
နိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ပျားရွာကို စီးနင်းပြီး ၃ နှစ်သမီးအပါအဝင် ဒေသခံများကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ယမန်နေ့ (နိုဝင်ဘာ ၉) တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်နှစ်ခုထံမှ သိရသည်။
အင်အား ၃၀ ဝန်းကျင်ရှိ စစ်သားများ ၎င်းတို့ သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် နေရာ၏ တောင်ဘက် ၂ မိုင်အကွာ ခံစပ်ကုန်းရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားစဉ် ဝင်တိုက်ကြခြင်းဖြစ်သည်ဟု ကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သော ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ပျားရွာပြီးကတည်းက ခံစပ်ကုန်းမှာ သွားတပ်စွဲထားတယ်။ တမြန်မနေ့ကလည်း အပေါ်ကနေ ဒရုန်းနဲ့ ဗုံးသီးနှစ်လုံး ချခဲ့သေးတယ်။ အဲ့ဒါ မနေ့က ထပ်ပြီးတိုက်တာပေါ့။ မနေ့က သိမ်းဆည်းနိုင်တဲ့အထိကို သူတို့ လုပ်နိုင်တယ်။ ဒါပေမဲ့ တပ်စွဲတဲ့နေရာကို စစ်ဆေးနိုင်တဲ့အထိမလုပ်နိုင်ဘူး” ဟု ၎င်းက နိုဝင်ဘာ ၁၀ ရက်နေ့တွင် ပြောသည်။
တော်လှန်ရေးပူးပေါင်းအဖွဲ့များက ချေမှုန်းရေး၊ စစ်ကူလမ်းကြောင်း ဖြတ်တောက်ရေးအတွက် ကြိုတင် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် စစ်ကောင်စီလက်နက်ကိုင်များ အထိနာနိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။
နှစ်နာရီဝန်းကျင် တိုက်ပွဲအပြီး စစ်တပ်ဘက်မှ ပြန်မပစ်နိုင်တော့ကြောင်း၊ ထွက်ပြေးသွားသည့် စစ်သားသုံးဦးကိုလည်း လိုက်လံတိုက်ခိုက်ခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။
သို့သော် စစ်ကူလမ်းကြောင်းကို အလုံးစုံမတားဆီးနိုင်ဘဲ အင်အားဖြည့်သူများ ရောက်လာခြင်းကြောင့် ဆုတ်ခွာလာရကြောင်း ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့ဘက်က အဓိက ဖြစ်နေတာက လက်နက်အားနည်းတာပေါ့။ အဲ့ဒါကြောင့် ကိုယ့်ဘက်က မထိအောင် ဆုတ်လာတာပဲရှိတာ။ ကိုယ့်ဘက်က သာတယ်၊ လက်နက်အင်အားပဲ လိုတယ်၊ လူအင်အား ပေါတယ်။ (နိုင်ငံအလယ်ပိုင်းမှာ) တိုက်ပွဲတွေက တော်တော်ဖြစ်နေတယ်”
စစ်ကောင်စီဘက်က ထိခိုက်သူများကို ညနေပိုင်းတွင် ခံစပ်ကုန်းရွာမှ ကားဖြင့် သယ်သွားသည်ကို တွေ့မြင်ရသည်ဟု ဆိုသည်။
ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးလည်း ဝမ်းဗိုက်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာ ၉ တွင် အဆိုပါ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ်သံများကို နာရီနှင့်ချီ ကြားခဲ့ရကြောင်း ပျားရွာမှ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ဆိုသည်။
ပျားရွာ၊ ခံစပ်ကုန်း (အရှေ့) နှင့် ခံစပ်ကုန်း (အနောက်) ရွာမှ ဒေသခံ သုံးထောင်ကျော်သည် ဘေးလွတ်ရာ တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။
“အခုလောလောဆယ် စစ်ရှောင်ဦးရေက တိုးတာပေါ့။ များတာပေါ့။ စားဝတ်နေရေး၊ နေစရာထိုင်စရာ နည်းနည်းတော့ အခက်အခဲဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
နိုဝင်ဘာ ၇ တွင် မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်အစပ် မြင်းခြံမြို့ အရှေ့မြောက်ဘက်ရှိ ပျားရွာကို ဝင်ရောက်စီးနင်းစဉ် စစ်တပ်က ၃ နှစ်သမီးတစ်ဦး၊ အသက် ၄၀ အရွယ် ကိုရဲဝင်း၊ ၃၀ အရွယ် ကိုဂျစ်တူး၊ ၂၀ အရွယ် ကိုပြည့်ဖြိုး၊ ၁၆ နှစ်ကျော် အရွယ်များဖြစ်ကြသော ကိုထက်မြတ်နှင့် ကိုမျိုးမင်းသန့်တို့ကို သတ်ဖြတ်သွားသည်ဟု ဒေသခံများက ဆိုသည်။
ပျားရွာ အိမ်များ မီးရှို့ခံရသလို ဒေသခံများမှာလည်း ညှဉ်းပန်းနှိပ်စက်ခံရပြီးမှ အသတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။
မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်အစပ် တိုက်ပွဲများတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ခရိုင် PDF တပ်ရင်း ၃ ခုနှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်ဟု မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း မြန်မာနိုင်ငံ၏ အလယ်တည့်တည့်တွင် ရှိသည့် မြင်းခြံမြို့နယ်သည် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်မှု အားကောင်းနေသည်။
PDF တပ်ရင်း ၈ ခု ရှိနေပြီး ဒေသကာကွယ်ရေးအဖွဲ့ ဒါဇင်နှင့်ချီ လှုပ်ရှားနေသည်ဟု ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
မြန်မာနိုင်ငံအလယ်ပိုင်းသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သဖြင့် စစ်ကောင်စီတပ် အလွယ်တကူ တပ်ဖြန့်နိုင်သည်။ တောတောင်မထူထပ်သည့် ထိုဒေသတွင် လက်နက်အင်အား အကန့်အသတ်သာရှိသည့် PDF ကလည်း ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်နေသည်။
ဤအတောအတွင်း ညီနောင် ၃ ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇” အမည်ဖြင့် စစ်ဆင်ရေး ဆင်နွှဲနေချိန် PDF များကလည်း နိုင်ငံအလယ်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ထိုးဖောက် တိုက်ခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)