နိုဝင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းက မြင်းခြံမြို့နယ်၊ ပျားရွာကို စီးနင်းပြီး ၃ နှစ်သမီးကို သတ်ခဲ့သည့် စစ်ကောင်စီတပ်က ဆယ်ကျော်သက် ၂ ဦးအပါအဝင် ရွာသား ၅ ဦးကိုလည်း ထပ်မံသတ်ဖြတ်သွားခဲ့သည်။
သေဆုံးသွားသူများမှာ အသက် ၄၀ အရွယ် ကိုရဲဝင်း၊ အသက် ၃၀ အရွယ် ကိုဂျစ်တူး၊ အသက် ၂၀ အရွယ် ကိုပြည့်ဖြိုး၊ အသက် ၁၆ နှစ်အရွယ်များ ဖြစ်ကြသော ကိုထက်မြတ်၊ ကိုမျိုးမင်းသန့်တို့ဖြစ်ကြောင်း၊ ထိုရွာမှ တောင်ယာနှင့် သာမန်လက်လုပ်လက်စားလုပ်ကိုင်သူများဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ပျားရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။
သတ်ဖြတ်ခံရသူများ၏ ရုပ်အလောင်းများကို ယနေ့ (နိုဝင်ဘာ ၈) နံနက်ပိုင်းတွင် ရွာအရှေ့ဘက် ကွမ်းခြံထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သတ်ဖြတ်ခံရသည့်အချိန်ကို အတိအကျမသိရသော်လည်း ၃ နှစ်သမီးကို သတ်ဖြတ်ပြီးနောက်ပိုင်း ဖြစ်နိုင်သည်ဟု ပျားရွာသားတို့က ဆိုသည်။
“သူတို့က (စစ်တပ်က) စစ်ကြောင်းထိုးလာပြီးတော့ ရှောင်တိမ်းနေတဲ့သူတွေ တွေ့သွားတယ်။ တွေ့သွားတော့ နောက်ကနေ သေနတ်နဲ့ လိုက်ပစ်တယ်။ လိုက်ပစ်တော့ အရှင်ဖမ်းမိတာ။ အရှင်ဖမ်းမိပြီးမှ သတ်ပစ်တာ။ နှိပ်စက်ပြီးတော့ သတ်ထားတာ။ သူတို့မှာ ဒဏ်ရာတွေအများကြီးပဲ” ဟု အဆိုပါ ရွာသားက ဆိုသည်။
“ကွမ်းခြံရဲ့ဘေးမှာ ကွမ်းခြံထဲ မြေဩဇာထည့်ဖို့ လုပ်ထားတဲ့ နွားချေးပုံထားတာ။ သတ်ပြီးတော့ နွားချေးတွေနဲ့ ဖုံးထားခဲ့တယ်။ လိုက်ရှာတော့မှ သွေးကွက်တွေနဲ့ ဖိနပ်တွေ တွေ့တော့မှ မြှုပ်ထားတယ် ထင်လို့ ဖော်တော့မှ ၅ ယောက်လုံးကို အဲ့ဒီထဲက ပြန်တွေ့တာ”
သေဆုံးသူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ဓားဖြင့် မွှန်းသည့်ဒဏ်ရာ၊ သေနတ်ဒင်ဟု ယူဆရသည့်အရာဖြင့် ထုရိုက်သည့်ဒဏ်ရာ၊ ကျည်ထိဒဏ်ရာများ တွေ့ရှိရပြီး ယနေ့ (နိုဝင်ဘာ ၈) မနက်တွင် မီးသင်္ဂြိုလ်ခဲ့ကြောင်း ထိုရွာသားထံမှ သိရသည်။
ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
အွန်လိုင်းတွင် အမည်ဝှက်အမျိုးမျိုးဖြင့် ဝါဒဖြန့်နေသူများကမူ ထို ၅ ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်များဖြစ်ကြသည်ဟု စွပ်စွဲရေးသားကြသည်။ ၎င်းတို့ကို လက်လုပ်သေနတ်နှင့် ဗုံးများနှင့်အတူ ဖမ်းမိခဲ့သည်ဟု ယမန်နေ့က ရေးသားထားကြသည်။
နွားထိုးကြီးမြို့နယ်၊ ပဲကြီးခင်းကျေးရွာမှ ထွက်လာသော အင်အား ၃၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ကို မြင်းခြံခရိုင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက ယမန်နေ့ မနက်အစောတွင် တိုက်ခိုက်ခဲ့ရာ အထိနာသဖြင့် နယ်မြေဆက်စပ်နေသည့် မြင်းခြံမြို့နယ်၊ ပျားရွာကို မနက် ၈ နာရီတွင် စီးနင်းမီးရှို့ကာ ဒေသခံများကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုစစ်ကောင်စီတပ်က ကလေးငယ်ကို ချီ၍ ထွက်ပြေးတိမ်းရှောင်သည့် သားအမိနှစ်ဦးကို ပစ်ခတ်ခဲ့ခြင်းကြောင့် ၃ နှစ်အရွယ်သမီးငယ် သေဆုံးပြီး မိခင်ဖြစ်သူလည်း ပခုံးတွင် ထိခိုက်ဒဏ်ရာရရှိသွားသည်။
ပစ်ခတ်လိုက်သည့် ကျည်ဆန်က ထိုကလေးငယ်၏ နားထင်ကို ဖောက်ဝင်ကာ မိခင်ဖြစ်သူ၏ ပခုံးကို ထိမှန်ခြင်းဖြစ်ကြောင်း သိရသည်။
ပျားရွာမှ နေအိမ်များလည်း မီးရှို့ခံထားရပြီး ရွာအနီးတွင် စစ်ကြောင်းထွက်ခွာသွားခြင်းမရှိသေး၍ ရွာထဲသို့ ပြန်မဝင်နိုင်သေးသလို နေအိမ်မီးလောင်မှု အသေးစိတ်မသိရသေးကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ တိုက်ပွဲသည် နာရီနှင့်ချီ ကြာပြီး စစ်တပ်ဘက်မှ အထိနာနိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် နွားထိုးကြီးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်ကူလာသည့် စစ်ကောင်စီဩဇာခံ သွေးသောက်အဖွဲ့ဝင် ကားများကို ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်သည် ၎င်းတို့ အထိနာပါက ဒေသခံတို့ကို ရန်ရှာကာ နေအိမ်များကို မီးလောင်တိုက်သွင်းခြင်းမှာ လုပ်ရိုးလုပ်စဉ်လိုဖြစ်နေကြောင်း ထိုသတင်းရင်းမြစ်က ပြောသည်။
၂၀၂၂ နိုဝင်ဘာ ၈ ရက်နေ့ကလည်း ပျားရွာစာသင်ကျောင်းတွင် တပ်စွဲသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးအဖွဲ့က နာရီဝက်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အထိနာသွားသည့် စစ်တပ်က ထိုညမှာပင် ရွာကို မီးရှို့ခဲ့သည်။
ထိုစဉ်က လေဖြတ်နေသော အဘွားအိုတစ်ဦး မီးလောင်သေဆုံးခဲ့ပြီး နောက်ရက် ကျေးရွာသို့ ပြန်ဝင်လာသည့် အသက် ၃၀ အရွယ် ကိုဇော်မျိုးနိုင်ကိုလည်း စစ်တပ်က ပစ်သတ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း မြန်မာနိုင်ငံ၏ အလယ်တည့်တည့်တွင် ရှိသည့် မြင်းခြံမြို့နယ်သည် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်မှု အားကောင်းနေသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ PDF တပ်ဖွဲ့များအပြင် ဒေသခံကာကွယ်ရေးအဖွဲ့များကလည်း လက်နက်ကိုင် ပြန်ခုခံနေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်းသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သဖြင့် စစ်ကောင်စီတပ် အလွယ်တကူ တပ်ဖြန့်နိုင်သည်။ တောတောင်မထူထပ်သည့် ထိုဒေသတွင် လက်နက်အင်အား အကန့်အသတ်သာရှိသည့် PDF ကလည်း ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်နေသည်။ ညီနောင် ၃ ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇” အမည်ဖြင့် စစ်ဆင်ရေးဆင်နွှဲနေချိန် PDF များကလည်း နိုင်ငံအလယ်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ထိုးဖောက်တိုက်ခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)