မေ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားသည့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ကျေးရွာ မီးရှို့ခံရပြီးနောက် အဘွား ၃ ဦး၊ လူလတ်ပိုင်း အမျိုးသား ၂ ဦးတို့၏ ရုပ်အလောင်းများကို တွေ့ရသည်ဟု ဒေသခံတို့က ပြောသည်။
နံနက်ပိုင်းတွင် စစ်သား၊ ရဲနှင့် ပျူစောထီး များပါဝင်သော အင်အားရာဂဏန်းရှိ စစ်ကောင်စီတပ် ထိုရွာသို့ ရောက်လာသည့်အတွက် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး နောက်တစ်နေ့နံနက်တွင် ဒေသကာကွယ်ရေးအဖွဲ့များ တပ်ဆုတ်သွားခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်က ရွာအတွင်းရှိ လူနေအိမ်မှန်သမျှ မီးရှို့လိုက်သည်၊ ဘုန်းကြီးကျောင်းနှင့် ကျေးရွာစာသင်ကျောင်းသာ ကျန်ရှိသည်ဟု ရွာဒေသခံများနှင့် မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ပြောသည်။
မီးလောင်ပြင်အတွင်းမှ ကျည်သင့်ဒဏ်ရာများ၊ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦးတို့၏ ရုပ်အလောင်းများ တွေ့ခဲ့ရသည်ဟု ဆိုသည်။
သေဆုံးသူများမှာ ဒေါ်သန်းမြိုင် (၇၀ နှစ်)၊ ဒေါ်မြသွယ် (၇၀ နှစ်)၊ ဒေါ်ပေါကြီး (၆၅ နှစ်)၊ ဦးမြင့်မောင် (၅၅ နှစ်)၊ ဦးမင်းနိုင် (၄၅ နှစ်) တို့ဖြစ်ကြသည်။
Myingyan Black Tiger အဖွဲ့တာဝန်ခံ ကိုမိုက်ခဲက မိုင်း၊ လက်လုပ်အဝေးပစ်လက်နက်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြောသည်။
“သူတို့ဘက်က အင်အားအတော်များများနဲ့ ထိုးဝင်လာတယ်။ ကျားထိုးတာကို ၃ ခါရှိခဲ့တယ်။ ကျွန်တော်တို့က ခံစစ်ဆင်ခဲ့ရတာပါ။ အဓိကကတော့ လက်လုပ်ပခုံးထမ်းတွေနဲ့ မိုင်းတွေကြောင့် သူတို့ အတော်အထိနာတယ်” ဟု သူက ပြောသည်။
“နောက်နေ့မနက်ကျတော့ အင်အားက ထပ်တိုးလာတာ၊ ဆီမီးခုံရေတပ်က ပစ်တာ၊ ဒရုန်းသုံးတာ များလာတာတွေကြောင့် နောက်ဆုတ်ပေးလိုက်ရတယ်”
တိုက်ပွဲတွင် နှစ်ဖက်လက်နက်ကိုင်များ ထိခိုက်မှု ရှိကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးအဖွဲ့များက ပြောသည်။
ကာကွယ်ရေးအဖွဲ့မှ ၁၅ ဦးခန့် ဒဏ်ရာရသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်က ၎င်းတို့ဘက်မှ ရုပ်အလောင်းများကို Faw ကား နှစ်စီးဖြင့် ဆီမီးခုံစစ်စခန်းဆီသို့ သယ်ဆောင်သွားသည်တွေ့ရကြောင်း၊ ဒဏ်ရာရတပ်သားများကို အနီးကျေးရွာတစ်ခုအတွင်း ဆေးကုသပေးနေကြောင်း တော်လှန်ရေးအဖွဲ့များက ပြောသည်။
မေ ၁၄ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ ထွက်ခွာသွား၍ ဒေသခံများ ရွာအတွင်းသို့ ပြန်လည် ဝင်ရောက်ကြည့်ရှုရာမှ အလောင်းများကို တွေ့ရှိခဲ့ကြောင်း သိရသည်။
“ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကလွဲရင် အကုန်ကုန်သွားတာပါ။ တစ်ရွာလုံးကုန်ပါပြီ။ စစ်သားတွေ ထွက်သွားတော့ မီးလောင်ပြင်ထဲကနေ သေဆုံးငါးယောက်ကို တွေ့ပါတယ်။ မပြေးနိုင်သူ၊ အချိန်မီမရှောင်နိုင်သူတွေ ဖြစ်မယ်။ ပစ်သတ်ပြီးတော့ မီးလောင်ပြင်ထဲ ထည့်သွားပုံပါပဲ” ဟု မြို့နယ်ပကဖ တာဝန်ခံတစ်ဦးက ပြောသည်။
ရွာရှည်ကျေးရွာခံ အများအပြားမှာ တိုက်ပွဲစဖြစ်ချိန်ကတည်းက ဘေးလွတ်ရာ တိမ်းရှောင်နိုင်ကြကြောင်း ရွာသားတစ်ဦးက ပြောသည်။
“ကျွန်တော်တို့က တိုက်ပွဲတွေစပြီးဖြစ်ပြီဆိုကတည်းက ရွာကနေ ထွက်လာရတာပါ။ အခုတော့ မြစ်တစ်ဖက်ကမ်းအထိ လာရှောင်နေပါတယ်။ ရွာသူရွာသားတွေကတော့ နီးရာရွာတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့၊ တောတောင်တွေထဲလည်း တချို့ရှောင်နေကြပါတယ်”
ရွာရှည်ကျေးရွာကို မီးရှို့သွားသော စစ်ကောင်စီတပ်ဖွဲ့သည် တောင်ဘက်တွင်ရှိသည့် ကျားတိုင်းကျေးရွာဆီသို့ ဦးတည်သွားခဲ့ပြီး၊ ညနေတွင် ထိုရွာကို မီးရှို့နေသည်ကို မြင်ခဲ့ရသော်လည်း မီးလောင်ဆုံးရှုံးမှုအခြေအနေအသေးစိတ်ကို မသိရသေးကြောင်း အထက်ပါမြို့နယ်ပကဖ တာဝန်ခံက ပြောသည်။
ပြီးခဲ့သည့် မေ ၉ ရက်က ဆီမီးခုံကျေးရွာအနီးဝန်းကျင် ပျူစောထီးခေါ် ပြည်သူ့စစ်များ ကြီးစိုးရာ ဆုံကျေးရွာကို ဒေသတော်လှန်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သေးသည်။
ထိုတိုက်ပွဲဖြစ်သည့်နေ့က ဆုံကျေးရွာ ဒေသခံ ၃၂ ဦးခန့် သေဆုံးခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီလက်နက်ကိုင် ၅ ဦးသာ သေဆုံးကြောင်း၊ ဒေသခံအများအပြား သေဆုံးရသည်မှာ စစ်သင်္ဘောနှင့် စစ်စခန်းမှ အဆက်မပြတ်ပစ်ခတ်ခဲ့သည့်လက်နက်ကြီးများကြောင့် ဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များက ဆိုသည်။
စစ်ကောင်စီကမူ တော်လှန်ရေးတပ်ဖွဲ့များက ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ဒေသခံများကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့၏ ဝါဒဖြန့်ရုပ်သံနှင့် လူမှုကွန်ရက်တို့မှ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုခဲ့သည်။
အဆိုပါ ဆုံကျေးရွာ ပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရခြင်းကို တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ဒေသတွင်း စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီး၊ ခုခံတိုက်ခိုက်သည့် ကျေးရွာကို အငြိုးတကြီး ဖျက်ဆီးခဲ့ခြင်းဖြစ်နိုင်သည်ဟု ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက ယူဆသည်။
မီးရှို့ဖျက်ဆီးခံရသည့် ရွာရှည်ကျေးရွာသည် ဒေသတော်လှန်ရေးတပ်ဖွဲ့များ အခြေစိုက်ပြီး၊ အာဏာသိမ်းစစ်အုပ်စုကို တော်လှန်မှုအားကောင်းသည့်ဒေသဖြစ်သည့်အပြင်၊ ဆုံရွာပြည်သူ့စစ်စခန်းကို တိုက်ခိုက်သည့် တော်လှန်ရေးအဖွဲ့များရှိသည့် ကျေးရွာလည်းဖြစ်ကြောင်း သိရသည်။
ရွာရှည်ကျေးရွာသည် မြင်းခြံမြို့နှင့် ဆီမီးခုံဆိပ်ကမ်းဆက်သွယ်ထားသည့် ကားလမ်းဘေး၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းအနီးတွင်ရှိသည့် အိမ်ခြေ ၃၂၀ ခန့်၊ အိမ်ထောင်စု ၃၀၀ ဝန်းကျင် နေထိုင်သည့်ကျေးရွာတစ်ခု ဖြစ်သည်။
“သူတို့ရဲ့ ဆီမီးခုံဆိပ်ကမ်းနားက ဆုံရွာပျူစခန်းတိုက်ခိုက်ခံရလိုက်တဲ့အတွက် ဆမိတ်ခုံ (ဆီမီးခုံ) အနီးတစ်ဝိုက်ကို သူတို့ ရှင်းလင်းချင်ပုံရပါတယ်။ ဒါကြောင့် စစ်ကြောင်းလှည့်ထိုးတာဖြစ်နိုင်တယ်။ ဆမိတ်ခုံက သူတို့ရဲ့ ဆိပ်ကမ်းစီမံကိန်းတွေလည်းရှိနေတာကိုး” ဟု မြို့နယ်ပကဖ တာဝန်ခံက သုံးသပ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်ကမ်းဘေးဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်းတွင် စစ်အုပ်စုလက်နက်ကိုင်များက ကျေးရွာများကို စီးနင်း မီးရှို့၊ တွေ့သမျှ ဒေသခံတို့ကို အစုအပြုံလိုက်သတ်ဖြတ်ခြင်းကို ယခုနှစ်ဆန်းပိုင်းမှ စတင်၍ တစ်ကျော့ပြန်လုပ်ဆောင်နေသည်။
ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင်ရှိသည့် မြင်းမူမြို့နယ် လက်ထုတ္တောရွာကို စီးနင်းပြီး ဘုန်းကြီးကျောင်းအတွင်း စစ်ရှောင်နေသူ အမျိုးသားမှန်သမျှကို ခေါ်ထုတ်ကာ အစုလိုက်သတ်ဖြတ်လိုက်သည့်ဖြစ်ရပ် ပြီးခဲ့သည့် ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။