သတင်း

ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံအလယ်ပိုင်းစစ်မျက်နှာကို အာရုံစိုက်ရန် NUG ကို မိတ်ဖက်အဖွဲ့အစည်းတချို့တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ပြုပြင်ပြောင်းလဲမှုများလုပ်ရန် မိတ်ဖက်အဖွဲ့အစည်းတချို့က တိုက်တွန်းသည်။ NUG ဖွဲ့စည်းသည့် ၃ နှစ်ပြည့် သဝဏ်လွှာများတွင် ထည့်သွင်းတိုက်တွန်းခြင်းဖြစ်သည်။

တစ်ကျော့ပြန် စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးအစိုးရအဖြစ် ပေါ်ထွက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ပြုပြင်ပြောင်းလဲမှုများလုပ်ရန် မိတ်ဖက်အဖွဲ့အစည်းတချို့က ယနေ့ (ဧပြီ ၁၆ ရက်) တွင် တိုက်တွန်းလိုက်သည်။

NUG ဖွဲ့စည်းသည့် ၃ နှစ်ပြည့် သဝဏ်လွှာများတွင် မိတ်ဖက်အဖွဲ့အစည်းတချို့က ထည့်သွင်းတိုက်တွန်းခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ၏ သဝဏ်လွှာတွင် NUG ကို ကျစ်လျစ်ထိရောက်သည့် အစိုးရတစ်ရပ် ဖြစ်စေရန်၊ ပြုပြင်ပြောင်းလဲမှုများကို အလေးအနက်ထား လုပ်ဆောင်ရန် တိုက်တွန်းထားသည်။ ထို့ပြင် NUG အစိုးရအနေဖြင့် ပြည်သူလူထုနှင့် အနီးဆုံးတွင်ရှိရေး အစဉ်တစိုက် ကြိုးပမ်းသွားရန်လည်း NUCC က ထောက်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများနှင့် လုပ်ငန်းအဆင့်ဆင့်တွင် ညှိနှိုင်းဆောင်ရွက်နိုင်ရန် NUCC ကို ဖွဲ့စည်းထားသည်။

NUCC တွင် CRPH အဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မြေပြင်သပိတ်အင်အားစုများ ပါဝင်သည်။

ခုခံတော်လှန်မှုအားကောင်းသော မြန်မာပြည် အလယ်ပိုင်းနှင့် အထက်ပိုင်းရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့သည် လက်နက်ခဲယမ်း၊ ရိက္ခာဆေးဝါးလုံလောက်မှုမရှိ၊ စစ်ကောင်စီတပ် ပတ်လည်ဝိုင်းနေပြီး ဆုတ်လမ်းတက်လမ်းတို့မှာ စစ်ရေးစိန်ခေါ်ချက် ပိုမိုများပြားသည်ဟု ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF – ကလလတ) က NUG ထံ ပေးပို့သည့် သဝဏ်လွှာတွင် သတိပေးထားသည်။

“ထို (စစ်ကိုင်း၊ မကွေး) စစ်ဒေသများအတွက် အာရုံစိုက်မှု ယခင်ကထက် ပိုမိုထားရှိပါလို့ တိုက်တွန်း အကြံပြုချင်ပါတယ်” ဟု ကလလတက ဆိုသည်။

NUG အစိုးရ တာဝန်ရှိသူများ၏ ပြောဆို၊ ရေးသား၊ ဖြန့်ဝေမှုများတွင်လည်း “ပြည်သူများ စိတ်ဓာတ်ခွန်အား တက်ကြွလာစေရေးသက်သက်အတွက် လက်တွေ့အခြေအနေနှင့် မကိုက်ညီသော အကောင်အထည်မဲ့ မျှော်လင့်ချက်ယောင်များကို ထည့်သွင်းမပြောဆိုမိစေဖို့ အထူးသတိပြုစေချင်ပါတယ်” ဟု ကလလတ၏ သဝဏ်လွှာထဲတွင် ထည့်သွင်းထားသည်။

NUG အစိုးရအဖွဲ့ထဲတွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၏ ပြောဆို၊ ရေးသားချက်များသည် လူမှုကွန်ရက်ပေါ်တွင် ဝေဖန်အခံရဆုံးဖြစ်သည်။

ကလလတတပ်ဖွဲ့သည် စစ်တပ်နှင့် အပစ်ရပ်ပြီး ကာလရှည်ကြာ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ခဲ့ရာမှ ပြီးခဲ့သည့်နှစ်ဝက်မှစ၍ စစ်တပ်ကို ပြန်လည်တိုက်ခိုက်နေသော ကရင်နီအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။

NUG အစိုးရအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး မဟာမိတ်အင်အားစုများနှင့် ဆက်လက်လက်တွဲရန်၊ ပြည်ထောင်စုနှင့် ဖက်ဒရယ်ယူနစ်များကြား ပိုမိုကောင်းမွန်သည့် အာဏာခွဲဝေကျင့်သုံးမှုစနစ်များ အကောင်အထည်ဖော်ရန်လည်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က တိုက်တွန်းထားသည်။

NUG နှင့် ပူးပေါင်းချိတ်ဆက်မှုများ ပိုမိုတိုးတက်ကောင်းမွန်စေရေး လုပ်ဆောင်ရန် ဆန္ဒပြုကြောင်းလည်း NUG အစိုးရ ၃ နှစ်ပြည့် သဝဏ်လွှာထဲတွင် IEC က ထည့်သွင်းရေးသားထားသည်။

၃ နှစ်အတွင်း NUG ဘာတွေစွမ်းဆောင်နိုင်ခဲ့သလဲ

NUG အစိုးရဖွဲ့စည်းပြီး တစ်လခန့်အကြာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို စတင်ဖွဲ့စည်းခဲ့သည်။

နောက်ထပ် ၄ လခန့်အကြာ ၂၀၂၁ စက်တင်ဘာ ၇ တွင် နိုင်ငံတော်ကို အရေးပေါ်အခြေအနေသတ်မှတ်ကြောင်း ကြေညာကာ ပြည်သူလူထုတစ်ရပ်လုံးက စစ်အာဏာရှင်ကို ‘လှည်းနေလှေအောင်း မြင်းဇောင်းမကျန်’ ဆန့်ကျင်ကြရန် NUG က ကြေညာခဲ့သည်။

NUG လက်အောက်ခံ လက်နက်ကိုင်တပ်ရင်းတပ်ဖွဲ့များတွင် လူငယ်အများစုပါဝင်ကြပြီး၊ ၎င်းတို့မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံမှ စစ်ပညာသင်ကြားခဲ့ကြသည်။

ယခုအခါ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းပေါင်း ၃၃၀ နှင့် ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့များကို မြို့နယ်ပေါင်း ၂၅၀ တွင် ဖြန့်ကြက်ဖွဲ့စည်းထားနိုင်ပြီဟု NUG ၏ ကာကွယ်ရေးဒုဝန်ကြီးက ယနေ့ သုံးနှစ်ပြည့်တွင် အသိပေးထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၁၀၂၇ စစ်ဆင်ရေးသာမက ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နီ၊ ကရင်၊ မွန်၊ တနင်္သာရီ၊ ပဲခူးတို့တွင်လည်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ PDF တပ်ဖွဲ့များက အတူတကွ စစ်ရေးလှုပ်ရှားနေသည်ဟုလည်း မွန်တိုင်းရင်းသားတစ်ဦးဖြစ်သူ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်က ဆိုသည်။

အစိုးရဖွဲ့ပြီး ၃ နှစ်အတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်း၊ ရွှေပြည်အေး၊ ခမ်းပတ်မြို့နှင့် မော်လူမြို့တို့ကို NUG ဦးဆောင်၍ သိမ်းပိုက်နိုင်ခဲ့သည်။ ယခုအခါ ကောလင်းမြို့မှာ စစ်တပ်လက်ထဲ ပြန်ရောက်သွားဖြစ်၍ ကျန် ၃ မြို့ကိုသာ NUG က သိမ်းပိုက်ထားနိုင်သေးသည်။

ဌာန ၁၆ ခုဖြင့် လည်ပတ်နေသည့် NUG

ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံနှင့် ပြည်ပနိုင်ငံများတွင် အသီးသီးပြန့်ကျဲနေသော NUG အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၁၆ ခု၊ ဝန်ကြီး ၁၆ ဦး၊ ဒုဝန်ကြီး ၁၆ ဦးဖြင့် လည်ပတ်နေသည်။

ကရင်တိုင်းရင်းသား မန်းဝင်းခိုင်သန်းကို ဝန်ကြီးချုပ်တာဝန်ပေးထားပြီး၊ ဒုတိယသမ္မတ (ယာယီသမ္မတ) မှာ ဒူဝါလရှီးလ ဖြစ်သည်။

စစ်တပ်၏ ဖမ်းဆီး၊ အကျဉ်းချခြင်းခံထားရသော NLD ခေါင်းဆောင်များဖြစ်ကြသည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတ စသည့် မူလရာထူးများ ပြန်လည်ပေးအပ်ထားသည်။

NUG အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးစနစ်မှာ ဝန်ကြီးချုပ်ဦးဆောင်သည့် ပါလီမန်ဒီမိုကရေစီစနစ်ဖြစ်ပြီး ဒုသမ္မတ (၁)၊ (၂) တို့ ပါဝင်မည်ဟု ဖက်ဒရယ်ပဋိညာဉ်တွင် ဖော်ပြထားသည်။

သို့သော် NUG ဒုသမ္မတတစ်ဦးကို အစိုးရဖွဲ့ပြီး ၃ နှစ်ကြာချိန်ထိ ခန့်အပ်နိုင်ခြင်း မရှိသေးပေ။ အကြောင်းမှာ ဒုသမ္မတရာထူးအတွက် ဝါရင့်ကရင့်လက်နက်ကိုင် KNU ၏ ခေါင်းဆောင်တစ်ဦးကို နေရာပေးခဲ့သော်လည်း KNU ဘက်က ထိုရာထူးကို မယူခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

NUG အစိုးရအဖွဲ့တွင် ဝန်ကြီးဌာနများ ဖောင်းပွနေခြင်းကြောင့် အစားထိုး၊ ပြင်ဆင် ဖွဲ့စည်းသင့်ကြောင်း၊ စွမ်းဆောင်မှုအားနည်းသည့် ဝန်ကြီး၊ ဒုဝန်ကြီးတချို့ကိုလည်း လဲလှယ်သင့်ကြောင်း ထောက်ပြ၊ ဝေဖန်မှုတချို့လည်း ရှိနေသည်။

ထိုအခြေအနေကို လက်ရှိ NUG အစိုးရခေါင်းဆောင်များက နားလည်၊ လက်ခံထားသော်လည်း မည်သူနှင့် အစားထိုးသင့်သည်ဆိုသည့်အချက်မှာ ဒွိဟဖြစ်နေကြောင်း သိရသည်။

“ကျွန်တော်တို့ တော်လှန်ရေးလုပ်နေတာ ကြားကာလအုပ်ချုပ်ရေးတည်ဆောက်ဖို့ မဟုတ်ဘူး။ ကျွန်တော်တို့ တော်လှန်ရေးလုပ်နေတာက စစ်ကောင်စီ ပြုတ်ကျပြီးတော့ အာဏာရှင်စနစ်အမျိုးမျိုး ပြုတ်ကျပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်ဖို့ ဖြစ်ပါတယ်” ဟု NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖြစ်ပေါ်လာပုံ

၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး ၄ ရက်အကြာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အမတ်များ ဦးဆောင်ကာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာအတွင်း လွှတ်တော်အမတ် ၁၅ ဦးဖြင့် စတင် ဖွဲ့စည်းခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ နေပြည်တော်လွှတ်တော်တက်ရန် ရောက်နေသည့် အမတ်များကို စည်ပင်ဧည့်ရိပ်သာ (၂) အတွင်း စစ်တပ်က အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားချိန် CRPH ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

နောက်ထပ် ရက်အနည်းငယ်အကြာ စစ်တပ်က လွှတ်တော်အမတ်များကို ပြန်လွှတ်ပေးလိုက်သည်။ CRPH တွင် ပါဝင်သည့် လွှတ်တော်အမတ်များက တော်လှန်ရေးဆက်လုပ်ရန် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များထိန်းချုပ်ထားရာ နယ်စပ်ဒေသအသီးသီးသို့ တိမ်းရှောင်လာခဲ့ကြသည်။

ထိုမှတစ်ဆင့် တော်လှန်ရေးအစိုးရတစ်ရပ် ဖွဲ့စည်းရန် အကြောင်းဖန်လာခဲ့သည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေခေတ်က ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း CRPH က ကြေညာခဲ့ပြီး တစ်ဆက်တည်းမှာပင် ကြားကာလဖွဲ့စည်းပုံအခြေခံမူအဖြစ် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Charter) တစ်ခုကို ၂၀၂၁၊ မတ် ၃၁ ညတွင် ထုတ်ပြန်ခဲ့သည်။

အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) ဟူ၍ ပါရှိသည့် ထိုဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်၏ အစိတ်အပိုင်း (၁) အရ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို CRPH ၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းရမည် ဖြစ်သည်။

ထို့နောက် CRPH က တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် ပူးပေါင်းကာ အစည်းအဝေးများ အကြိမ်ကြိမ် ကျင်းပခဲ့ပြီးနောက် ၂၀၂၁ ဧပြီ ၁၆ တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

“ဒီနှစ်ဟာ ကျွန်မတို့အတွက် အောင်မြင်မှုကို ဖော်ဆောင်နိုင်တဲ့ နှစ်တစ်နှစ်၊ ပန်းတိုင်ရဲ့ အနီးကပ်ဆုံးကို ရောက်မယ့်နှစ်တစ်နှစ်၊ အချိုးအကွေ့ကို ဖော်ဆောင်နိုင်မယ့် နှစ်တစ်နှစ် ဖြစ်ရမယ်လို့ ကျွန်မတို့ ယုံယုံကြည်ကြည်နဲ့ ပြောလိုပါတယ်” ဟု ယခု ၂၀၂၄ ခုနှစ်ကို ရည်ညွှန်းကာ NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ယနေ့ ပြောကြားသည်။

ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (KPICT) ၏ သဝဏ်လွှာနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပေးပို့သည့် သဝဏ်လွှာတွင်မူ စစ်အာဏာရှင်စနစ်ပြုတ်ကျသည်အထိ ပူးပေါင်းဆောင်ရွက်သွားကြမည်ဟု ပါရှိသည်။

Show More

Related Articles

Back to top button