သတင်း

ဟုမ္မလင်းမြို့မှ ပျူစောထီးပြည်သူ့စစ်စခန်း ၄ ခုကို NUG တပ်များ တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှ စစ်တပ်နှင့် ပြည်သူ့စစ် (ပျူစောထီး) များ ပူးပေါင်းတပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်း ၄ ခုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တပ်များက ယမန်နေ့ ညပိုင်းတွင် သိမ်းပိုက်လိုက်သည်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှ စစ်တပ်နှင့် ပြည်သူ့စစ် (ပျူစောထီး) များ ပူးပေါင်းတပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်း ၄ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၁) စစ်ဒေသက ယနေ့ သတင်းထုတ်ပြန်သည်။

ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့အကြား ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကျေးရွာများဖြစ်သည့် အင်ကြင်းမှော်ရွာ၊ မနော်သာရွာနှင့် ကျွန်းကုန်းရွာတို့တွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း အမှတ် (၃၆၉) နှင့် (၃၇၀) တို့မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီး ခန့်မှန်းအင်အား ၃၀၀ ကျော် တပ်စွဲထားသည့် စစ်စခန်းများကို မတ် ၃၀ ရက်က စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

NUG လက်အောက်ခံ အထူးလှုပ်ရှားတပ်ရင်း အမှတ် (၄) ၊ (၈) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ မော်လိုက်ခရိုင်၊ ခန္တီးခရိုင်တပ်ရင်းများနှင့် ဖောင်းပြင်၊ ဟုမ္မလင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ ပါဝင်သည့် တော်လှန်ရေးပူးပေါင်းအဖွဲ့များက ၉ ရက်ကြာ တိုက်ခိုက်ပြီးနောက် ဧပြီ ၇ တွင် စခန်းများကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုစခန်းသိမ်းတိုက်ပွဲတွင် လက်လုပ်သေနတ် အလက် ၂၀ အပါအဝင် လက်နက်ငယ် ၁၃၁ လက်၊ ခဲယမ်းနှင့် ရှေ့ထွက်မိုင်း၊ ဗုံးသီးများနှင့် ဓား အလက် ၃၀ ကျော်ကို သိမ်းဆည်းရမိကြောင်း အမှတ် (၁) စစ်ဒေသ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကလည်း ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာ ၄ ရွာမှ ပျူစောထီးအင်အား စုစုပေါင်း ၁၂၀ ခန့် လက်နက်ချ အညံ့ခံခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထိုစခန်းများကို သိမ်းပိုက်နိုင်သဖြင့် တော်လှန်ရေးအင်အားစုများ ပြီးခဲ့သည့်နှစ်ကတည်းက သိမ်းပိုက်ထားသည့် ရွှေပြည်အေးမြို့မှ ချင်းတွင်းမြစ်အောက်ဘက်ရှိ ဟုမ္မလင်းနှင့် ဖောင်းပြင်နယ်စပ်အထိ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ကို တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးနိုင်လာသည့်အခြေအနေဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဖောင်းပြင်မြို့နယ်၊ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းကျေးရွာများကို နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုအပြီး တွေ့ရသည့် လက်နက်အပိုင်းအစတစ်ခု။ (ဓာတ်ပုံ-ပေးပို့)

စစ်ကောင်စီနှင့် ပျူစောထီးများက ၎င်းတို့ တပ်စွဲထားသည့် ကျေးရွာများကို လက်မလွှတ်ရရေး လေကြောင်းဖြင့် အပြင်းအထန်တိုက်ခိုက်ခဲ့ရာ ဧပြီလ ၁ ရက်တွင် ရွာဘုန်းကြီးကျောင်းတွင် တိမ်းရှောင်နေသည့် မနော်သာရွာဒေသခံများဖြစ်သော အသက် ၃ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် အရပ်သား ပြည်သူ ၃ ဦး သေဆုံးခဲ့သည်။

အသက် ၅ လအရွယ် ကလေးတစ်ဦးအပါအဝင် ကလေး ၈ ဦး၊ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

ဟုမ္မလင်းမြို့နယ်နှင့် နယ်မြေချင်း ဆက်စပ်လျက်ရှိသည့် ချင်းတွင်းမြစ်အရှေ့ခြမ်း၊ ဖောင်းပြင်မြို့နယ် စက်တောရွာနှင့် ဇောင်းကလောရွာတို့ကို ယမန်နေ့ (ဧပြီ ၇) ရက်မှ စတင်ပြီး နှစ်ရက်ဆက်တိုက် လေတပ်က တိုက်ခိုက်မှုများ လုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ယမန်နေ့ ညပိုင်းက စက်တောရွာကို လေကြောင်းတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ သိမ်နှင့် နေအိမ်တစ်လုံး၊ ယနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် စက်တောနှင့် ဇောင်းကလောရွာကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် နေအိမ် ၃ လုံးတို့ ထိခိုက်ပျက်စီးခဲ့သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဟုမ္မလင်းမြို့နယ်သည် စစ်ကောင်စီတပ်၊ ပျူစောထီးနှင့် စစ်တပ်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသည့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့ အခြေချတပ်စွဲထားသည့် ကျေးရွာများရှိပြီး တစ်ဖက်တွင်လည်း တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှုအားကောင်းသည့် ဒေသဖြစ်သည်။

ဟုမ္မလင်းမြို့နယ်တွင် ပါဝင်သည့် ရွှေပြည်အေးမြို့ကို တော်လှန်ရေးအင်အားစုများက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှ စတင်ကာ တိုက်ခိုက်သိမ်းပိုက်ထားသည်။

ရွှေပြည်အေးမြို့ ပြန်ရရေး စစ်တပ်က အကြိမ်ကြိမ်စစ်ကြောင်းထိုးသော်လည်း တော်လှန်ရေးအင်အားစုများက နယ်မြေထိန်းချုပ်ထားဆဲဖြစ်သည်။

Show More

Related Articles

Back to top button