
တောင်သာမြို့နယ်အတွင်း တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုံခြုံရေးကင်းစခန်းအပါအဝင် အနည်းဆုံး နေရာငါးခုကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လက်နက်ကိုင်တပ်များက ယနေ့ (သြဂုတ် ၁၂) နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
နိုင်ငံအလယ်ပိုင်းတွင် ထိုးစစ်အရှိန်မြှင့်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များသည် သြဂုတ် ၁၀ မှစတင်ပြီး မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်းရှိ နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့များကို သိမ်းပိုက်ရန်ကြိုးစားနေခြင်းဖြစ်သည်။

ဇူလိုင်လ ၁၆ ရက်နေ့က မန္တလေးမြို့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ၊ မတ္တရာမြို့အနီးမှ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် လည်ပတ်နေသည့် အယ်လ်ဖာဘိလပ်မြေ (Alpha Cement) စက်ရုံကို ထိန်းချုပ်နိုင်ခဲ့သည်။
ထို့အပြင် တရုတ်နိုင်ငံပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီက အမေရိကန်ဒေါ်လာ ၈၅၅ သန်း ရင်းနှီးမြှုပ်နှံထားသည့် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲမှ တကောင်းနီကယ်စက်ရုံကိုလည်း ဇူလိုင်လကုန်ပိုင်းတွင် သိမ်းပိုက်ခဲ့သည်။
- တရုတ်ပိုင် တကောင်းနီကယ်စက်ရုံကို PDF သိမ်းပိုက်၊ NUG နှင့် တရုတ် စက်ရုံအနာဂတ်အတွက် ဆွေးနွေးနေ
- မတ္တရာမြို့တိုက်ပွဲတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့်လည်ပတ်နေသည့် ဘိလပ်မြေစက်ရုံကို စစ်ကောင်စီထိန်းချုပ်ခွင့် ဆုံးရှုံး
PDF များက ယနေ့တိုက်ခိုက်ခဲ့သည့် ကင်းစခန်းသည် တောင်သာ – မိတ္ထီလာ လမ်းပိုင်းပေါ် မင်းကံရွာအနီးမှ တရုတ်ပိုက်လိုင်း ဆက်စပ်စက်ရုံ၏ မျက်နှာချင်းဆိုင်တွင်ရှိပြီး ထိုနေရာတွင် စစ်သား ၅၀ ခန့် တပ်စွဲထားကြောင်း၊ ကင်းစခန်းကိုဝင်ပစ်စဉ် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း PDF ၏ အမှတ်(၃) မြင်းခြံတပ်ရင်း၏ တပ်ရင်းမှူးကပြောသည်။
တရုတ်ရင်းနှီးမြှုပ်နှံစီမံကိန်းကို မထိခိုက်ရန်သတိထားခဲ့သည်ဟုလည်း ၎င်းကဆိုသည်။
“ကျွန်တော်တို့က ပြည်တွင်းစစ်ဖြစ်တာ။ ပြည်ပနဲ့မဆိုင်ဘူး။ ပေ ၁၅၀ လောက်ဝေးတဲ့ ပေ ၆၀ ၊ ၄၀ လောက်အဆောက်အဦးထဲမှာနေတာကို တိုက်ခိုက်ခဲ့တာ” ဟု ၎င်းက ပြောသည်။
ဓာတ်ငွေ့ ပိုက်လိုင်းသည် ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းနှင့် ရေနံစိမ်းပိုက်လိုင်းသည် ရခိုင်ပြည်နယ် မဒေးကျွန်းမှ စတင်သည်။ ထိုပိုက်လိုင်းများသည် ရေနံချောင်း၊ တောင်သာ၊ မန္တလေးတို့ကို ဖြတ်သန်းပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှတဆင့် တရုတ်၏အနောက်ဘက် ယူနန်ပြည်နယ်သို့ ဆက်သွယ်ထားသည်။
PDF များသည် ပိုက်လိုင်းအနီးကင်းစခန်းအပြင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မြောက်ဘက် ၇ မိုင်ခန့်အကွာ ရထားလမ်းဘေးအနီးရှိ ပျူစောထီး ခေါ် ပြည်သူ့စစ်ထိန်းချုပ်သည့် ဘုရားလှကျေးရွာ၊ တောင်သာ-နွားထိုးကြီး လမ်းမပေါ်မှ ကင်းစခန်း၊ အမှတ်(၁၀) အထည်ချုပ်စက်ရုံရှိ တပ်စခန်းတို့ကို PDF က ယနေ့နံနက် ၅နာရီခန့်တွင် တပြိုင်နက်တိုက်ခိုက်ခဲ့သည်ဟု စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် သတင်းဌာနများက တယ်လီဂရမ်တွင် ရေးသားကြသည်။
ပိုက်လိုင်းအနီးမှ ကင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု PDF ၏ အမှတ်(၃) မြင်းခြံတပ်ရင်း၏ တပ်ရင်းမှူးကပြောသည်။
ဘုရားလှ ကျေးရွာအနီး တိုက်ပွဲများပြင်းထန်နေချိန်တွင် ထိုရွာ၏ မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ အမှတ် (၁) မြင်းခြံ သံမဏိစက်ရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ကူပေးနေပြီး မြေပြင်စစ်ကြောင်းထိုးလာကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
စစ်ဆင်ရေးစတင်သည့် သြဂုတ်လ ၁၀ ရက်နေ့တွင် တောင်သာမြို့နယ် တောင်ဘက်ရှိ ဝဲလောင်ရွာ၊ လျှပ်စစ် ဓာတ်အား ခွဲရုံကိုလည်း တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ နောက်တစ်နေ့ ညပိုင်းတွင် မြို့ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာရှိ ပြဿဒ်ကြီးရွာကို စစ်တပ်ကဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
တောင်သာဒေသခံ အမျိုးသားတစ်ဦးက ၎င်းတို့သည် မည်သည့်လက်နက်ကိုင်အဖွဲ့နှင့်မှ ထိတွေ့ခဲ့ခြင်းမရှိဟု ပြောသည်။
“ကာကွယ်ရေးဘက်နဲ့လည်း အဆက်အသွယ်မရှိသလို စကစဘက်ကိုလည်း ချိတ်ဆက်မရှိဘူး။ ဘယ်လိုသတင်းပေါက်ပြီးတိုက်ခိုက်ခံရတယ် မသိဘူး။ ဘုန်းကြီးတစ်ပါးပဲရှိတယ်။ ကျောင်းသား မရှိဘူး။ ကိုရင် မရှိဘူး။ ဆရာတော်လည်း ဘေးကင်းတဲ့ နေရာရောက်တယ်။ ကျကျချင်းပဲ ချက်ချင်းရှောင်တိမ်းလိုက်တယ်။ အဆောက်အဦးက ၃ လုံးပျက်စီးသွားတယ်”ဟု သူက ပြောသည်။

မြင်းခြံခရိုင်အထူးစစ်ဆင်ရေး
လူဦးရေ ၇ သိန်းခွဲခန့်နေထိုင်သည့် ဧရာဝတီမြစ် အရှေ့ဘက်ကမ်း သုံးပွင့်ဆိုင်ရှိနေသည့် နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့နယ်တို့တွင် “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation)” အမည်ဖြင့် စစ်ဆင်ရေးကို NUG လက်အောက်ခံ PDF များအပါအဝင် ဒေသတွင်းတော်လှန်ရေးတပ်များဖြင့် စုဖွဲ့ထားသည့် မဟာမိတ်တို့က ဩဂုတ် ၁၀ ရက်နေ့တွင် စတင်ခဲ့သည်။
စစ်ဆင်ရေးဒေသများသည် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် မန္တလေးမြို့နှင့် မိုင် ၆၀ ကျော်သာ ကွာဝေးပြီး စစ်ဗိုလ်ချုပ်များ၏မြို့တော် နေပြည်တော်နှင့် မိုင် ၁၀၀ ကျော်သာကွာဝေးသည်။

အဆိုပါစစ်ဆင်ရေးသည် ရှမ်းပြည်နယ်မြောက်ပိုင်းမှ လားရှိုးမြို့နှင့် ထိုမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဇူလိုင်လလယ်က ကိုးကန့်တပ် MNDAA လက်အောက်ကျသွားပြီးနောက်ပိုင်း စစ်ကောင်စီ ဆက်လက်ရင်ဆိုင်နေရသည့် အကြီးမားဆုံးစစ်ရေးစိန်ခေါ်မှုများအနက်မှ တခုဖြစ်လာသည်။
လားရှိုးမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်အကြီးဆုံးမြို့ဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် အဓိကကျသည့် မြို့လည်းဖြစ်သည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သည် တရုတ်နယ်စပ်မှ လူမျိုးစုလက်နက်ကိုင်တပ်များကို အဓိကကိုင်တွယ်ရသည့် တိုင်းစစ်ဌာနချုပ်ဖြစ်သည်။
မြန်မာစစ်တပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် တိုင်းစစ်ဌာနချုပ်တခုကို စစ်တပ်ဆုံးရှုံးခဲ့ရပြီးနောက် စစ်ကောင်စီနှင့် နေပြည်တော်မှစစ်ဗိုလ်ချုပ်ကြီးများ၏ စစ်ရေးအင်အားအပေါ် မေးခွန်းများထုတ်ခံနေရချိန်တွင် နိုင်ငံအလယ်ပိုင်းတွင် နောက်ထပ်ထိုးစစ်တခု ပေါ်လာခြင်းဖြစ်သည်။
နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့များသည် ဧရာဝတီမြစ်၏ အရှေ့ဘက်တွင်ရှိပြီး စစ်တပ်ကလက်နက် တပ်ပေးထားသည့် ပျူစောထီးပြည်သူ့စစ်အချို့လည်း အားကောင်းသည့် ဒေသဖြစ်သည်။
ယခင်က ထိုမြို့များ၏ မြစ်တဖက်ခြမ်း၊ ဖွံ့ဖြိုးမှုနှေးကွေးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဧရာဝတီမြစ်အနောက်ပိုင်း ဒေသများတွင်သာ တော်လှန်ရေးတပ်များက စိုးမိုးနိုင်ခဲ့သော်လည်း လားရှိုးကျသွားပြီးနောက် စစ်ကောင်စီတပ်စစ်ပန်းနေချိန်တွင် တော်လှန်ရေးတပ်များ၏ ထိုးစစ်သည် မြစ်အရှေ့ဘက်သို့ ကူးဆက်လာခြင်းဖြစ်သည်။
မန္တလေးတိုင်းအတွင်း ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းကပင်တော်လှန်ရေးအင်အားစုများက ရှမ်း – မန်း စစ်ဆင်ရေးကို ဖော်ဆောင်နေပြီး မန္တလေးမြို့ မြောက်ဘက် မိုင် ၅၀ ခန့်အကွာ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းရှိ စဉ့်ကူးမြို့ကို MDY PDF က ပြီးခဲ့သည့်လကပင် သိမ်းပိုက်ထားသည်။
ထို့ပြင် စဉ့်ကူးမြို့နှင့် ကပ်လျှက်ရှိ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီစခန်းများကို တော်လှန်ရေး အင်အားစုများက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တပ်စခန်း ၈ ခုကို သိမ်းပိုက်ရရှိထားကြောင်း MDY PDF က ဩဂုတ် ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ တကောင်းမြို့တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်လျှက်ရှိပြီး တိုက်ပွဲပြင်းထန်နေကြောင်း တော်လှန်ရေး အင်အားစုများထံမှသိရသည်။
မြင်းခြံခရိုင်အထူးစစ်ဆင်ရေး နောက်ဆုံးအခြေအနေများ
စစ်ဆင်ရေးစတင်သည့် နေ့တွင် နွားထိုးကြီးမြို့ပေါ်ရှိ မြန်မာ့စီပွားရေးဘဏ်၊ လယ်ယာစိုက်ပျိုးရေး ဘဏ်အပါဝင် စစ်တပ် တပ်စွဲထားသည့် နေရာများနှင့် မြို့အထွက်ရှိ ဓာတ်ငွေ့ပိုက်လိုင်းစောင့် စခန်းတို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့သည်။
ရန်ကုန် – မန္တလေး အမြန်လမ်းထိန်းချုပ်နိုင်ရေးအတွက် အရေးပါသည့် နွားထိုးကြီးမြို့ကို မကျစေရေးအတွက် လေယာဉ်ပစ်ကူပေးရန် စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ထိုနေ့ နံနက်ပိုင်းတွင် တောင်းဆိုခဲ့ပြီး စစ်တပ်ကလည်း လေကြောင်းဖြင့် တောက်လျှောက် ပစ်ခတ် တိုက်ခိုက်ရာ နွားထိုးကြီးမြို့ထဲရှိ ကမ္ဘောဇဘဏ် အပါအဝင် အဆောက်အဦးအချို့ ပျက်စီးခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

တိုက်ပွဲပြင်းထန်ခဲ့ချိန်တွင် နွားထိုးကြီးမြို့ပေါ်တွင် မြို့ခံအများအပြား ပိတ်မိနေခဲ့သော်လည်း နောက် တစ်ရက် တိုက်ပွဲငြိမ်သွားချိန်တွင် အများစုမှာ မန္တလေးနှင့် အနီးအနားဝန်းကျင်မြို့များသို့ ထွက်ပြေး တိမ်းရှောင်နေကြသည်။
တပ်စွဲထားရာနေရာများအားလုံးနီးပါး တိုက်ခိုက်ခံခဲ့ရသည့် နွားထိုးကြီးမြို့သို့ စစ်တပ်က မိတ္ထီလာမြို့ မှ တပ်ဖွဲ့ဝင် အင်အား ၂၀၀ နီးပါး စစ်ကူစေလွှတ်ခဲ့ပြီး ယမန်နေ့ (ဩဂုတ် ၁၁) ရက်တွင် မြို့အနီးဝန်းကျင် သို့ ရောက်ရှိလာကြောင်း သိရသည်။
“မနေ့က ညနေထိတော့ သူတို့မြို့ထဲမဝင်ဘူး။ အပြင်မှာပတ်နေတဲ့သဘောပေါ့။ ဒီမနက် အခြေအနေ တော့ မသိဘူး။ သူတို့လာတာက ကားနဲ့အမြန်လမ်းမှာချခဲ့ပြီးတော့ ဒီဘက်ကို ခြေလျင်လာတာ”ဟု နွားထိုးကြီး ဒေသခံတစ်ဦးကပြောသည်။ မြင်းခြံမြို့ပေါ်တွင်လည်း စစ်ကောင်စီ၏ အမှတ် ၁၅ ခြေမြန်တပ်ရင်းက မြို့မကျစေရန် အပြင်းအထန်ခုခံရန် ပြင်ဆင်နေသည်။