သတင်း

မြင်းခြံမြို့ ဆုံရွာတိုက်ပွဲတွင် ကလေးများ အပါအဝင် ၃၂ ဦး သေဆုံး

မြင်းခြံမြို့ တိုက်ပွဲတစ်ခုတွင် အရပ်သားများ သေဆုံးရခြင်းနှင့် ပတ်သက်ပြီး တော်လှန်ရေးအင်အားစုနှင့် စစ်ကောင်စီတပ် အပြန်အလှန် အပြစ်တင်နေကြသည်။

မေ ၉ ရက်နေ့ နံနက်ပိုင်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆီမီးခုံဆိပ်ကမ်းအနီး တိုက်ပွဲတွင် အရပ်သားအများအပြား သေဆုံးရခြင်းနှင့်ပတ်သက်ပြီး ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုနှင့် စစ်ကောင်စီတို့ အပြန်အလှန် အပြစ်တင်နေကြသည်။

တိုက်ပွဲမှာ ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုက မြင်းခြံ-ဆီးမီးခုံကားလမ်းဘေး၊ ဆီးမီးခုံဆိပ်ကမ်းအရှေ့ဘက် ၂ မိုင်ခန့်အကွာတွင်ရှိသည့် ဆုံရွာကျေးရွာအတွင်းမှ ပျူစောထီးစခန်းများကို ထိုးစစ်ဆင်ရာမှ ပေါ်ပေါက်လာသည်။

ထိုနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီက ကျေးရွာအတွင်းမှ ကလေးငယ်အပါအဝင် ၃၂ ဦး သေဆုံး၊ ဗုံးစထိမှန်ဒဏ်ရာရသူ ၁၄ ဦး ရှိကြောင်း သတင်းထုတ်ပြန်သည်။

တော်လှန်ရေးတပ်ဖွဲ့များက ဆုံရွာအတွင်းသို့ ဗုံးတပ်ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ရွာသူရွာသားများ ထိခိုက်ကြခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးထားသည်။

“ကျေးရွာ၏တောင်ဘက်နှင့် အရှေ့တောင်ဘက်မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာပြည်သူ့စစ်စခန်းအား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဆုတ်ခွာစဉ် နီးစပ်ရာနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တပ် ဝါဒဖြန့်သူတို့ကလည်း ရုပ်အလောင်းမှတ်တမ်းဓာတ်ပုံများနှင့်အတူ ထိုသတင်းကို ပြန်လည် ဖြန့်ဝေခဲ့ကြသည်။ လူမှုရေး၊ ဘာသာရေးအဖွဲ့ပေါင်းစုံက ထိုတိုက်ခိုက်မှုကို ဆန့်ကျင်သည်ဟူသော ကြေညာချက်များစွာကိုလည်း စစ်တပ်က ထုတ်ပြန်ခဲ့သည်။

တော်လှန်ရေးအင်အားစု၏ တုံ့ပြန်ချက်

အရပ်သားများ ထိခိုက်ရခြင်းမှာ စစ်သင်္ဘောနှင့် စစ်စခန်းတို့က လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည့်အပြင် အထိနာသွားသည့် ပျူစောထီးတို့က ကျေးရွာအတွင်း နေထိုင်သူတို့ကို ရန်ငြိုးဖွဲ့သတ်ဖြတ်ခြင်းလည်းဖြစ်နိုင်ကြောင်း တော်လှန်ရေးအဖွဲ့များက တုံ့ပြန်သည်။

တိုက်ပွဲတွင် ပါဝင်ခဲ့သည့် Myingyan Black Tiger အဖွဲ့၏ တာဝန်ခံ ကိုမိုက်ခဲက ၎င်းတို့၏ ပစ်မှတ်မှာ စစ်ကောင်စီ၏လက်နက်ကိုင်များဖြစ်သည်ဟု ပြောသည်။

“တော်လှန်ရေးအဖွဲ့တွေက စပြီးဝင်တိုက်ကတည်းက လက်နက်ကိုင်ပျူစောထီးတွေရဲ့ အထိုင်စခန်းတွေကိုပဲ ပစ်မှတ်ထားခဲ့တာဖြစ်တယ်။ မီးရှို့ဖျက်ဆီးခဲ့တာ အားလုံးဟာလည်း ပျူစောထီးအခြေစိုက်စခန်းနေရာတွေပါ” ဟု သူက ပြောသည်။

“တိုက်ပွဲအတွင်းမှာ လက်နက်ကိုင်ပျူစောထီး ၅ ဦး သေဆုံးခဲ့ပါတယ်” ဟု သူက ပြောသည်။

ဆုံရွာကျေးရွာအတွင်းတွင် လက်နက်ကိုင် ပျူစောထီးတပ်ဖွဲ့ဝင် အနည်းဆုံး ၃၀ ခန့်ရှိခဲ့သည်၊ တိုက်ပွဲအတွင်း ပျူစောထီးအများအပြား ထွက်ပြေးသွားသည်ကို တွေ့ရသည်ဟု ပြောသည်။

ကျေးရွာပတ်လည်တွင် အခိုင်အမာတပ်စွဲအထိုင်ချထားသည့် စခန်းကြီး ၄ ခု၊ စခန်းငယ် ၂ ခုတို့ကို ဦးတည်တိုက်ခိုက်ခဲ့ကြောင်း၊ စခန်းကြီးများကို ရှင်းလင်းဖျက်ဆီးခဲ့ကြောင်း သူက ပြောသည်။

တိုက်ပွဲ စတင်သည်နှင့် စခန်းအတွင်းရှိ ပျူစောထီးတို့က ပြန်လည်ခုခံခဲ့သည့်အပြင်၊ ဧရာဝတီမြစ်အတွင်း ဆီးမီးခုံဆိပ်ကမ်းတွင် ဆိုက်ကပ်နေရာယူထားသည့် စစ်သင်္ဘောနှင့် မြစ်ကမ်းပေါ်ရှိ စစ်စခန်းတို့ကလည်း လက်နက်ကြီး၊ ၆၀ မမ စိန်ပြောင်းများဖြင့် တိုက်ပွဲဖြစ်သည့် နေရာသို့ ပစ်ခတ်ကြကြောင်း တော်လှန်ရေးအဖွဲ့များက ဆိုသည်။

“သင်္ဘောကချည်းပစ်တာက အချက် ၄၀ လောက် ရှိမယ်၊ တာရိုးပေါ်ကနေ ၆၀ တွေနဲ့ ပစ်တာကလည်း အဆက်မပြတ်ပဲ၊ ကျွန်တော်တို့ နောက်ပြန်ဆုတ်တဲ့အချိန်အထိ ပစ်နေတာ။ တိုက်ပွဲတွင်းမှာ မထိခိုက်ခဲ့တဲ့ ကျွန်တော်တို့ရဲဘော်တွေတောင်မှ အဲ့ဒီကပစ်တဲ့ လက်နက်ကြီးတွေကြောင့် ၄ ယောက် ဒဏ်ရာရခဲ့တယ်” ဟု ကိုမိုက်ခဲက ပြောသည်။

စစ်တပ်ဝါဒဖြန့်သူတို့ မျှဝေထားသည့် ဓာတ်ပုံများတွင်မူ ပျူစောထီးတို့၏ ရုပ်အလောင်းများ မပါဝင်ကြောင်း၊ အမျိုးသမီးနှင့် ကလေးများ၏ ရုပ်အလောင်းများကိုသာ တွေ့ရကြောင်း တော်လှန်ရေးအဖွဲ့များက ဆိုသည်။

၂၀၂၁ တွင် အာဏာသိမ်းသည့် စစ်တပ်က ပြည်သူများကို လမ်းပေါ်တွင် ပစ်သတ်ရာမှ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာသည်။

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်တပ်က လက်နက်ကိုင်အင်အား လိုအပ်နေချိန်တွင် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပြီး အရည်အသွေးနည်းပါးသည့် လက်နက်ဟောင်းများ တပ်ဆင်ပေးထားသည်။

၂၀၂၁ အာဏာသိမ်းအပြီး ပေါ်လာသည့် ပြည်သူ့စစ်အဖွဲ့များကို ပျူစောထီးဟုလည်း အများက ခေါ်ဆိုကြပြီး ထိုအဖွဲ့များကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အများအပြား တွေ့နိုင်သည်။

အဆိုပါ လက်နက်ကိုင်များမှာ ကျေးရွာအတွင်း နေထိုင်ပြီး စစ်ကောင်စီ၏ စစ်ကြောင်းများ ဒေသအတွင်း လှည့်လည်သွားလာချိန်တွင် အင်အားဖြည့်တင်းပေးခြင်း၊ လမ်းပြခြင်း စသည့် တာဝန်များ ယူထားသည်။

Show More

Related Articles

Back to top button