သတင်း

မြင်းခြံမြို့နယ် ပျားရွာကို မီးရှို့သူများက ၃ နှစ်သမီးကို ပစ်သတ်

မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ်ရန်ကြောင့် ထွက်ပြေးသည့် အမျိုးသမီး ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရသွားပြီး ပွေ့ထားသည့်ကလေး ကျည်ထိ သေဆုံးသည်။

နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်ကြားတွင် ယနေ့ (နိုဝင်ဘာ ၇) မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မြင်းခြံမြို့နယ် ပျားရွာကို စီးနင်းမီးရှို့ကာ ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ပစ်သတ်သွားသည်ဟု စုံစမ်းသိရှိရသည်။

နွားထိုးကြီးမြို့နယ်၊ ပဲကြီးခင်းကျေးရွာမှ ထွက်လာသော အင်အား ၃၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ကို မြင်းခြံခရိုင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ရာ အထိနာသဖြင့် နယ်မြေဆက်စပ်နေသည့် ပျားရွာကို မနက် ၈ နာရီတွင် ဝင်ရောက်မီးရှို့ခြင်းဖြစ်ကြောင်း အမည်မဖော်ပြလိုသည့် ပျားရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။

ရွာထဲသို့ စစ်ကြောင်းဝင်ရောက်လာစဉ် ကလေးငယ်ကို ချီ၍ ထွက်ပြေးတိမ်းရှောင်စဉ် ပစ်ခတ်ခြင်း ဖြစ်ကြောင်း ထိုရွာသားက ဆိုသည်။

“တိုက်ပွဲဖြစ်ပြီး ကျွန်တော်တို့ရွာဘက်ကို ဦးတည်ပြီး ဆင်းလာတာ။ တိုက်ပွဲဖြစ်တဲ့စစ်ကြောင်းနဲ့ တပ်ကူပါလာတဲ့စစ်ကြောင်းနဲ့ ပေါင်းပြီး မီးရှို့တာ။ အဲ့ဒီအချိန်မှာ ပြည်သူတွေက ဘေးလွတ်ရာကို ထွက်ပြေးတယ်။ ကလေးနဲ့ ထွက်ပြေးတဲ့အချိန် သေနတ်နဲ့ ပစ်တာ။ ကလေးရဲ့နားထင်ကို ဖောက်ထွက်ပြီး မအေဖြစ်သူရဲ့ ပခုံးကို မှန်တာပါ” ဟု ၎င်းက ဆိုသည်။

ဒဏ်ရာရခဲ့သည့် မိခင်ဖြစ်သူ၏ လုံခြုံရေးအခြေအနေကြောင့် အမည်ဖော်ပြခြင်း မပြုရန် သတင်းရင်းမြစ်များက တောင်းဆိုထားသည်။

မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်အထိ စစ်တပ်က မီးရှို့နေဆဲဖြစ်၍ ဒေသခံအားလုံး ဘေးလွတ်ရာ ဆက်လက် ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာထဲကို ပြန်မဝင်နိုင်သေးကြောင်း၊ အခြားထိခိုက်ဒဏ်ရာရမှုနှင့် နေအိမ်မီးလောင်မှုကို အသေးစိတ်မသိရကြောင်း ၎င်းက ဆိုသည်။

နာရီနှင့်ချီ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ အထိနာနိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် နွားထိုးကြီးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တိုက်ပွဲက ပြင်းထန်တယ်။ ကိုယ့်ဘက်က လက်ဦးမှုယူပစ်ပြီးတော့ သူတို့ဘက်ကလည်း အထိနာတယ်။ သူတို့ဘက်က လက်နက်ကြီးနဲ့ ထုတော့ ကိုယ့်ဘက်က ဆုတ်လာတယ်။ တပ်ကူလည်း လာတော့ နည်းနည်း ဆုတ်လာတာပေါ့” ဟု ၎င်းက ဆိုသည်။

မြင်းခြံခရိုင်အတွင်း လှုပ်ရှားနေသည့် PDF တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

စစ်ကူလာသည့် စစ်ကောင်စီဩဇာခံ သွေးသောက်အဖွဲ့ဝင် ကားများကို ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်သည် ၎င်းတို့ အထိနာပါက ဒေသခံတို့ကို ရန်ရှာကာ နေအိမ်များကို မီးလောင်တိုက်သွင်းခြင်းမှာ လုပ်ရိုးလုပ်စဉ်လိုဖြစ်နေကြောင်း ထိုသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့်နှစ် ၂၀၂၂ နိုဝင်ဘာ ၈ တွင် ပျားရွာစာသင်ကျောင်းတွင် တပ်စွဲသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးအဖွဲ့က နာရီဝက်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အထိနာသွားသည့် စစ်တပ်က ထိုညမှာပင် ပျားရွာကို မီးရှို့ခဲ့သည်။

လေဖြတ်နေသော အဘွားအိုတစ်ဦး မီးလောင်သေဆုံးခဲ့ပြီး နောက်ရက် ကျေးရွာသို့ ပြန်ဝင်လာသည့် အသက် ၃၀ အရွယ် ကိုဇော်မျိုးနိုင်ကိုလည်း စစ်တပ်က ပစ်သတ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း မြန်မာနိုင်ငံ၏ အလယ်တည့်တည့်တွင် ရှိသည့် မြင်းခြံမြို့နယ်သည် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်မှု အားကောင်းနေသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များအပြင် ဒေသခံကာကွယ်ရေးအဖွဲ့များကလည်း လက်နက်ကိုင် ပြန်ခုခံနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအလယ်ပိုင်းသည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သဖြင့် စစ်ကောင်စီတပ် အလွယ်တကူ တပ်ဖြန့်နိုင်သည်။ ထိုဒေသသည် တောတောင်မထူထပ်ခြင်းကြောင့် လက်နက်အင်အား အကန့်အသတ်သာရှိသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်နေသည်။

ညီနောင် ၃ ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇” အမည်ဖြင့် စစ်ဆင်ရေးဆင်နွှဲနေချိန် PDF များကလည်း နိုင်ငံအလယ်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ထိုးဖောက်တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button