
ယမန်နေ့ (စက်တင်ဘာ ၁၆) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကြောင်းထိုးပြီး ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ခြောက်ဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း သိရသည်။
ဧရာဝတီမြစ်၏အရှေ့ဘက်၊ မြို့၏ အနောက်မြောက်ဘက် ငါးမိုင်ခန့်အကွာရှိ ခြုံကြီးရွာခေါ် သာယာကြီးရွာအနီး အသွင်ယူကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရကြောင်း မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ စိုင်းဂျာလူက Myanmar Now ကို ပြောသည်။
“ပုံမှားအရိုက်ခံလိုက်ရတယ်လို့ မြေပြင်သတင်းကြားထားတယ်ပေါ့၊ လမ်းလျှောက်ထွက်တဲ့အချိန်မှာ သူတို့ (စစ်ကောင်စီတပ်သားများ) ကလည်း တပ်ရင်း ၃ ကပဲ။ လမ်းလျှောက် ထွက်လာတယ်ဆိုပြီးတော့ သူတို့နဲ့အတူတကွပါသွားပြီးတော့ သူတို့အင်အားစုဖွဲ့ထားတဲ့ နေရာရောက်တော့မှ ဖမ်းချုပ်ပြီးရိုက်နှက်တဲ့ အနေအထားလို့ အကြမ်းဖျင်းသိရတယ်” ဟု သူက ဆိုသည်။
အသတ်ခံရသူတို့မှာ မြင်းခြံ ပကဖ ဒုတာဝန်ခံ ဦးလှမျိုးကျော် (ခေါ်) အီးတီ၊ တောင်သာ ပကဖ တပ်ဖွဲ့ဝင် တစ်ဦး၊ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ ရဲဘော်ဖက်တီးအပါအဝင် ရဲဘော်လေးဦး ဖြစ်ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ် သုံးခုက အတည်ပြုသည်။
သတ်ဖြတ်ခံရသည့်နေရာသို့ အခြားတော်လှန်ရေးတပ်သားအချို့ ဆိုင်ကယ်ဖြင့် ထပ်ရောက်လာစဉ် စစ်တပ်ဘက်ကစတင်ပစ်ခတ်ပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုလည်း စိုင်းဂျာလူက ပြောသည်။
တောင်သာမြို့အရှေ့တောင်ဘက် ၄၃ မိုင်အကွာ မိတ္ထီလာမြို့ ရှမ်းတဲလေတပ်မှ Mi 35 နှင့် Y12 လေယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
“ဝေဟင်အန္တရာယ်ကြောင့် နောက်ပြန်ဆုတ်ခဲ့ရတယ်။ ကျဆုံးရဲဘော်တွေရဲ့အလောင်း ပြန်မရနိုင်ဘူးပေါ့ဗျာ။ ညနေစောင်းရောက်တော့ ခြုံကြီးရွာကို သူတို့မီးရှို့ကြတယ်။ ပြည်သူပိုင် ပစ္စည်းတွေ ခိုးယူသွားတယ်။ သေဆုံးသူတွေရဲ့အလောင်းကို ယူရဲတဲ့ကောင်တွေ လာယူဆိုပြီးပြောတယ်လို့ အသံတွေကြားရပါတယ်” ဟု စိုင်းဂျာလူက ပြောသည်။
သေဆုံးသူများအနက် အသက် ၄၇ နှစ်အရွယ် ဦးလှမျိုးကျော် (ခေါ်) အီးတီသည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကတည်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး နိုင်ငံရေးအမှုဖြင့် စစ်တပ်က ဖမ်းဆီးထောင်ချခံခဲ့ရဖူးသည်၊ ထောင်မှ လွတ်လာပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတိုင်းတွင် ပါဝင်ခဲ့သည်ဟု စိုင်းဂျာလူက ဆိုသည်။

စစ်ကောင်စီက ဦးလှမျိုးကျော်ကို ရာဇသတ်ကြီးဥပဒေပါ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဖြင့် ဝရမ်းထုတ်ခဲ့ပြီးမြင်းခြံမြို့ပေါ်တွင် နေထိုင်ခွင့်မရဘဲ တော်လှန်ရေးအဖွဲ့စိုးမိုးနယ်မြေများတွင် ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ခြင်းမရှိဘဲ သပိတ်လှုပ်ရှားမှုများ၊ ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်ကူညီရေးနှင့် လူထုစည်းရုံးရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သည်ဟု သိရသည်။
ဦးလှမျိုးကျော်သည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဗကသများအဖွဲ့ချုပ် မြင်းခြံခရိုင်ကျောင်းသားများသမဂ္ဂက ယနေ့တွင် ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ထားသည်။
ယနေ့ (စက်တင်ဘာ ၁၇) တွင်မူ ရုပ်အလောင်း ၅ လောင်း ကောက်ယူရရှိထားပြီး အသုဘချရန် စီစဉ်ထားပြီးဖြစ်ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ခြုံကြီးရွာကို မီးရှို့သည်၊ ပစ္စည်းများ ခိုးယူသွားသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်တပ်ကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီဘက်ကမူ သာယာကြီးရွာကို ဝင်ရောက်ရှင်းလင်းခဲ့ပြီး သေနတ် ၂ လက် ၊ မိုင်း ၁၁ လုံး သိမ်းဆည်းရမိသည်ဟု စက်တင်ဘာ ၁၆ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
”နီးစပ်ရာစုစည်း၍ အင်အားများ ထပ်မံဖြည့်တင်း တုန့်ပြန်လာသည့်အတွက် လေကြောင်းပစ်ကူရယူ၍ ချေမှုန်းခဲ့ရာ ပစ်ခတ်မှုများ ညနေပိုင်းတွင် ပြီးဆုံးခဲ့သည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။
တော်လှန်ရေးအင်အားစုဘက်မှ ထိခိုက်သေဆုံးမှု များပြားသည်၊ စစ်ကောင်စီတပ်သားတချို့လည်း ဒဏ်ရာရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လူဦးရေ ၇၅၀,၀၀၀ ခန့်နေထိုင်သည့် ဧရာဝတီမြစ် အရှေ့ဘက်ကမ်း သုံးပွင့်ဆိုင်ရှိနေသည့် နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့နယ်တို့တွင် “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation)” အမည်ဖြင့် စစ်ဆင်ရေးကို NUG လက်အောက်ခံPDF များအပါအဝင် ဒေသတွင်းတော်လှန်ရေးတပ်များဖြင့် စုဖွဲ့ထားသည့် မဟာမိတ်တို့က ဩဂုတ် ၁၀ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ပွဲများကြောင့် မြင်းခြံခရိုင်တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တယား ဖရိုဖရဲဖြစ်သည်အထိ တော်လှန်ရေးတပ်များကတိုက်ပွဲများဖော်ဆောင်နိုင်သည်ကိုတွေ့ရသည်။