နေပြည်တော်စစ်စခန်းများကို ယမန်နေ့ (ဧပြီ ၄) နံနက်ပိုင်းက ဒရုန်းများဖြင့် တိုက်ခိုက်ခံရမှုတွင် တော်လှန်ရေးအင်အားစုများ အသုံးပြုခဲ့သည့် နည်းပညာသည် အပျော်တမ်းအဆင့်သာရှိကြောင်း စစ်တပ်ပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ခဲ့သည်။
သို့သော်လည်း လက်တွေ့တွင် စစ်ကောင်စီသည် ထိုတိုက်ခိုက်မှုကို အာဏာသိမ်းသက်တမ်း ၃ နှစ်ကျော်အတွင်း အကြီးမားဆုံးသော လေကြောင်းခြိမ်းခြောက်ခံရမှုအဖြစ် သတ်မှတ်ခဲ့သည်။
ယခုသီတင်းပတ်အတွင်း ကျင်းပရန် စီစဉ်ထားသည့် စစ်ခေါင်းဆောင်များ တက်ရောက်မည့် အစည်းအဝေးတချို့ကို ဖျက်သိမ်းလိုက်ပြီး နေပြည်တော်တွင် လေကြောင်းရန် ကာကွယ်ရေး အဆင့်မြှင့်ရန် ပြင်ဆင်နေသည်။
ယခုနှစ်တွင် စစ်ခေါင်းဆောင်သည် နေပြည်တော် တပ်တွင်းသင်္ကြန်ပွဲကို တက်ရောက်ရန် စီစဉ်ထားသော်လည်း ဖျက်သိမ်းလိုက်သည်ဟု သတင်းအရင်းအမြစ်တို့က ဆိုသည်။
စစ်ခေါင်းဆောင်တို့ အလန့်တကြားဖြစ်ခဲ့ရသည့် ဒရုန်းတိုက်ခိုက်မှု
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်များသည် နေပြည်တော်ရှိ အေလာလေတပ်စခန်း၊ စစ်ရုံးချုပ်နှင့် စစ်ခေါင်းဆောင်တို့၏ နေအိမ်များကို ဒရုန်း ၃၅ စင်းဖြင့် တိုက်ခိုက်ခဲ့ကြသည်။ ထိုဒရုန်းများအနက် ၂၉ စင်းသည် ပစ်မှတ်များဆီ ရောက်ရှိခဲ့သည်ဟု NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော် (PDF) တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“စစ်ရုံးချုပ်ကို (ပစ်တဲ့ အစင်း ၂၀ မှာ) ၁၆ စင်းက အောင်မြင်စွာ ထိုးစိုက်ခဲ့ပြီး ၄ စင်း ပျက်ကျတယ်၊ အေလာလေယာဉ်ကွင်းကတော့ (၁၅ စင်း ပစ်တာ) ၁၃ စင်း ထိုးစိုက်နိုင်ပြီးတော့ ၂ စင်း ဖျက်ချတယ်။ ဒါကို အတည်လည်းပြုပါတယ်၊ အောင်မြင်စွာလည်း လုပ်ဆောင်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုတိုက်ခိုက်မှုများအနက် စစ်ရုံးချုပ်ကို PDF အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲ၊ အေလာလေတပ်ကို PDF အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Lethal Prop တပ်ခွဲတို့က လုပ်ဆောင်ခြင်းဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။
နေပြည်တော်ကို ဒရုန်းဖြင့် တိုက်ခိုက်မှုကို ငါးလကြာ ပြင်ဆင်ခဲ့ပြီး တာဝေးမိုင်နှင့်ချီ၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ကုန်ကျစရိတ်အနေဖြင့် အများအပြားသုံးစွဲထားခြင်း မဟုတ်ကြောင်း NUG လက်အောက်ခံ Power Of Ababil ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း ရှင်းပြသည်။
စစ်ကောင်စီ၏ အတည်ပြုချက်များ
စစ်ကောင်စီကလည်း လေကြောင်းရန်တပ်ဖွဲ့မှ ဟန့်တားခဲ့၍ ဒရုန်း ၂ စင်းမှာ လေထဲတွင် ပေါက်ကွဲပျက်စီးခဲ့ပြီး သိမ်းဆည်းရရှိခဲ့သည့် ဒရုန်း ၁၃ စင်းတွင် ဖောက်ခွဲရေးပစ္စည်းများပါရှိသည့် ၄ စင်းကို ဖျက်ဆီးခဲ့ရသည်ဟု ဧပြီ ၅ ရက်ထုတ် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွင် ဖော်ပြထားသည်။
ဧပြီ ၄ ရက် ၁၀ နာရီ မိနစ် ၃၀ တွင် နေပြည်တော်လေဆိပ်၏ အရှေ့ဘက်မှ ဒရုန်း ၄ စင်း ပျံသန်းလာရာ လေဆိပ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချဖျက်ဆီးခဲ့ကြောင်း၊ စစ်ရုံးချုပ်တည်ရှိရာ ဇေယျာသီရိမြို့နယ်၏ အရှေ့တောင်ဘက်မှ ဒရုန်း ၃ စင်း ပျံသန်းဝင်ရောက်ခဲ့မှုကို ပစ်ချဖျက်ဆီးခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။
စစ်ကောင်စီ ၂ ရက်တာ ထုတ်ပြန်ချက်စာရင်း မှန်ကန်ပါက ဒရုန်း ၉ စင်းကို ပစ်ချနိုင်ခဲ့ပြီး ၁၃ စင်းကို သိမ်းဆည်းရမိခဲ့သည်ဟု သတ်မှတ်နိုင်သည်။
တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ခဲ့သည့် ဒရုန်း ၂၉ စင်းနှင့် စစ်ကောင်စီရရှိထားသည့် ဒရုန်း ၂၂ စင်းအရ ကျန် ၇ စင်းမှာ မည်သည့်နေရာတွင် ပေါက်ကွဲသည်ကို စစ်တပ်က ထုတ်ပြောခြင်းမရှိသေးပေ။
စစ်ကောင်စီကမှု အခြား မြေပြင်ပေါ် ပျက်ကျခဲ့သည့် ဒရုန်းများကို သိမ်းဆည်းရမိရေးအတွက် ဆောင်ရွက်နေသည်ဟု ဆိုသည်။
သို့သော် စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီးခဲ့သည့် နေရာများကို အတိအကျဖော်ပြခြင်းမရှိပေ။
နိုင်ငံအနှံ့မှ အရပ်သားများ၊ တော်လှန်ပုန်ကန်သူများကို သတ်ဖြတ်နှိမ်နှင်းရန် အမိန့်ပေးနေသည့် စစ်ဗိုလ်ချုပ်များ ရုံးထိုင်ရာ နေပြည်တော်ရှိ စစ်ရေးပစ်မှတ်များတိုက်ခိုက်ခံရမှုတွင် တော်လှန်ရေးအင်အားစုများ အသုံးပြုခဲ့သည့် နည်းပညာသည် အပျော်တမ်းအဆင့်သာရှိကြောင်း စစ်တပ်ပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ခဲ့သည်။
“သာမန်အပျော်တမ်းသမားတွေတောင်မှ လုပ်နိုင်တဲ့အနေအထား” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက CNI အွန်လိုင်းသတင်းဌာနကို ပြောဆိုခဲ့သည်။
သို့သော်လည်း ယခုသီတင်းပတ်အတွင်း ပြုလုပ်ရန် စီစဉ်ထားသည့် စစ်ကောင်စီခေါင်းဆောင်များ တက်ရောက်မည့် နေရာသတ်မှတ်ပြီးသား အစည်းအဝေးနှင့် အခမ်းအနားအားလုံးကို ရုတ်တရက်ရွှေ့ဆိုင်းလိုက်သည်ဟု နေပြည်တော်မှ Myanmar Now ၏ သတင်းအရင်းအမြစ်က ဆိုသည်။
စစ်ခေါင်းဆောင်နှင့် ထိပ်ပိုင်းစစ်ဗိုလ်ချုပ်များသည် အာဏာသိမ်းပြီးနောက် ပြင်ဦးလွင်၊ နေပြည်တော် စသည့်နေရာများတွင် တပ်တွင်းသင်္ကြန်ပွဲများတွင် သင်္ကြန်နေ့ရက်များကို ကုန်ဆုံးလေ့ရှိသည်။
ယခုနှစ်တွင် စစ်ခေါင်းဆောင်သည် နေပြည်တော် တပ်တွင်းသင်္ကြန်ပွဲကို တက်ရောက်ရန် စီစဉ်ထားသော်လည်း ဖျက်သိမ်းလိုက်သည်ဟု ၎င်းက ဆိုသည်။
“စစ်ရုံးက သင်္ကြန်တောင် ထိပ်သီးပိုင်းတွေ လာဖို့ မသေချာတော့ဘူး” ဟု ထိုသတင်းအရင်းအမြစ်က ဆိုသည်။
ဒရုန်းပစ်မှတ်-၁ (သို့မဟုတ်) နေပြည်တော်စစ်ရုံးချုပ်
တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်ရုံးသည် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း ပင်လောင်းလမ်းဆုံနှင့် သိုက်ချောင်းလမ်းဆုံ နေရာနှစ်ခုမှ ဝင်ရောက်သွားရသည့်နေရာတွင် တည်ရှိသည်။
စစ်ဦးစီးချုပ်ရုံးသည် နေပြည်တော်တွင် လုံခြုံရေး အထူးတင်းကျပ်ထားသည့် နေရာတစ်ခုဖြစ်ပြီး သာမန်ပြည်သူများ ဝင်ရောက်သွားလာခွင့်မရှိသော နေရာလည်း ဖြစ်သည်။
စစ်ရုံးချုပ်တည်ရှိရာ ဇေယျာသီရိမြို့နယ်၏ အရှေ့တောင်ဘက်မှ ဒရုန်းသုံးစင်း ပျံသန်းဝင်ရောက်ခဲ့မှုကို ပစ်ချဖျက်ဆီးခဲ့သည့် ဒရုန်းပုံကို ပြသထားရာတွင် တောတွင်းတစ်နေရာမှပုံ ဖြစ်သည်။
စစ်ရုံးချုပ်တည်ဆောက်ထားသည့် နယ်နိမိတ်ထဲတွင် နှစ် ၂၀ ကျော်ကြာ နေထိုင်ခဲ့ဖူးသည့် ဒေသခံတစ်ဦးက ဒရုန်းကျရောက်ခဲ့သည့် တောတွင်းနေရာသည် စစ်ဦးစီးချုပ်ရုံးသို့ သွားသည့် လမ်းခုလတ် ရေပြာတောတွင်းနေရာဖြစ်ကြောင်း ပြောဆိုသည်။
စစ်တပ်မှ ပစ်ချဖျက်ဆီးနိုင်ခဲ့သည့် ဇေယျာသီရိမြို့နယ်ရှိ ဒရုန်းသုံးစင်းသည် စစ်ရုံးချုပ်နယ်နိမိတ်ထဲ ရောက်ရှိပြီးမှသာ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
စစ်ရုံးအဆောက်အအုံများနှင့် စစ်ခေါင်းဆောင်၏နေအိမ်ကို ထိခိုက်မှု ရှိ၊ မရှိကို အတည်မပြုနိုင်ပေ။ စစ်ကောင်စီကလည်း လူနှင့် အဆောက်အအုံ ထိခိုက်မှုမရှိကြောင်း ပြောဆိုထားသည်။
ဒရုန်းပစ်မှတ်-၁ (သို့မဟုတ်) အေလာလေတပ်စခန်း
နေပြည်တော်လေဆိပ်နှင့် ကပ်လျက် အေလာလေတပ်သည် စစ်လေယာဉ်များနှင့် ရဟတ်ယာဉ်များ ထားရှိသည့်နေရာဖြစ်သည်။
နေပြည်တော်လေဆိပ်နှင့် အေလာလေတပ်သည် လယ်ဝေးမြို့နယ်ရှိ အေလာမြို့အနီးတွင် တည်ရှိသည်။
တော်လှန်ရေးအဖွဲ့များကမူ အေလာလေတပ်ကို ဒရုန်း ၁၃ စင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
သို့သော် နေပြည်တော်လေဆိပ်အတွင်းတွင် ဒရုန်း ၅ စင်း ဝင်ရောက်ခဲ့ရာ တစ်စင်းသာ ပေါက်ကွဲခဲ့ပြီး လေယာဉ်ပြေးလမ်းတချို့ ပျက်စီးခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် ဒေသခံတစ်ဦးတို့က ပြောသည်။
စစ်ကောင်စီပြောခွင့်ရသူကလည်း နေပြည်တော်လေဆိပ်ပြေးလမ်းတွင် ဒရုန်းတစ်စီးပေါက်ကွဲခဲ့သည်ကို အတည်ပြုသည်။
“ထိတာကတော့ အတွင်းထဲက တကယ့်နေရာ လေယာဉ်ပြေးလမ်းပဲ” ဟု အမျိုးသမီးတစ်ဦးက ပြောသည်။
အေလာလေတပ်အတွင်းသို့ ဒရုန်းထိခိုက်မှုမရှိဘဲ အတွင်းပိုင်းသို့ မရောက်မီ လေကြောင်းရန်တပ်ဖွဲ့က ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း ဒေသခံတချို့က ဆိုသည်။
ဒရုန်းပျံသန်းလာမှုကို အသံမြည်သည့် စနစ်မျိုးမဟုတ်တော့သည့်အတွက် သတိပေးသံများနှင့် ဒရုန်းပျံသန်းလာမှုကို မကြားရကြောင်း ပြောသည်။
“မနေ့က လေကလည်းတိုက်၊ ဂျန်မာလည်း ခံထားတော့ ပြုတ်ကျလာတာ၊ အချို့ဒရုန်းတွေ မပျံသန်းနိုင်တာနဲ့ ပစ်ချလိုက်တာတွေရှိတယ်။ လေတပ်ထဲကိုတော့ မချဘူး ပြောတယ်” ဟု အေလာလေတပ်မှ မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဒရုန်းတိုက်ခိုက်ခံရပြီး နေပြည်တော်လေဆိပ်နှင့် အေလာလေတပ်တွင်လည်း ဝေဟင်မှ ရဟတ်ယာဉ်များဖြင့် လှည့်ပတ်ပြီး မြေပြင်တွင်လည်း စစ်ကားများဖြင့် လှည့်ပတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ဒရုန်းကျရောက်ပေါက်ကွဲခဲ့သည့် နေပြည်တော်လေဆိပ်ကို ရှင်းလင်းမှုနှင့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ညတွင်းချင်း လေယာဉ်ဆင်းသက်မှုများရှိခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင်လည်း လေဆိပ်ပြန်လည်ဖွင့်လှစ်ပြီး ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း ဝန်ထမ်းတစ်ဦးက ပြောသည်။
နေပြည်တော်စစ်ရေးပစ်မှတ်များ
စစ်ဦးစီးချုပ်ရုံး၊ နေပြည်တော်လေဆိပ်နှင့် အေလာလေတပ်သည် လေကြောင်းရန်တပ်ဖွဲ့ဝင်များ လုံခြုံရေးရယူထားပြီး Jammer များဖြင့် ဒရုန်းများ ပျံသန်းမလာစေရန် လုံခြုံရေးမြှင့်တင်ထားသည့် နေရာများလည်း ဖြစ်သည်။
နေပြည်တော် PDF တာဝန်ရှိသူတစ်ဦးကလည်း နည်းပညာမြှင့်တင်ထားပြီး Jammer ကို ကျော်ဖြတ်နိုင်သည့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုသည် ကမ္ဘာအဆင့် ခေတ်မီနိုင်ငံကြီးများပင်လျှင် ကာကွယ်နိုင်ရန် ခက်ခဲသည့် အခြေအနေတွင် ရှိနေသည့်အတွက် ပစ်ချနိုင်ခြင်း ရှိ၊ မရှိက အဓိကကျကြောင်း စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက BBC သတင်းဌာနကို ပြောကြားထားသည်။
“နည်းပညာနဲ့ပတ်သက်ပြီး ဆက်လက်ပြီး လေ့လာဖို့ ဆက်လက်ပြီး ကာကွယ်ဖို့လိုပါတယ်၊ ဒါတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်လျက်ရှိပါတယ်လို့လည်း ပြောချင်ပါတယ်” ဟု သူက ဆိုသည်။
နေပြည်တော်ကို တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးသည် Project Dragonfly ဟု အမည်ပေးထားသည့် စီမံချက်မှ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတချို့ကို အသုံးပြုခဲ့ပြီး ပြည်သူများ၏ ထောက်ပံ့ကူညီမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က PVT သတင်းဌာနကို ပြောကြားထားသည်။
နေပြည်တော်တွင်ရှိသည့် စစ်ရေးပစ်မှတ်များကို ဘက်ပေါင်းစုံ၊ နေရာပေါင်းစုံမှ တိုက်ခိုက်သွားရန်ရှိသည့်အတွက် စစ်အုပ်စုပစ်မှတ်များနှင့် ဝေးဝေးနေပြီး လုံခြုံရေးသတိဖြင့် တော်လှန်ရေးတွင် ပါဝင်ရန် ဒေသခံများကို တိုက်တွန်းလိုသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဦးမောင်မောင်ဆွေက ပြောသည်။
“(ပစ်မှတ်) မှတ်ပုံတင်ထားတဲ့ နေရာတွေလည်း အများကြီးရှိတဲ့အတွက် ဖြစ်လို့ အကြမ်းဖက်စစ်အုပ်စုအတွက် နေပြည်တော်ပဲဖြစ်ဖြစ် ဘယ်နေရာပဲဖြစ်ဖြစ် လုံးဝလုံခြုံမှု မရှိတော့ဘူးဆိုတာ ဒီနေရာကနေ သတိပေးလိုပါတယ်” ဟု ၎င်းက ဆိုသည်။
ကြောက်လန့်နေပြည်တော်
လုံခြုံသည်ဟု ယူဆသည့် နေပြည်တော်တွင် လာရောက်ခိုလှုံနေသည့် စစ်ဗိုလ်ချုပ်အငြိမ်းစားနှင့် တပ်မိသားစုဝင်များအပါအဝင် ဒေသခံပြည်သူများမှာလည်း စစ်ရုံးချုပ်နှင့် အေလာလေဆိပ်တို့ တိုက်ခိုက်ခံရ၍ စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။
နေပြည်တော်ပြင်ပမထွက်လျှင် လုံခြုံသည်ဟု ယူဆထားသည့် စစ်ဘက်အရာရှိ အငြိမ်းစားများကိုလည်း အဝေးမှ ဒရုန်းဖြင့် တိုက်ခိုက်မှုက မလုံခြုံသည့် အချက်ပေးသံဖြစ်ကြောင်း တပ်မိသားစုဝင်တစ်ဦးက ပြောသည်။
“ခုက စစ်တပ်ဒေါက်တိုင်တွေကို တိုက်တာဆိုတော့ ငါတို့မိသားစုကြားထဲ ရှော့ရကြတာပေါ့၊ ဒါပေမဲ့ ထိခိုက်မှုမရှိတော့ အရမ်းကြီး ကြောက်တော့ မကြောက်ပေမဲ့ စိုးရိမ်လာကြတာပေါ့ဟာ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီအရေးကြီးနေရာများ တိုက်ခိုက်ခံရသဖြင့် နေပြည်တော်တွင် လုံခြုံရေး ဆက်လက်တင်းကျပ်မည်၊ ဧည့်စာရင်းစစ်ဆေးခြင်း အကြောင်းပြပြီး အဖမ်းအဆီးပင် ပိုရှိလာနိုင်သည်ဟု ဒေသခံတို့က ယူဆနေသည်။