သတင်း

နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံတွင် တိုက်ပွဲများဖြစ်ပွားနေ

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့ပေါ်တွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို ယနေ့ (ဩဂုတ် ၁၀) ရက် နံနက်အစောပိုင်းတွင် တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ရာမှ အပြန်အလှန်တိုက်ပွဲ တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ စစ်တပ်က လေကြောင်းမှ အပြင်းထန် တိုက်ခိုက်နေကြောင်း ဒေသခံများ ထံမှသိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့ပေါ်တွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို ယနေ့ (ဩဂုတ် ၁၀) ရက် နံနက်အစောပိုင်းတွင် တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ရာမှ အပြန်အလှန်တိုက်ပွဲ တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ စစ်တပ်က လေကြောင်းမှ အပြင်းထန် တိုက်ခိုက်နေကြောင်း ဒေသခံများ ထံမှသိရသည်။

နွားထိုးကြီးမြို့ အနောက်ဘက် လူဝင်မှုကြီးကြပ်ရေးရုံးအနီးတွင် စစ်ကောင်စီတပ်သားများ တပ်စွဲကာ ဆက်ကြေးတောင်းယူနေသည့် ဂိတ်အပါအဝင် မြို့ထဲရှိ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲထားရာနေရာများကို ယနေ့ နံနက် ၅ နာရီဝန်းကျင်ကစပြီး တော်လှန်ရေး အင်အားစု များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက နံနက် ၁၀ နာရီဝန်းကျင်မှစတင်ကာ နေ့လည်ပိုင်းအထိ နွားထိုးကြီးတွင် တော်လှန်ရေးအင်အားစုများအား လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

“နွားထိုးအနောက်ဘက် အေးကျောင်း ဘက် မှာချတယ်။ နေ့လည်ဘက် ၁ နာရီ ၅၀ ကနေ ၃ ခါလာတယ်။ ၅ လုံးတွဲကို ၂ ကြိမ်တိုက် လေယာဉ်နဲ့ လာချ သွားတယ်။ ဂျက်ဖိုက်တာနဲ့ တစ်ခေါက်ဝဲပြီးတော့ စက်သေနတ်နဲ့လည်း ဆွဲသွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် နွားထိုးကြီးဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲပြင်းထန်ရာ နွားထိုးကြီးမြို့ပေါ်တွင် ပြည်သူအများစုမှာ မြို့ထဲတွင် ရှိနေသေးပြီး လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သားထိခိုက်မှုအခြေအနေ အသေးစိတ်ကို မသိရသေးဟု ဆိုသည်။

“တောက်လျှောက်လေယာဉ်နဲ့လာကြဲတော့ ကြောက်လို့မထွက်ရဲသေးဘူး။ ငြိမ်နေတယ်။ ရဲတဲ့ တစ်ဦးတစ်လေလောက်ပဲထွက်တယ်။ သွားလို့ လာလို့လွယ်ကူတဲ့လူလောက်ပဲ ထွက်တာ။ ကျန်တဲ့လူတွေကတော့ အိမ်ထဲကနေ အိမ်ပြင်မထွက်ရဲ ဘူး။ လမ်းသွားလမ်းလာတို့ ခြောက်ကပ်နေတဲ့အနေအထားပေါ့”ဟု အထက်ပါ ဒေသခံက ဆိုသည်။

ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း နွားထိုးကြီးနှင့် သုံးပွင့်ဆိုင်တည်ရှိနေသည့် တောင်သာမြို့နယ်နှင့် မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို တော်လှန်ရေးအင်အားစုများက ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ ရှိ ဝဲလောင်ဓါတ်အားခွဲစက်ရုံကို ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး အင်အားစုများထံမှသိရသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်လည်း ယနေ့ နံနက် ၅ နာရီဝန်းကျင်က ဝဲလောင် ဓါတ်အားခွဲစက်ရုံ စီးနင်းတိုက်ခိုက်ခံရမှုအတွင်း တပ်ကြပ်ကြီး ၁ ဦးနှင့် အုပ်ချုပ်ရေးမှူး ၁ ဦး သေဆုံးပြီး ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၄ ဦးဖမ်းဆီးခံခဲ့ရကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြင်းခြံမြို့နယ်၊ ဆီမီးခုံဆိပ်ကမ်းအနီးရှိ စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များ အခြေချတပ်စွဲ ထားသည့် ဆုံရွာကို လည်း ယနေ့ နံနက်ပိုင်း ၅ နာရီခွဲတွင် တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှသိရသည်။

“ပျူရွာကို အတွင်းထဲထိ ဝင်ခဲ့တယ်။ ရဲဘော်တစ်ယောက်ကျဆုံးတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတဲ့ အနေအထားပါ”ဟု မြင်းခြံ ပကဖ တာဝန်ခံက ပြောသည်။

မြင်းခြံခရိုင်အတွင်း ယနေ့ဖြစ်ပွားသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်မှ တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့တို့ပါဝင်သည့် မြင်းခြံခရိုင်အတွင်း ပျူစောထီးစခန်းများကို စီးနင်း တိုက်ခိုက်မှုအပါအဝင် စစ်တပ်နှင့်တော်လှန်ရေးအင်အားစုများ အကြား ဇူလိုင်လဆန်းပိုင်းကပင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတော်လှန်ရေးအင်အားစုများက မန္တလေးတိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေပြီး၊ မန္တလေးတိုင်းတွင်းရှိ စဥ့်ကူးမြို.ကို သိမ်းယူကာ ပုသိမ်ကြီးနှင့် မတ္တရာမြို.နယ်များတွင်လည်း နယ်မြေစိုးမိုးမှုများရရှိနေသည်။

ယခုအခြေအနေတွင် မန္တလေးတိုင်းရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ အမြန်ရွှေ.ပြောင်းရေး စီမံချက်များရေးစွဲရန် နေပြည်တော်ရှိ ဝန်ကြီးဌာနများက ညွှန်ကြားချက်များထုတ်ပြန်ထားသည်။

Related Articles

Back to top button