခဏ မီးရှို့ခံနေရသည့် မြင်းခြံမြို့နယ် မကျီးစုရွာတွင် နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။

စစ်တပ်၏ လက်နက်ကြီးဒဏ်နှင့် စစ်ကြောင်းဝင်၍ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရသည့်ဒဏ်ကို မကြာခဏခံရကြောင်း ထိုအမျိုးသားက ဆိုသည်။

အိမ်မီးရှို့မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက ခုခံပြောဆိုခြင်း မရှိတော့ပေ။

ဤအတောအတွင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ရေးနှင့် ပတ်သက်သည့် ပြောဆိုချက်များကို နေ့စဉ် ထုတ်ပြန်နေသည်။

ထိုပြောဆိုချက်များတွင် မြင်းခြံကဲ့သို့ နိုင်ငံအလယ်ပိုင်းဒေသ ဖြစ်ရပ်များ မပါဝင်ဘဲ ၁၀၂၇ စစ်ဆင်ရေးဒေသအတွင်း မည်သည့်မြို့များတွင် တိုက်ပွဲရှိခဲ့ကြောင်း ထည့်သွင်းဖော်ပြတတ်သည်။

ရှမ်းပြည်နယ် သိန္နီမြို့နယ်၊ နမ့်စလပ်ရွာတွင် ထိတွေ့တိုက်ပွဲဖြစ်နေသည်မှာ နှစ်ပတ်ခန့်ရှိပြီ ဖြစ်သည်၊ ထိုဒေသတွင် စစ်ကောင်စီတပ် စစ်ကူရောက်သွားပြီဖြစ်သည်ဟု နိုဝင်ဘာ ၂၃ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီညနေပိုင်းမှာတော့ အင်အားဖြည့်တပ်များ ရောက်ရှိပြီး ရန်သူအနေနဲ့ အကျအဆုံးများစွာရှိတယ်လို့ ကျွန်တော်တို့ သိရပါတယ်” ဟု သူက ဆိုသည်။

လောက်ကိုင်မြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲငယ်များ ဖြစ်ခဲ့သည်၊ ကယားပြည်နယ် ဖယ်ခုံမြို့တွင် ထိတွေ့တိုက်ပွဲအနည်းငယ်ရှိသည်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ် ထရွှန်အိုင်တွင် ဗုံးတပ်ဒရုန်းနှင့် တိုက်ခိုက်ခံရသည်ဟု အနှစ်ချုပ် ပြောပြသည်။

Show More

Related Articles

Back to top button