သတင်း

မြင်းခြံမြို့အနီး ဖုံရွာကို စစ်တပ် စီးနင်းပြီး ပြည်သူ ၃ ဦးကို ပစ်သတ်

ပျူစောထီးများ အားကောင်းနေသည့် မြင်းခြံတွင် ကျေးလက်ဒေသမှ လူငယ် ၃ ဦး သတင်းပေးဟု စွပ်စွဲခံရပြီး အနီးကပ် ပစ်သတ်ခံရ​ကြောင်း သိရသည်။

နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မြင်းခြံမြို့ ကျေးလက်ဒေသတစ်ခုကို စစ်ကောင်စီတပ်က ယမန်နေ့ (စက်တင်ဘာ ၂၅) နံနက်တွင် ဝင်ရောက်စီးနင်းပြီး ပြည်သူ ၃ ဦးကို ပစ်သတ်၊ နေအိမ် ၃ လုံး မီးရှို့ခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

မြို့ အရှေ့ဘက် ၁ မိုင်ခန့် အကွာရှိ ဖုံရွာကို စစ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ စုစုပေါင်း အင်အား ၁၀၀ ကျော်က စစ်ကား ၄ စီးဖြင့် ဝင်ရောက်သွားသည်၊ ဒေသခံတချို့ကို ရန်သူ့သတင်းပေးဟု စွပ်စွဲပြီး ရန်ပြုခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်းတာဝန်ခံ ကိုဝမ်းတူးက ပြောသည်။

“ညကတည်းက စစ်တပ်ဘက်က ကင်းပုန်း ရောက်နေတာပေါ့။ ပြီးတော့ မနက်ခင်းလင်းခါနီးမှ မိန်းလမ်း (လမ်းမကြီး) က လာတာ မဟုတ်ဘူး။ ကြားလမ်းကနေပြီးတော့ စစ်ကား ၄ စီးနဲ့ ရောက်လာတာပေါ့။ ကျွန်တော်တို့ကို သတင်းပေးတယ်လို့ လိမ်ညာပြီးတော့ ပြည်သူ ၃ ယောက်ကို သတ်၊ သတ်ပြီးမှ ခေါင်းတွေချည်းပဲ ပစ်သတ်ထားတာ” ဟု ၎င်းက ပြောသည်။

သေဆုံးသူများမှာ အသက် ၃၀ ဝန်းကျင် လူငယ် ၃ ဦးဖြစ်ပြီး ၎င်းတို့ အမည်နှင့် အသေးစိတ်အချက်အလက်များကို မသိရသေးပေ။

သေဆုံးသူ ၃ ဦး လက်ထဲတွင် ဓားမများ ထည့်ခဲ့သည်ကို တွေ့ရပြီး ပြန်လည် ခုခံ၍ သတ်ဖြတ်ခံရသည့်ပုံဖော်ရန် စီစဉ်သွားခြင်း ဖြစ်နိုင်သည်၊ နေအိမ် ၃ လုံးကိုလည်း မီးရှို့သွားသည်ဟု ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့သွားတဲ့အချိန်မှာတော့ စစ်ကောင်စီတပ်က တန်းပြန်သွားတာပေါ့။ လုပ်ပြီးတော့ မီးရှို့၊ အလောင်းတွေကို လမ်းပေါ်မှာ ထားခဲ့ပြီးတော့ တစ်ခါတည်းပြန်သွားတာပေါ့။ အလောင်းတွေကတော့ တွန်းလှည်းနဲ့ တွန်းပြီးတော့ သူတို့ မိသားစုဝင်တွေ သင်္ဂြိုဟ်ဖို့တော့ လုပ်ဆောင်ပေးခဲ့တယ်” ဟု ၎င်းက ဆိုသည်။

ထိုစစ်ကြောင်းက ရွာအနောက်ဘက်ခြမ်းမှ လက်နက်ကြီး၊ လက်နက်ငယ် အပြည့်အစုံဖြင့် ပစ်ခတ် ဝင်ရောက်လာသည်၊ ထိုဖြစ်ရပ်နှင့် ကြုံတွေ့လိုက်ရသည့် ရွာသားများမှာ ရွာတွင် မနေရဲတော့ဘဲ နေရပ်စွန့်ခွာသွားကြသည်ဟု အသက် ၅၀ အရွယ် ရွာခံတစ်ဦးက ပြောသည်။

“တစ်လောင်းဆိုရင် လည်ပင်းလှီးထားတာပါတယ်။ ဒါပေမဲ့ အလောင်း သုံးလောင်းလုံးကတော့ ခေါင်းတွေကို ပစ်ထားတာပေါ့။ ဦးနှောက်တွေ ထွက်နေတယ်။ လည်ပင်း လှီးထားတယ်” ဟု ထိုရွာခံက ပြောသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းခြင်း မပြုနိုင်သေးသလို အရပ်သားထိခိုက်မှုများကို ရံဖန်ရံခါ ငြင်းဆိုတတ်သည့် စစ်တပ်၏ အင်တာနက်စာမျက်ရှိ သတင်းများတွင်လည်း ထိုဖြစ်ရပ်အကြောင်း ဖော်ပြထားခြင်း မရှိသေးပေ။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီ ဒေါက်တိုင် မြင်းခြံပြည်သူ့စစ် တပ်ဖွဲ့အင်အား ထက်ဝက်ခန့် ပါဝင်သည်ဟု ဒေသခံများထံက စုံစမ်းသိရှိရသည်။

စစ်တပ်ထောက်ခံသော တယ်လီဂရမ်များက စက်တင်ဘာ ပထမပတ်တွင် ဖော်ပြထားသော မြင်းခြံခရိုင်ပြည်သူ့စစ်များ။

မြင်းခြံခရိုင် ပြည်သူ့စစ်အဖွဲ့ကို မြင်းခြံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သီတာယုမွန် ဦးဆောင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ မဖွဲ့စည်းမီကပင် စစ်အာဏာရှင်စနစ် ဆန့်ကျင်သူများကို သွေးသောက်အဖွဲ့ အမည်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည့်အဖွဲ့ ဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးအင်အားစုက သီတာယုမွန်တို့ အဓိကအခြေစိုက်သည့် လေးရွာဆုံရွာကို သိမ်းပိုက်ထားနိုင်ခဲ့သည်၊ စစ်ကောင်စီတပ် ဝင်စီးနင်းသည့် ဖုံရွာမှာ မြင်းခြံမြို့နှင့် နီးကပ်လွန်း၍ တော်လှန်ရေးတပ်များ ခြေကုပ်ယူရန် ခက်ခဲနေသည်ဟု မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်းတာဝန်ခံ ကိုဝမ်းတူး ပြောသည်။

“အဲဒီဘက်နယ်မြေအထိ သူတို့က ဆင်းနိုင်တယ်။ ကျွန်တော်တို့ကတော့ အဲဒီဘက်နယ်မြေအထိ စိုးမိုးမှုတော့ မရသေးဘူးပေါ့။ ဒီဘက်တစ်ခြမ်းလုံးကတော့ စိုးမိုးမှုရှိတယ်။ စစ်ကြောင်းထိုးတာတော့ မရှိတော့ဘူး။ လေကြောင်းတိုက်ခိုက်မှုပဲ ရှိတော့တယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၀ ရက်ကစပြီး မန္တလေးတိုင်းတောင်ဘက်၊ မြင်းခြံခရိုင်းအတွင်ရှိ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာမြို့နယ်များရှိ စစ်တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက အထူးစစ်ဆင်ရေးတစ်ရပ် ဖော်ဆောင်ပြီး ထိုးစစ်ဆင်ခဲ့သည်။

လူဦးရေ ၇၅၀,၀၀၀ ခန့်နေထိုင်သည့် ဧရာဝတီမြစ် အရှေ့ဘက်ကမ်း သုံးပွင့်ဆိုင်ရှိနေသည့် အဆိုပါ ၃ မြို့နယ်တွင် “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး MDSO” ဖော်ဆောင်ခဲ့ပြီးနောက်တွင် စစ်စခန်းများစွာ ဆုံးရှုံးခဲ့ရ၍ စစ်ကောင်စီနှင့် ပျူစောထီးများသည် မြင်းခြံခရိုင်အတွင်း နေ့စဉ် လေကြောင်း၊ မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်နေသည်။

စက်တင်ဘာ ၁၆ ရက်နေ့ကလည်း ဧရာဝတီမြစ်၏အရှေ့ဘက်၊ တောင်သာမြို့နယ်၊ ခြုံကြီးရွာတွင် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီးသတ်ဖြတ်ခံထားရသည်။

စက်တင်ဘာအစောပိုင်းကလည်း နွားထိုးကြီးမြို့နယ် ကျောက်တန်း၊ ဆူးရစ်ကုန်းကျေးရွာနှင့် ဖလံကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ထားသည်။

 တရုတ်-မြန်မာ နယ်စပ် နမ့်ခမ်းမြို့အနီး ဒီဇင်ဘာ ၁၁ ရက်က တွေ့ရသော စစ်ကောင်စီ လေယာဉ်တစ်စီး။ (ဓာတ်ပုံ – မြတ်ပန်း/Myanmar Now)

တောင်သာလေကြောင်းတိုက်ခိုက်မှု

စက်တင်ဘာ ၂၃ နံနက်တွင် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တချို့ပျက်စီးသွားပြီး စစ်ရှောင်ပြည်သူ ၂ ဦး ဒဏ်ရာရှိခဲ့သည်ဟု ဒေသခံများနှင့် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

ယင်းနေ့ နံနက် ၁၁ နာရီခန့်က တောင်သာမြို့အရှေ့တောင်ဘက် ၆ မိုင်အကွာ နွားထိုးကြီး-တောင်သာ လမ်းအနီးရှိ ငွေသောင်ရွာ၊ ရွာသာယာရွာနှင့်ရတနာပုံရွာများရှိ စစ်ရှောင်များ နေထိုင်သော၊ တော်လှန်ရေးအင်အားစုလည်း ရှိနေသော နေရာများကို လေယာဉ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

လေယာဉ်၏ ပစ်ခတ်မှုကြောင့် ရွာသာယာရွာရှိ စစ်ရှောင်မိသားစု နေအိမ် ထိမှန်ပြီး ၂ ဦး ဒဏ်ရာရသွားသည်ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တာဝန်ခံ ကြည်စတားက Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့ရှိနေတယ်ဆိုတာကို သတင်းသူတို့သိတာကိုသိတော့ ကျွန်တော်တို့ရဲဘော်တွေ စခန်းကို တိတိကျကျကို ပစ်တာ…နေတဲ့အဆောက်အအုံ ကျွန်တော့်တို့နေရာကိုမှ တည့်တည့်ကြီးကို ကျပြီး ပျက်စီးသွားတာ”

ရတနာပုံရွာရှိ ၎င်းနေထိုင်သည့် နေအိမ်ကိုလည်း ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ် ထိမှန် ပြိုကျသွားခဲ့ပြီး ပုန်းခိုကျင်းထဲ အချိန်မီရောက်ရှိနေ၍ အသက်ဘေးက လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်ဟု ကြည်စတားက ဆက်ပြောသည်။

“ဒီလေကြောင်းအန္တရာယ်က ကြုံလဲကြုံတွေ့ခဲ့ဖူးတယ်။ အားလုံးက ပုန်းခိုကျင်းထဲမှာ နေနေကြရတာ။ ကျွန်တော်တို့ ဘေးပတ်ပတ်လည်က သစ်ပင်တွေမှာ အကုန်လုံး ဗုံးစမှန်ထားတာရှိတယ်” ဟု ၎င်းက ပြောသည်။

“ဘယ်လောက်ပြင်းသလဲဆိုတော့ ပေါင် ၅၀၀ ဗုံးကြီးက ကျွန်တော်တို့ လူ့တစ်ဖက်လောက်ရှိတယ်။ အဲဒီဗုံးကြီးက စဉ်လိုက်တဲ့အစတွေက ပေ ၂၀၀၀၊ ၃၀၀၀ အထိ သွားတာကို။ ကျွန်တော်တို့ လေကြောင်းကို ပြန်ခုခံဖို့ဆိုတာက ဘယ်လိုမှ အဆင်မပြေဘူးလေ”

စစ်ကောင်စီလေကြောင်းတပ်၏ ပစ်ခတ်မှုကြောင့် ငွေသောင်ယံရွာရှိ နေအိမ် ၁ လုံး၊ ရွာသာယာရွာရှိ နေအိမ် ၁ လုံး၊ ရတနာပုံရွာရှိ နေအိမ် ၁ လုံး ပျက်စီးသွားသည်။

ရတနာပုံရွာကို ပစ်ခတ်ပြီးနောက် အဆိုပါ စစ်လေယာဉ်ကပင် ငွေသောင်ရွာကို လက်နက်ကြီး ပစ်ခတ်ခဲ့ပြီး ရွာသာယာရွာရှိ စစ်ရှောင်မိသားစု နေထိုင်သည့်နေအိမ်ကို ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ပစ်ခတ်ခဲ့ရာ စစ်ရှောင်ပြည်သူ ၂ ဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ရွာသာယာရွာက မိသားစုဝင် ၂ ယောက်တော့ ပေါင်ကို ဗုံးစမှန်သွားတယ်။ မစိုးရိမ်ရတဲ့ ဒဏ်ရာပေါ့။ ထောက်ပို့ထဲကပဲ။ သူတို့ ထောက်ပို့အိမ်ကို ဝင်စီးတော့ စစ်ဘေးရှောင်တဲ့သဘောနဲ့ လာနေနေတဲ့ မိသားစုပဲ” ဟု ၎င်းက ပြောသည်။

စက်တင်ဘာ ၂၂ နံနက်ကလည်း မြင်းခြံမြို့နယ်၊ ချေဆေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

“မြင်းခြံခရိုင်အထူးစစ်ဆင်ရေး-MDSO” စတင်ပြီးနောက် တောင်သာမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ပြုလုပ်ခဲ့ပြီး ၃ ကြိမ်မှာ မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများကို အဓိကထား တိုက်ခိုက်နေခြင်းဖြစ်သည်ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီက ဩဂုတ် ၂၇ ရက်က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button