ယမန်နေ့ (ဩဂုတ် ၁၃) တွင် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကျေးလက်ဈေးတစ်ခုကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကလေး ၁ ဦး အပါအဝင် ၁၁ ဦး သေဆုံးသွားသည်ဟု သိရသည်။
ထနောင်းတောရွာဈေးတွင် နံနက်ပိုင်း လူစည်ကားချိန် မုံရွာမြို့အဝင်ရှိ ဂိတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီလက်နက်ကိုင်တို့က ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းများ အွန်လိုင်းတွင် ဖော်ပြနေသူတစ်ဦးက ပြောသည်။
“ပွဲချင်းပြီးက ၂ ဦးဆုံးတယ်။ သယ်လာပြီးတော့ အရေးပေါ်ဆေးခန်းလေးမှာ ဆုံးတာက ၆ ယောက်လောက် ဆုံးတယ်။ ဆေးရုံမှာ ဆုံးတာက ၃ ယောက်ပေါ့” ဟု မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
“ပွဲချင်းပြီးဆုံးတာက လူကြီးတွေ။ ခေါင်းတွေ၊ ဗိုက်တွေ မှန်ထားတာ”
စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် မအူဂိတ်သည် မုံရွာမြို့တောင်ဘက်တွင် တည်ရှိပြီး ထနောင်းတောရွာနှင့် ၂ မိုင်ခန့် ဝေးသည်။
သေဆုံးသူများမှာ အသက် ၅၀ ကျော်အရွယ် ဒေါ်ဌေးမြင့်၊ အသက် ၄၀ ကျော်အရွယ်များဖြစ်သည့် ဒေါ်မြင့်မြင့်စိုး၊ ဒေါ်မာမာဌေး၊ ဒေါ်အိအိမော်၊ ဒေါ်ယဉ်ဌေး၊ ဦးထွန်းဝင်း၊ အသက် ၃၀ ကျော်အရွယ် ကိုလင်း၊ မခိုင်ရွှေဝါ၊ ၂၃ နှစ်အရွယ် ကိုနိုင်ကိုခန့်၊ မလုံးလုံးနှင့် ၁၄ နှစ်အရွယ် မထက်ရွှေစင်တို့ ဖြစ်သည်။
“ခြေထောက်တွေဆိုရင် ဒူးကပြတ်သွားတယ်၊ နောက်တစ်ယောက်က ခြေချင်းဝတ်က ပြတ်သွားတယ်၊ သေဆုံးတဲ့အထဲမှာ ၁၄ နှစ် သမီးလောက်လေးတစ်ယောက်က လည်ပင်းတွေရော မှန်ထားတာ။ ဆီးခုံတွေ၊ ဗိုက်တွေ မှန်ထားတယ်” ဟု မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
သေဆုံးသူများမှာ ဈေးရောင်းဈေးဝယ် အရပ်သားပြည်သူများဖြစ်သည်ဟု ဒေသခံနောက်တစ်ဦးက ဆိုသည်။
လူစည်ကားသည့်နေရာကို ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီအရာရှိများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်တပ်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ထိုနေ့ နေ့လယ်ပိုင်းတွင် မုံရွာမြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ ညောင်ဖြူပင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများက ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ထိုရွာတွင် တပ်စွဲထားသည့်စခန်း တိုက်ခိုက်ခံရသည့်အတွက် မအူဂိတ်ရှိ စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ကူရာ ၅ မိုင်ခန့်ဝေးသည့် လယ်တောကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုပေါက်ကွဲမှုတွင် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟုလည်း သိရသည်။
မအူဂိတ်ကို ယမန်နေ့ ညနေပိုင်းတွင် ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးကြဲကာ တုံ့ပြန်တိုက်ခိုက်ခဲ့သည်။
ထိုအချိန်တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ထိုပစ်ခတ်မှုအတွက် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေအသေးစိတ်ကို မသိရပါ။
မအူဂိတ်သည် မုံရွာမြို့အဝင် မုခ်ဦးအနီးတွင် တည်ရှိပြီး စစ်တပ်က အခိုင်အမာတပ်စွဲထားသည်။ ထိုဂိတ်ကို ဖြတ်သန်းသွားလာသူ ဒေသခံများ၊ ကားမောင်းသူများထံမှ စစ်ကောင်စီတပ်သားတို့က ငွေကောက်ခံလေ့ရှိပြီး အနီးဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိသည်ဟုလည်း ဒေသခံများက ဆိုသည်။
“ မြို့အဝင်ဂိတ်လည်းဖြစ်တယ်၊ ဒီအနားပတ်ချာလည်မှာ တိုက်ပွဲဖြစ်ရင်လည်း ပစ်ကူပေးတယ်။ သက်သက်မဲ့ ပြည်သူတွေအပေါ်မှာ ယုတ်မာချင်ရင်လည်း မူးရူးရမ်းကားပြီး တိုက်ပွဲမရှိဘဲ ပတ်ချာလည်ရွာတွေကို ပစ်တတ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိုဂိတ်တွင် တပ်စွဲသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ပြီး အင်အား ၄၀ ခန့်ဖြင့် တပ်စွဲနေထိုင်သည်ဟု ဒေသခံများက ပြောသည်။
ဩဂုတ် ၁၀ ရက်နေ့ကလည်း မအူဂိတ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မုံရွာ – အမြင့်လမ်းပေါ်ရှိ ကျေးရွာများပေါ် ကျရောက်ပေါက်ကွဲကာ ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရသွားပြီး ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင်း ဒေသခံများက ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီလကလည်း ထိုဂိတ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထနောင်းတောရွာ လက်ဖက်ရည်ဆိုင်အတွင်းသို့ ကျရောက်ပေါက်ကွဲရာ ပြည်သူ ၄ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
နမခ တည်ရှိရာ မုံရွာမြို့တွင် စစ်တပ်က မြို့ပေါ်တွင် ထိန်းချုပ်ထားနိုင်သော်လည်း အနီးဝန်းကျင်ကျေးရွာတွင် တော်လှန်ရေးအင်အားစုများ ခုခံတော်လှန်မှု အားကောင်းနေသည်။
ကျေးရွာများကို ရွာစဉ်လှည့်စစ်ကြောင်းထိုးလေ့ရှိသည့် စစ်တပ်သည် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှု အားကောင်းလာချိန်တွင် စစ်ကြောင်းမထိုးနိုင်တော့ဘဲ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းတိုက်ခိုက်မှုတို့ကို ပိုမိုအားပြုလာသည်။ ယခင်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာတွင် ရမ်းသန်းပစ်ခတ်လေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင် လူစည်ကားသည့် နေရာများကို ပိုမိုဦးတည် ပစ်ခတ်လာသည်ဟုလည်း ဒေသခံတို့က ဆိုသည်။
စစ်ကိုင်းတိုင်းဒေသခံအများစုမှာ စိုက်ပျိုးရေးဖြင့် အသက်မွေးကြသူများဖြစ်ပြီး တိုက်ပွဲမရှိလျှင် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ကြခြင်း မရှိပေ။ လေကြောင်းတိုက်ခိုက်မှု၊ အချိန်နေရာမရွေး ကျရောက်ပေါက်ကွဲနိုင်သည့် လက်နက်ကြီးအန္တရာယ်များကြားမှပင် စားဝတ်နေရေးအတွက် ရုန်းကန်နေရသည်။
ကတုတ်ကျင်းတူးခြင်းမရှိဟုလည်း ဒေသခံတစ်ဦးက ပြောသည်။
“စစ်ကြောင်းလာမှပဲ ခဏတစ်ဖြုတ်ပဲ ရှောင်ကြတာ။ လက်နက်ကြီးလာရင် ငုံ့နေရတာမျိုးလောက်ပဲ ရှိတာ။ ကတုတ်ကျင်းတွေဘာတွေ မရှိဘူး။ လက်နက်ကြီးထုမှပဲ အောက်ငုံ့နေကြတာ။ ဒါပဲရှိတာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။
မုံရွာတောင်ဘက်တွင် စစ်တပ်အခိုင်အမာတပ်စွဲထားသည့် မအူဂိတ်၊ ညောင်ပင်ဂိတ်နှင့် တောပုပျူရွာတို့မှ အနီးဝန်းကျင် ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၃ နှစ်တာ ကာလအတွင်း အရပ်သား ၅၀ နီးပါးခန့် သေဆုံး၊ ၁၅၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု မုံရွာ-အမြင့် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုသည်။