သတင်း

မြန်မာနိုင်ငံအလယ်ပိုင်း စစ်မီးဒဏ်ကြားမှ လေးကြိမ်မြောက်သင်္ကြန်

စစ်တပ်က အာဏာသိမ်းပြီးနောက် လေးကြိမ်မြောက်ကျရောက်သည့် ယခုနှစ် သင်္ကြန်တွင် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများ အားကောင်းရာနေရာများတွင် ရေကစားခြင်း၊ ကုသိုလ် ကောင်းမှုပြု ခြင်းတို့ဖြင့် ဖြတ်သန်းခဲ့ကြသည်။

တော်လှန်ရေးပင်မမျက်နှာစာတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းတွင် ပြီးခဲ့သည့် သုံးနှစ်တာ သင်္ကြန်ကာလများတွင် ရေမစိုသင်္ကြန်အဖြစ် ဖြတ်သန်းခဲ့ကြသော်လည်း တော်လှန်ရေးအင်အားစုများ အားကောင်းရာနေရာအချို့တွင် စည်စည်ကားကားမဟုတ်သည့်တိုင် ယခုနှစ်တွင် သင်္ကြန်အငွေ့အသက် ပျံ့လွင့်လာသည်ဟု ဒေသခံတို့က ဆိုသည်။ 

“ တချို့ရွာတွေမှာ လုပ်ရတာမျိုး အနည်းငယ်တွေ့ရတယ်။ စည်စည်ကားကား တော့ မဟုတ်ဘူး။ စိတ်တွေ မွန်းကျပ် နေတာဆိုတော့ ကလေးတွေ ပျော်ပွဲရွှင်ပွဲ ပုံစံမျိုးလေးတွေ လုပ်တာမျိုးလောက် အနည်းအကျဉ်းလောက်တော့ ရှိတယ်” ဟု ဒီပဲယင်းမြို့နယ်မှ လူလတ်ပိုင်းအရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းလာပြီး ဒီပဲယင်းမြို့နယ်တွင်း လတ်တလော ထိုးနေသည့် စစ်ကြောင်းမရှိသည့်အနေအထားကြောင့် အကျဉ်းချုံ့ဖြတ်သန်းနိုင်သည့် အခြေအနေ ဖြစ်သည်ဟု ၎င်းကဆိုသည်။

မုံရွာမြို့နှင့် မိုင် ၅၀ ခန့်သာ ကွာဝေးသည့် ဒီပဲယင်းမြို့နယ်သည် စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးအင်အားစုများ အားကောင်းရာမြို့နယ်များအနက် တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း မကြာခဏ စစ်ကြောင်းထိုးလေ့ရှိသည်။ 

ဒီပဲယင်းမြို့နယ်တွင် အိမ်ခြေထောင်နှင့်ချီ မီးဘေးသင့်ခဲ့ပြီး အိုးအိမ်ဆုံးရှုံးခဲ့ရသူများမှာ စစ်ရှောင် စခန်းနှင့် ဘေး လွတ်ရာများတွင် ကာလရှည် ခိုလှုံနေကြရသည်။ 

“ စစ်ရှောင်စခန်းတွေ သင်္ကြန်ဆိုတာက သူတို့စိတ်ထဲမရှိသယောင်ပဲ။ ဒါပေမယ့် သူတို့ စစ်ရှောင်‌တော်တော်များများ ဘုန်းကြီးကျောင်းမှာ ကုသိုလ်ပြုပြီးတော့ သီလယူတာ တရားနာတာ ဒီလိုမျိုးတွေ တွေ့ရတယ်”ဟု ၎င်းက ဆိုသည်။ 

စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ် တို့ သုံးပွင့်ဆိုင်ထိစပ်ရာ ကလေးမြို့နယ်တွင်လည်း ဖေဖော်ဝါရီလကုန်မှ စတင်ကာ စစ်တပ်နှင့်တော်လှန်ရေးအင်အားစုများကြား စစ်ရေးတင်းမာနေသည့်တိုင် ယခုနှစ် သင်္ကြန်တွင် တော်လှန်ရေး အင်အားစုများထိန်းချုပ်သည့် နေရာများတွင် သင်္ကြန်ပွဲကို အကျဉ်းချုံးကျင်းပကြသည်။

“ဒေါင်းမျိုးဆက်” တော်လှန်သံချပ်အသင်း ဖျော်ဖြေနေသည်ကို ဧပြီ ၁၅ က တွေ့ရစဉ်။ (ဓာတ်ပုံ- မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)

စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များ အခြေစိုက်ရာ ကလေးမြို့ပေါ်တွင်လည်း ယခင်နှစ်များလောက် စည်ကားခြင်း မရှိကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှသိရသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းပြီး တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှု ပိုမိုကျယ်ပြန့်လာသည့် မကွေးတိုင်း တွင်လည်း သင်္ကြန်တွင်း ဖြတ်သန်းခဲ့သည့် အခြေအနေ ထီးလင်းမြို့နယ် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YRA) တာဝန်ခံက ယခုကဲ့သို့ပြောသည်။ 

“တော်လှန်သင်္ကြန်ပုံစံရေပက်ကစားတာအနည်းအကျဉ်းရှိတယ်။… ကုသိုလ်ကောင်းမှုပြုကြ တာပဲရှိတယ်။ ထူးထူးခြားခြားကွာခြားတာမရှိဘူး။ အရင်နှစ်ကတော့တပ်စခန်းတွေများသေးတာ ဖြစ်တဲ့အတွက် နေရာအကျဉ်း လောက်ပဲ တွေ့ရတာပေါ့။ ဒီနှစ်ပိုင်းမှာကျတော့ စစ်ကောင်စီတပ်စခန်းတွေ မရှိတဲ့နေရာတွေများလာတယ်။ တော်လှန် ရေးအဖွဲ့တွေ စိုးမိုးထားတဲ့နေရာတွေ များလာတဲ့အတွက် အဲ့ဒီနေရာတွေမျာတော့ ဒေသပြန့်ကျဲတာ ပိုကျယ်ဝန်းလာ တာ လောက်ပဲရှိတယ်”ဟု YRA တာဝန်ခံက ဆိုသည်။

-သင်္ကြန်အကြိုနေ့ တွင် တော်လှန်သပိတ်ပြုလုပ်ခဲ့သော ချင်းတွင်းမြစ်ကမ်းဘေးဒေသခံများ။ ဓာတ်ပုံ- 
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ)

ချင်းတွင်းမြစ်အနောက်ဘက်ကမ်း တော်လှန်ရေးအင်အားစုများအားကောင်းရာ ယင်းမာပင်မြို့နယ် ကျေးရွာများ တွင်လည်း ရေကစားကြသည့် ကလေးငယ်များ၊ တနိုင်တပိုင်ကုသိုလ်ပြုကြသူများ၊  တက်ကြွလှုပ်ရှားသူလူငယ် များ၏ တော်လှန်သံချပ်များဖြင့် ဖြတ်သန်းခဲ့ကြသည်။ 

“နှစ်တိုင်းကတော့ ဘာရေမှမစိုဘူး။ ဒီနှစ်ကတော့ ရပ်ထဲရွာထဲကို မဖြစ်မနေ အသွားအလာလုပ်ရတဲ့ အခါမှာ ကလေး လေးတွေ ရေကစားနေကြတော့ သူတို့ကလည်း ရေပက်ချင်တော့ ဆိုင်ကယ်နဲ့ သွားရင် တားတယ်။ သူတို့လေးတွေ ရှိတဲ့နေရာမှာ သူတို့နဲ့အတူတူ ရေပက်ခံပြီး ဖြတ်သန်းတယ်”ဟု ယင်းမာပင် မြို့နယ်မှ အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ 

သင်္ကြန်ကာလ အေးအေးဆေးဆေးဖြတ်သန်းနိုင်ခဲ့သည့် ကျေးရွာများရှိသည့်တိုင် အရာတော်မြို့နယ်မှ ထောင်နှင့် ချီသည့် ဒေသခံများမှာ စစ်ကောင်စီ စစ်ကြောင်းရန်ကို ပြေးလွှားရှောင်တိမ်းရင်း ကုန်ဆုံးခဲ့ကြသည်။ 

သင်္ကြန်အကြိုနေ့ (ဧပြီ ၁၃) ရက် နံနက် ၅ နာရီဝန်းကျင်တွင် အရာတော်မြို့နယ် မြောက်ဘက်ရှိ ဝါးတောမ၊ စည်သာ၊ မန်ကျည်းစု၊ ဘော်ကုန်းကျေးရွာတို့ကို စစ်တပ်က ကား ၉ စီးဖြင့် ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့ရာ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရသည်။ 

လေးရွာလုံးကို တပြိုင်တည်းဝင်စီးသည့်စစ်ကြောင်းသည် နေအိမ် ၂၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သည်စု မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။ 

ထို လေးရွာကိုစီးနင်းပြီးနောက် မိုင် ၂၀ ကျော်ခန့်အကွာရှိ အရာတော်မြို့ အမှတ် ၅၀၀၄ တပ်ရင်းသို့ ပြန်လည်ဝင် ရောက်သွားသည်။ 

သို့သော်လည်း ထိုစစ်ကြောင်းမှာ ရပ်တန့်သွားခြင်းမဟုတ်ပေ။ ညနေပိုင်းတွင်အရာတော်မြို့ တောင်ဘက်ရှိ မလဲသာရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လေကြောင်းဖြင့် ပို့ဆောင်ခဲ့ပြီး တပြိုင်တည်းတွင်ပင် လေကြောင်းဖြင့် တစ်နာရီနီးပါးကြာ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

မတ်လကုန်ခန့်က  စစ်ကြောင်းထိုးလာ၍ တိမ်းရှောင်လာရသော ဆာလင်းကြီးဒေသခံတချို့။ (ဓာတ်ပုံ- 
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ)

မလဲသာ၊ ကန်ရင်း၊ ညောင်ပင် သုံးရွာပါသည့် မလဲသာ အုပ်စုတွင် သင်္ကြန်တွင်း အလှည့်ကျ ရွာအလိုက် ဆွမ်းလောင်း ပွဲပြုလုပ်ပြီး သင်္ကြန်သံချပ်ထိုးရန် ဒေသခံများက စီစဉ်ခဲ့ကြသော်လည်း စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် သဲထဲ ရေသွန် ဖြစ်ခဲ့ရသည်။ 

“အကြိုနေ့မှာ မဏ္ဍပ်ကပြီးသွားတော့ စက်စမ်းမယ်ဆိုပြီး စက်စမ်းရင်းနဲ့ ခဏလေး ကချင်ကကြဆိုတဲ့ အချိန်ရှိသေး ဖွင့်လိုက်ခါရှိသေး လေယာဉ်လာပြီ ဂျက်လာပြီလို့အော်လိုက်တာ။ အော်လိုက်တော့  လူစုကွဲသွားတာ။ ကျွန်မတို့ရွာ ပေါ် ဂျက်ရောက်ချင်း အဲ့ဒီနေရာက လူစုကွဲသွားတော့ အပစ်မခံလိုက် ရဘူး။ ပြည်သူကို ချိန်ပစ်တာ။ ဆေးပေးခန်း လေးနေရာကို လူနာတွေစုစုရှိတဲ့နေရာကို ပစ်လိုက်တာ” ဟု လေကြောင်းတိုက်ခိုက်မှုကို ကြုံခဲ့ရသည့် ဒေသခံ အမျိုး သမီးတစ်ဦးက ပြောသည်။ 

လေကြောင်းအန္တရာယ်ကြောင့် ဖိနပ်ပင်မစီးနိုင် ရောက်ရာနေရာမှ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရသဖြင့် သူကိုယ်တိုင် အသက်ဘေးကလွတ်မြောက်သော်လည်း ထိုနေ့က လေကြောင်း ပစ်ခတ်မှုအတွင်း အသက် ၇၀ အရွယ် အမျိုးသား တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ၎င်းက ဆိုသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များက  သင်္ကြန်အကြိုနေ့ နှင့် အကျနေ့တစ်နေကုန် မလဲသာရွာတွင် တိတ်တဆိတ် ကင်းပုန်း ဝပ်ပြီး စခန်းချခဲ့ကြသည်။

သင်္ကြန်အကျနေ့ ည သန်းခေါင်တွင် ရွာမှ ထွက်ရန်ပြင်နေသည့် စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ခဲ့သည့် ဒေသခံ အမျိုးသား ၂ ဦးကို စစ်တပ်က ပစ်သတ်ခဲ့သည်။ 

ကျန်းမာရေးမကောင်းသည့် မိခင်ဖြစ်သူအတွက် ရွာထဲကို ဆေးပြန်ယူမည့် သားဖြစ်သူနှင့် အသက် ၃၀ အရွယ် ဦးလေးဖြစ်သူမှာ  ရွာနားသို့ ချဉ်းကပ်လာစဉ် စစ်ကြောင်းနှင့်တွေ့ကာ ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရွာထဲမှ ထွက်သွားပြီးနောက် သင်္ကြန်အကြတ်နေ့တွင် ဒေသခံအချို့ ရွာထဲ ပြန်ဝင်ခဲ့ကြ သော်လည်း အများစုမှာ ယနေ့ (သင်္ကြန်အတက်နေ့)အထိ ရွာထဲ ပြန်မဝင်ရဲကြသေးပေ။ 

စစ်ကောင်စီမကြာခဏဝင်ရောက်စီးနင်းလေ့ရှိသည့် အိမ်ခြေ ၈၀၀ နီးပါးရှိ မလဲသာရွာမှာ စစ်ကောင်စီ ပြီးခဲ့သည့် နှစ်များတွင် နှစ်ကြိမ်တိုင် မီးရှို့မှုကြောင့် ရွာလုံးကျွတ်နီးပါး ပြာကျခဲ့ရသည်။ 

“ နောက်နှစ်သင်္ကြန်ဆိုရင်တော့ ပျော်ရလောက်မှာပါ။ အိမ်ပြန်လမ်း နီးရလောက်မယ်ထင်ပါတယ်”ဟု  အထက်ပါ ဒေသခံအမျိုးသမီးက ပြောသည်။ 

စစ်ကောင်စီက ရန်ကုန်၊ မန္တလေး၊ ပဲခူးမြို့ကြီးများတွင် မဏ္ဍပ်များပြုလုပ်ပြီး သင်္ကြန်ပွဲကို ပြုလုပ်ခဲ့ရာတွင်လည်း ယခင်နှစ်များထက်စာလျှင် လည်ပတ်ရေကစားသူအချို့ ရှိခဲ့သည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ၁၀၂၇ စစ်ဆင်ရေး အတွင်း TNLA ထိန်းချုပ်ခဲ့သည့် ကွတ်ခိုင်၊ နမ့်စန်မြို့တို့တွင် ရေကစားသူများနှင့် စည်ကားခဲ့သည်။ လက်ရှိ တိုက်ပွဲ များပြင်းထန်နေသည့် ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် (AA) က သင်္ကြန်ပွဲ မကျင်းပရန် မေတ္တာရပ်ခံခဲ့သည်။

Show More

Related Articles

Back to top button