သတင်း

ဟုမ္မလင်းတွင် လေတပ်က ဗုံးကြဲ၊ ကလေးအပါအဝင် စစ်ရှောင် ၃ ဦးသေဆုံး

ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၃ နှစ်သမီး၊ သူ၏မိခင်၊ အခြားအမျိုးသမီးတစ်ဦး သေဆုံးသွားသည်။ ငါးလအရွယ် အပါအဝင် ကလေး ၇ ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရသည်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် ရွာခံများ ခိုလှုံနေသော ကျေးရွာဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို လေတပ်က ဗုံးကြဲခဲ့ရာ အသက် ၃ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၃ ဦး သေဆုံးပြီး ကလေးအများအပြား ထိခိုက်ဒဏ်ရာရသွားသည်ဟု ဒေသခံများက ပြောကြသည်။

ဧပြီ ၁ ရက် ညနေ ၄ နာရီခွဲဝန်းကျင်က ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့နယ်ကြား မနော်သာကျေးရွာကို ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ မနော်သာရွာမှ ဒေသခံများဖြစ်သော အသက် ၃ နှစ်အရွယ် မမေသက်ဇွန်၊ မိခင်ဖြစ်သူ ဒေါ်ဝင်းမာဦးနှင့် ဒေါ်နန်းခမ်းမွန်တို့ သေဆုံးခဲ့သည်။

“ကျန်နေတဲ့မိသားစုတွေက ဘုန်းကြီးကျောင်းမှာ ရောက်နေချိန် ဂျက်ဖိုက်တာက ဘုန်းကြီးကျောင်းကို ပစ်တဲ့နေရာမှာ ထိကြတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အသက် ၅ လအရွယ်တစ်ဦး၊ အသက် ၅ နှစ်မှ ၁၆ နှစ်ကြား ကလေး ၇ ဦးနှင့် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံများပေးပို့ထားသည့် တိုက်ခိုက်မှုအပြီး မှတ်တမ်းဓာတ်ပုံများအရ ကလေးတချို့တွင် ခြေချောင်းများ ပြတ်ထွက်နေပြီး လက်၊ ခန္ဓာကိုယ်တွင် ဒဏ်ရာများ တွေ့ရသလို လူကြီးတချို့လည်း ဦးခေါင်းနှင့် ခြေလက်တို့တွင် ထိခိုက်ထားသည်ကို တွေ့ရသည်။

ဒဏ်ရာရရှိသွားသူများကို ဆေးကုသပေးနေပြီး ဆေးဝါးအကူအညီလိုအပ်နေကြောင်း အထက်ပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရသည့် မနော်သာကျေးရွာနှင့် အနီးအနားရွာများဖြစ်သော ကျွန်းကုန်းနှင့် လက်ပန်သာကျေးရွာတို့တွင် စစ်တပ်၊ ပျူစောထီး ခေါ် ပြည်သူ့စစ်၊ စစ်တပ်နှင့် လက်တွဲနေသော ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့ တပ်စွဲထားရာ မတ် ၃၀ ကတည်းက တော်လှန်ရေးအင်အားစုနှင့် တိုက်ပွဲများပြင်းထန်နေသည်။

ဧပြီ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မနော်သာရွာမှတစ်ဆင့် ကျွန်းကုန်းကျေးရွာဘက်သို့ ဆုတ်ခွာသွားပြီးနောက် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း၌ ခိုလှုံနေကြသည့် မနော်သာရွာခံ စစ်ရှောင်များ တိုက်ခိုက်ခံရခြင်းဖြစ်သည်။ 

ယနေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကာ ယမန်နေ့ (ဧပြီ ၂) ကလည်း လေကြောင်းမှ နှစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မြေပြင်အခြေအနေကတော့ တိုက်နေဆဲပါဗျ။ ရွာတန်းရှည်ဆိုတော့ အထက်ကနေ အောက်ကို စုန်တိုက် တိုက်နေရတာဗျ” ဟု အထက်ပါ ဒေသခံက ဆိုသည်။

ဒဏ်ရာရသွားသည့် ၅ လအရွယ် မသက်ထူးမွန်ကို ဆေးကုသပေးနေစဉ်။ (ဓာတ်ပုံ-ပေးပို့)

တောတောင်ထူထပ်ရာ ဟုမ္မလင်းမြို့နယ်သည် ကချင်ပြည်နယ်၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

ဟုမ္မလင်းမြို့တောင်ဘက် ချင်းတွင်းမြစ်ကမ်းဘေးရှိ ရွှေပြည်အေးမြို့သစ်ကိုမူ ယမန်နှစ် နိုဝင်ဘာ တတိယပတ်ကတည်းက တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုကို အချက်အလက်ကောက်ယူနေသည့် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်သည့် အချက်အလက်များအရ စစ်တပ်အာဏာသိမ်းပြီးနောက် ယခုနှစ် မတ် ၃၁ ရက်အထိ ၃ နှစ်ကျော်ကာလအတွင်း စစ်တပ်၏ သတ်ဖြတ်မှုကြောင့် အရပ်သား ၄၈၀၀ ခန့် သေဆုံးခဲ့ရာ ကလေးငယ် ၆၀၉ ဦးပါဝင်ပြီး အများစုမှာ စစ်ကိုင်းတိုင်းမှ ဖြစ်သည်။

စစ်ကောင်စီက ထိုကိန်းဂဏန်း မှန်ကန်မှုမရှိဟု ယခင်က တုံ့ပြန်ခဲ့ဖူးသည်။

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်နေပြီး စစ်ဘေးရှောင်များ ခိုလှုံရာနေရာများ၊ စာသင်ကျောင်း၊ ဆေးရုံများကိုပါ ပစ်မှတ်ထားနေသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင်လည်း ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါး အပါအဝင် အရပ်သား ၈ ဦး သေဆုံးခဲ့သည်။

စစ်တပ်၏ တိုက်ခိုက်မှုများကို စာရင်းပြုစု မှတ်တမ်းတင်နေသည့် ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု တစ်နှစ်ထက်တစ်နှစ် ပိုမိုပြုလုပ်နေရာ ထိုတိုက်ခိုက်မှုများကြောင့် အရပ်သား ၉၃၆ ဦး သေဆုံးပြီး ၈၇၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီထံ လေယာဉ်ဆီတင်ပို့ရောင်းချမှုများကို တားဆီးပိတ်ဆို့ပေးရန် လူထုနှင့် ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အစည်းများက နိုင်ငံတကာအစိုးရများကို တောင်းဆိုလျက်ရှိသည်။

စစ်ကောင်စီထံ လေယာဉ်ဆီတင်သွင်းနေသည့် ကုမ္ပဏီများကို အမေရိကန်နှင့် ဗြိတိန်တို့က ယမန်နှစ်တွင် ဒဏ်ခတ် ပိတ်ဆို့အရေးယူခဲ့သော်လည်း စစ်တပ်က နည်းဗျူဟာသစ်များ အသုံးပြုပြီး လေယာဉ်ဆီတင်သွင်းနေသည်ကို အထောက်အထားများ ရရှိထားကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ယခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

လေတပ်၏  တိုက်ခိုက်မှုခံရသည့် မနော်သာကျေးရွာ နေရာပြမြေပုံ။

Show More

Related Articles

Back to top button