သတင်း

မြင်းခြံတွင် စစ်တပ် ရွာမီးရှို့သဖြင့် အဘွားတစ်ဦးသေဆုံး၊ လူငယ်တစ်ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အိမ်ခြေ ၁၀၀၀ ကျော်ရှိသော ပျားရွာကို စစ်တပ်က မီးရှို့ရာ လေဖြတ်နေသည့် အဘွားအိုတစ်ဦး မီးလောင်သေဆုံးသလို ရွာသားတစ်ဦး ပစ်သတ်ခံရကြောင်း ရွာခံများထံမှ သိရသည်။ 

နိုဝင်ဘာ ၈ ညနေတွင် ထိုကျေးရွာစာသင်ကျောင်းတွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးအဖွဲ့က နာရီဝက်ခန့် ဝင်တိုက်ကြောင်း၊ ထိုညမှာပင် စစ်တပ်က ရွာကို မီးရှို့လိုက်ကြောင်း အမည်မဖော်လိုသည့် ပျားရွာသားတစ်ဦးက ပြောသည်။ 

ထို ၂ ဦး သေဆုံးသည်ကို နံနက်ပိုင်းရောက်မှ သိရသည်ဟု ၎င်းက ဆိုသည်။ 

“မီးလောင်တဲ့အထဲ လေဖြတ်နေတဲ့ မပြေးနိုင်တဲ့ အဘွားအိုတစ်ဦး ကျန်နေခဲ့တာပေါ့။ အဲဒါ မီးထဲ ပါသွားတယ်။ အခု မနက်ခင်းကျတော့ ငြိမ်းသွားပြီ၊ ရှင်းပြီဆိုပြီးတော့ ရွာထဲ ပစ္စည်းတွေဝင်ယူတဲ့အချိန် သူတို့က စောင့်ပြီး သေနတ်နဲ့ လိုက်ပစ်တာ။ လှည်းဝင်ကောက်တဲ့ ပြည်သူတစ်ဦးလည်း ခါးမှာ သေနတ်မှန်တယ်။ အခု ဆုံးသွားတယ်” ဟု ထိုရွာသားက နိုဝင်ဘာ ၉ တွင် Myanmar Now ကို ပြောသည်။ 

ပစ်သတ်ခံသူမှာ အသက် ၃၀ အရွယ် ကိုဇော်မျိုးနိုင်ဖြစ်ပြီး ၎င်းထံတွင် သားသမီး ၄ ဦး ကျန်ရစ်သည်။ မီးလောင်သေဆုံးသည့်အဘွား၏ အမည်နှင့် အသက်ကို မသိရသေးပေ။

ယခင်ကတည်းက ပျားရွာတွင် စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲလေ့ရှိပြီး နိုဝင်ဘာ ၇ တွင် စစ်သားအင်အား ၃၀ ဝန်းကျင်ဖြင့် တပ်စွဲနေစဉ် ထိုဖြစ်ရပ် ပေါ်ပေါက်လာသည်ဟု သိရသည်။

လက်ရှိတွင် ပျားရွာပတ်ပတ်လည်ကို စစ်တပ်က ပိတ်ဆို့ထားပြီး ရွာတွင်း မည်သူမျှအဝင်မခံသည့်အပြင် အမျိုးသားများကို တွေ့ပါက အစစ်အဆေးမရှိ သေနတ်ဖြင့် ပစ်ခတ်ကြောင်း၊ အမျိုးသမီးတချို့ကို စာသင်ကျောင်းအတွင်း ဖမ်းဆီးထားကြောင်း အထက်ပါရွာသားက ဆိုသည်။

ဒေသခံများမှာ စစ်တပ်၏ရန်ကြောင့် မည်သည့်ပစ္စည်းမှ ယူဆောင်နိုင်ခြင်းမရှိဘဲ ရွာလုံးကျွတ် ထွက်ပြေးနေရကာ စားသောက်နေထိုင်ရေး ခက်ခဲနေသည်။​ 

လက်ရှိတွင် တိမ်းရှာင်နေရသည့်အတွက် မီးလောင်ကျွမ်းသည့်အိမ်အရေအတွက်ကို မသိရကြောင်း ထိုရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွှေခြံသားပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက စစ်တပ်၏ မီးရှို့မှုကြောင့် နေအိမ် ၅၀ ထက်မနည်း မီးလောင်ကျွမ်းကြောင်း၊ အခြေအနေ ရှုပ်ထွေးနေဆဲဖြစ်၍ အတိအကျမသိရသေးကြောင်း ပြောသည်။ 

ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း မြန်မာနိုင်ငံ၏ အလယ်တည့်တည့်တွင် ရှိသည့် မြင်းခြံမြို့နယ်သည် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်မှု အားကောင်းနေသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ဖွဲ့များအပြင် ဒေသခံကာကွယ်ရေးအဖွဲ့များကလည်း လက်နက်ကိုင် ပြန်ခုခံနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအလယ်ပိုင်းသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သဖြင့် စစ်ကောင်စီတပ် အလွယ်တကူ တပ်ဖြန့်နိုင်သည်။ ထိုဒေသသည် တောတောင်မထူထပ်ခြင်းကြောင့် လက်နက်အင်အား အကန့်အသတ်သာရှိသည့် PDF များက ပြောက်ကျားနည်းလမ်းများဖြင့် တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button