သတင်း

NUG ထိန်းချုပ်သည့် မော်လူးမြို့တွင် သစ်လုပ်ငန်းမူဝါဒကြောင့် အုပ်ချုပ်ရေးမှူးတချို့ နုတ်ထွက်

သစ်ထုတ်ခွင့်မရသည့် စစ်ကိုင်းတိုင်း၊ မော်လူးဒေသခံတို့က သစ်ကားများကို ပိတ်ဆို့ကန့်ကွက်ခဲ့ကြပြီး အုပ်ချုပ်ရေးမှူးတချို့ကလည်း သစ်လုပ်ငန်းမူဝါဒကို သဘောမကျသဖြင့် နုတ်ထွက်သွားကြသည်။

စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် မော်လူးမြို့တွင် သစ်လုပ်ငန်းနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ  ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် အုပ်ချုပ်ရေးမှူးတချို့ ရာထူးမှ နုတ်ထွက်သွားကြောင်း သတင်းရရှိသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၉၀၀၀ နီးပါးနေထိုင်သော၊ ကချင်ပြည်နယ်နှင့် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းနယ်စပ်မှ တိုက်နယ်အဆင့်ရှိသော မော်လူးမြို့ကို တော်လှန်ရေးတပ်ပေါင်းစုက ၂၀၂၃ ဒီဇင်ဘာ ၁၃ တွင် သိမ်းပြီးနောက်ပိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မော်လူး – ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မော်လူး – ပကဖ) တို့က တရုတ်နိုင်ငံသို့ တင်ပို့မည့် လုပ်ငန်းရှင်ကြီးများ၏ သစ်ကားများကို မြို့တွင်း ဖြတ်သန်းသယ်ယူခွင့်ပြုနေသဖြင့် သစ်လုပ်ငန်း တစ်နိုင်တစ်ပိုင်လုပ်ပိုင်ခွင့်မရသည့် ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

မတ် ၁၇ ရက်နေ့က မော်လူးတိုက်နယ်အတွင်း ဖြတ်သန်းလာသည့် သစ်ကား ၁၆ စီးကို ဒေသခံများက ဖမ်းဆီးကာ မော်လူး – ပအဖထံ အပ်ခဲ့သော်လည်း ပြန်လွှတ်ပေးခဲ့သဖြင့် ဒေသခံများနှင့် တင်းမာမှု စတင်ပေါ်ပေါက်ခဲ့သည်။ ထိုနေ့ ညပိုင်းတွင် နောက်ထပ်သစ်ကား ၅ စီးကို ဒေသခံများက ဖမ်းဆီးခဲ့ပြီး ယနေ့အထိ ပိတ်ဆို့ထားသည်။

တရုတ်ဆိုက် ဟု ခေါ်ကြသည့် တရုတ်သို့ ပို့မည့် သစ်များ ထုတ်လုပ်သည့် လုပ်ငန်းခွင်မှ ထွက်လာသည့် မော်တော်ယာဉ်များကို အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုထားသည်ဟု မော်လူးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ပြည်သူတွေဆို ပျဉ်တိုပျဉ်စတွေကအစ ဖမ်းတယ်၊ ခုလို တရုတ်ဆိုက်က ကားတွေနဲ့ပါ ထွက်တယ်၊ သူတို့ကျ ဘာလို့ခွင့်ပေးတာလဲဆိုပြီး ပြဿနာစတက်ကြတာ” ဟု သူက ပြောသည်။

မော်လူးမြို့ရှိ ဒေသခံ ၆၀ ရာခိုင်နှုန်းမှာ သစ်လုပ်ငန်း၊ ပရိဘောဂလုပ်ငန်းများဖြင့် အသက်မွေးကြကြောင်း၊ သစ်ထုတ်လုပ်ခွင့်ပိတ်ပင်ထားသဖြင့် လုပ်ငန်းများရပ်တန့်နေကြောင်းလည်း ဒေသခံတို့က ဆိုသည်။

မော်လူးတိုက်နယ် ပကဖတာဝန်ခံ ကိုအိုက်ထွန်းက အဆိုပါ သစ်ကားများမှာ စစ်ကောင်စီနှင့် နီးစပ်သည့် ရှမ်းနီတပ်မတော် SNA ထိန်းချုပ်နယ်မြေ ဟုမ္မလင်းနှင့် ဗန်းမောက်ဒေသမှ ထွက်လာသည့် ကားများဖြစ်ကြောင်း ပြောသည်။ သစ်ထုတ်ခွင့်နှင့် သယ်ယူခွင့်တို့အတွက် NUG ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနထံ အခွန်ဆောင်ထားပြီးဖြစ်သဖြင့် ဖမ်ဆီး၍မရဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ရဲ့ အုပ်ချုပ်နယ်မြေဖြတ်သန်းသွားလာခွင့်ကို တရားဝင်အခွန်ဆောင်ပြီး ထွက်လာတဲ့သစ်တွေဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

“သူတို့က ဝန်ကြီးဌာနကို တိုက်ရိုက်ဆောင်လာတဲ့ကားတွေလေ၊ ကျွန်တော်တို့က စည်းကမ်းချက်နဲ့ ကိုက်မကိုက်ပဲ စစ်ပေးရတာ​”

ဟုမ္မလင်းနှင့် ဗန်းမောက်တို့သည် မော်လူး၏ အနောက်ဘက်တွင် ရှိပြီး ထိုဒေသမှသစ်များ တရုတ်ပြည်ဘက်သို့ သယ်ဆောင်ရန် မော်လူးကို ဖြတ်သန်းရသည်။

မတ်လ ၁၈ ရက်နေ့တွင် အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဦးရွှေရ လာရောက်ပြီး ဆန္ဒပြပွဲဦးဆောင်သူများနှင့် ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု မရခဲ့ကြောင်း မော်လူးဒေသခံနောက်တစ်ဦးက ပြောသည်။

“ခင်ဗျားတို့ကို တစ်နိုင်တစ်ပိုင်လုပ်ခွင့်ပေးမယ်၊ ဒီကားတွေလွှတ်ပေးလို့ ပြောတာ၊ အဲတော့ ပြည်သူတွေက လုပ်ခွင့်ပေးမယ်ဆိုရင် ခင်ဗျားကိုယ်တိုင် လက်မှတ်ထိုးပေးဆိုတာကို မထိုးပေးဘူး၊ အဲတော့ ဆွေးနွေးတာ အဆင်မပြေဘူးပေါ့” ဟု အဆိုပါ ဒေသခံက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲအပြီးတွင် မော်လူးမြို့အုပ်ချုပ်ရေးအရာရှိနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆ ဦး နုတ်ထွက်သွားကြောင်း အထက်ပါ ဒေသခံနှစ်ဦးနှင့် ပကဖတာဝန်ခံထံမှ သိရသည်။

နုတ်ထွက်သွားသူများထံမှ မှတ်ချက်ရရှိရန် ကြိုးစားသော်လည်း အဆက်အသွယ်တိုက်ရိုက် မရသေးပေ။

ယမန်နေ့က  NUG အစိုးရ၏ အမှတ် (၁) စစ်ဒေသ ကသာခရိုင်တာဝန်ခံ ဒူကမ္ဘာတောင်ခေါန်းက ဆန္ဒပြသူများ၊ မော်လူးအုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်၊ ထိုတွေ့ဆုံမှုအပြီးတွင် ဒေသခံများ တစ်နိုင်တစ်ပိုင်သစ်ထုတ်လုပ်ခွင့် ရရှိခဲ့သည်ဟု အထက်ပါ ဒေသခံက ဆိုသည်။

“(သယံဇာတ) ဝန်ကြီးဌာနကနေ မူဝါဒတစ်ခု မသတ်မှတ်မချင်း သင့်တင့်တဲ့ဈေးနဲ့ ပြည်သူတွေကို လုပ်ခွင့်ပေးလိုက်ပါဆိုပြီး ခွင့်ပြုပေးလိုက်တယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

သူ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး သီးခြား အတည်မပြုနိုင်သေးပေ။

NUG အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သစ်ထုတ်လုပ်ခွင့် ပိတ်ပင်ထားကြောင်း၊ ဆန္ဒထုတ်ဖော်နေသည့် ဒေသခံများစိုးရိမ်နေသကဲ့သို့ တရုတ်နိုင်ငံအတွင်း ပို့ဆောင်မည့် သစ်ကားများကို အခွန်ကင်းလွတ်ခွင့်ဖြင့် သယ်ဆောင်ခွင့်ပြုသည်မှာ မဟုတ်မှန်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သစ်ထုတ်ခွင့် ပိတ်ပင်ထားသော်လည်း ယခင်ထုတ်ပြီးသား သစ်လက်ကျန်များရှိနေပါက သတ်မှတ်ထားသည့် ဒဏ်ကြေးပေးဆောင်ပြီး ဒေသခံသစ်လုပ်ငန်းရှင်များ၊ ပရိဘောဂလုပ်ငန်းရှင် အပါအဝင် မည်သူမဆိုသယ်ယူနိုင်သည်ဟု သစ်တောနှင့်ပတ်ဝန်ကျင်ထိန်းသိမ်းရေးဆိုင်ရာဌာန အတွင်းဝန် ကိုအဲ(လ်)လက်က ပြောသည်။

“တော်လှန်ရေးကာလမှာ ဒေသခံတွေရဲ့ အကျိုးစီးပွားရယ်၊ တော်လှန်ရေးအောင်ဖို့လည်း ဦးစားပေးရတော့ တော်လှန်ရေးရဲ့အကျိုးရယ်၊ တစ်ဖက်မှာ သယံဇာတထိန်းသိမ်းရေးကလည်း ရှိနေတယ်ပေါ့လေ၊ ဒီသုံးချက်ကို အတတ်နိုင်ဆုံး ဟန်ချက်ညီအောင် ထိန်းသိမ်း ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆိုသည်။

သတ်မှတ်ဒဏ်ကြေးမှာ ကျွန်းသစ်တစ်တန်လျှင် ၁၃ သိန်းဖြစ်ပြီး သစ်ကားတစ်စီးတွင် ၂၅ တန်မှ တန် ၃၀ အထိ သယ်ဆောင်နိုင်သဖြင့် ကားတစ်စီးဒဏ်ကြေးမှာ သိန်း ၂၀၀ အထက်တွင် ရှိသည်။

“ဒေသခံတွေစိုးရိမ်သလို ကုန်သည်ကြီးတွေကိုပဲ ခွင့်ပြုနေတာမဟုတ်ပါဘူး။ ဒေသခံတွေကိုလည်း ခွင့်ပြုနေပါတယ်၊ သတ်မှတ်ဒဏ်ကြေးပေးဆောင်နိုင်ရင် ခွင့်ပြုပါတယ်၊ ညီနောင်မဟာမိတ်အဖွဲ့တွေမို့ ဒေသခံတွေမို့ ခွဲထားတာမရှိပါဘူး” ဟု ၎င်းက ဆိုသည်။

ဆန္ဒပြသူများထဲမှ တချို့က ညှိနှိုင်းမှုကို လက်ခံနိုင်ခြင်း မရှိသေးဘဲ သစ်ကားများကို ယနေ့တိုင် ပိတ်ဆို့ထားဆဲဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း မော်လူးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် တော်လှန်ရေးတပ်ပေါင်းစုမှ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ဖွဲ့ဝင်တချို့ကို ၂၀၂၃ နှစ်ဆန်းပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ – ABSDF

မော်လူးမြို့သိမ်းတိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကျောင်းသားတပ် (ABSDF)၊ NUG ၏ ကချင်နှင့် စစ်ကိုင်းအခြေစိုက် PDF အဖွဲ့များ၊ ဒေသခံတော်လှန်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မှတ်ချက် – မူရင်းသတင်းတွင် NUG ၏တုံ့ပြန်ချက်ကို ၂၀၂၄ မတ် ၂၁ တွင် ထပ်မံဖြည့်သွင်းတည်းဖြတ်ထားသည်။

Show More

Related Articles

Back to top button