သတင်း

ကလေးမြို့နယ်တွင် တိုက်ပွဲများဆက်ဖြစ်၊ တစ်ပတ်အတွင်း ကလေး ၂ ဦးအပါအဝင် ၈ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှုတို့ကြောင့် တစ်ပတ်အတွင်း ကလေး ၂ ဦးအပါအဝင် ၈ ဦး သေဆုံးသွားသည်။

စစ်ရေးတင်းမာနေသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှုတို့ကြောင့် တစ်ပတ်အတွင်း ကလေး ၂ ဦးအပါအဝင် ၈ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မတ်လ ဒုတိယပတ်ကစ၍ တစ်ပတ်နီးပါးအတွင်း စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၆ ဦး သေဆုံးပြီး၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ၂ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

ကလေးမြို့၊ တောင်ဘက် ၅ မိုင်ခန့်အကွာ သာယာဝတီရွာမှ စစ်ဘေးရှောင်များကို မတ် ၁၇ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက ကယ်ထုတ်နေချိန် စစ်တပ်က ဒရုန်းဖြင့် ဗုံးချခဲ့ခြင်းကြောင့် အသက် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၅၂ နှစ်အရွယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်စိတ်မှုး ဦးယုနိုင်ထွန်းတို့ သေဆုံးခဲ့သည်။

“သာယာဝတီရွာကနေ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ (စစ်တပ်က) နှင်ထုတ်တာပေါ့။ အဲ့ဒါကို ကျွန်တော်တို့က ကယ်ထုတ်ပေးရတာ။ အဲ့ဒီနေရာမှာ သူတို့က ဒရုန်းနဲ့လာချတယ်” ဟု ကလေးမြို့နယ် ပကဖအဖွဲ့ဝင်က ပြောသည်။

ရွာခံအများစုမှာ ဘေးလွတ်ရာ ထွက်ပြေးခဲ့သော်လည်း မပြေးနိုင်သည့် သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသူများ အပါအဝင် ကျန်နေသည့် ဒေသခံ ၃၀ ကျော်ကို တော်လှန်ရေးအင်အားစုများက ကယ်ထုတ်ပေးနေစဉ် စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျောက်ပုံနားကို ကျတာ။ သူတို့က တစ်ခါချရင် ၃ လုံးချတာ။ ကားက ညာဘက်မှန်တစ်ခုလုံး စုတ်ပြတ်သတ်သွားတယ်” ဟု ကာကွယ်ရေးအဖွဲ့ဝင်က ပြောသည်။

တော်လှန်ရေးအင်အားစုများထံမှ သိရသည့်အချက်အလက်များအရ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူများတွင် မြို့ကြီးကုန်းရွာမှ ၁ ဦး၊ ပျဉ်းခုံလေးရွာမှ ၃ ဦးနှင့် လက်ပံချောင်းရွာမှ ၂ ဦးပါဝင်သည်။

ယမန်နေ့ (မတ်လ ၁၇ ရက်) ညပိုင်းကလည်း စစ်တပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့ကြီးကုန်းရွာမှ အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။

မတ် ၁၆ ရက်နေ့တွင် ပျဉ်းခုံလေးရွာကို လက်နက်ကြီးကျရောက်မှုကြောင့် အသက် ၁၀ နှစ်အရွယ် မအိန်ဂျယ်ဗန်ရမ်ပွီးရီး (Angel Vanrempuii)၊ အသက် ၃၂ နှစ်အရွယ် ဒေါ်အေဒင်ထားရီး (Edenthari) နှင့် အသက် ၆၂ အရွယ် ဒေါ်လာလ်ဖမ်ကိမ်မီး (Lalfamkimi) တို့ ပွဲချင်းပြီးသေဆုံးခဲ့သည်။

မတ် ၁၄ ရက် ညပိုင်းက လက်ပံချောင်းရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အသက် ၆၂ နှစ်အရွယ် ဒေါ်လာဇွာလ်လီနှင့်  အသက် ၄၁ နှစ်အရွယ် ဦးလာလ်ရမ်ဒိကာတို့ သေဆုံးခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူများကို ကုသရာတွင် စစ်တပ်၏ ပိတ်ဆို့မှုများကြောင့် လူနာလွှဲပြောင်းပို့ဆောင်ရေးနှင့် ဆေးဝါးအခက်အခဲကြုံနေရသည်ဟုလည်း ကျန်းမာရေး ကူညီစောင့်ရှောက်ပေးနေသူများက ပြောသည်။

ထိုတိုက်ခိုက်မှု၊ အရပ်သားများ သေဆုံးမှုနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်လျက်ရှိသည်။

ကလေးမြို့နယ်တွင် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီတပ်စွဲရာနေရာများကို ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်းတွင် တစ်ကျော့ပြန် စစ်ရေးအရှိန်မြင့်တက်လာခြင်းဖြစ်သည်။

စစ်ကောင်စီတပ်စွဲထားသည့် ကလေးမြို့အနောက်ဘက်ရှိ စက္ကန့်ရွာနှင့် မြောက်ဘက်ရှိ ကံကြီးရွာနှင့် ကံသာယာရွာတို့ကို ဖေဖော်ဝါရီ ၂၁ တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

စက္ကန့်ရွာကို သိမ်းနိုင်ခဲ့သော်လည်း စစ်တပ်က အင်အားထပ်မံဖြည့်တင်းလာသဖြင့် နောက်ပိုင်းတွင် တော်လှန်ရေးအင်အားစု များက ပြန်လည်လက်လွှတ်ခဲ့ရသည်။

ထို့နောက် မြို့တောင်ဘက်အထွက် ဟံသာဝတီရွာအနီးရှိ နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်တပ်က အနီးရှိ ထိုမာရွာမှ ဒေသခံများကို နေရပ်စွန့်ခွာရန် အကြောင်းခဲ့ပြီး ကျေးရွာအတွင်း နေအိမ်များတွင် ဝင်ရောက်တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် နည်းပညာတက္ကသိုလ်အနီးရှိ အိမ်ခြေ ၁၈၀ နီးပါးရှိ ဟံသာဝတီရွာကို စစ်တပ်က ယမန်နေ့က စတင်ပြီး မီးရှို့နေရာ အိမ်ခြေအများအပြား ပျက်စီးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“တစ်ရွာလုံး ပြာကျလောက်ရှိနေပြီ။ မနေ့ကတည်းက ရှို့နေတာ။ သူတို့ မြင်ကွင်းရှင်းဖို့နေမှာပေါ့။ (ရွာက) အိမ်ခြေစိပ်တယ်။ တောက်လျှောက်ရှို့တာ။ တစ်ရွာလုံးရှို့တာ။ ရွာအစွန်ကနေ စရှို့တာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ကလေးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးများ၊ လေကြောင်းပစ်ခတ်မှုများဖြင့် တိုက်ခိုက်နေသည့်အပြင် ဒရုန်းကိုပါ တွင်တွင်ကျယ်ကျယ် အသုံးပြုတိုက်ခိုက်လာကြောင်း ဒေသခံများက ပြောသည်။

“ဒရုန်းက တော်တော်လေး အဆင့်မြင့်မြင့်သုံးလာနိုင်တယ်။ ဒီနောက်ပိုင်းဆိုရင် တော်လှန်ရေးအင်အားစုရဲ့ နည်းပညာကို ပြန်ယူတယ်လို့တောင် ပြောရမယ်။ အားရင် Drop Bomb (ဗုံး) လာချနေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်အင်အားနည်းပါးသည့် တော်လှန်ရေးအင်အားစုများက စစ်တပ် အထိုင်ချတပ်စွဲရာနေရာ၊ စခန်းများကို တိုက်ခိုက် ရာတွင် ဒရုန်းကို အားပြုတိုက်ခိုက်သော်လည်း ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက စတင်ပြီး စစ်တပ်ကလည်း ဒရုန်းပိုမိုအသုံးပြုလာခြင်းဖြစ်သည်။

ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများ ယနေ့တွင်လည်း စစ်ရေးတင်းမာမှုများရှိနေဆဲ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

ကလေးမြို့ မြောက်ပိုင်းအခြေအနေ

ကလေးမြို့ မြောက်ပိုင်းရှိ တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသော ကံသာယာရွာကို ပြန်လည်ရယူရန် စစ်တပ်က မတ် ၁၀ ရက်က အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည်။

ထိုတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်မှ လက်နက်ခဲယမ်းအများအပြား ရရှိခဲ့ကြောင်း ဒေသခြေစိုက် အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။

ထို့နောက် မတ် ၁၆ ရက်နေ့တွင် ကလေးမြို့ မြောက်ဘက်ရှိ စစ်ကောင်စီတပ်စွဲထားရာ နေရာများဖြစ်သည့် အောင်မြင်သာ ရွာနှင့် ကျောင်းတိုက်ရွာကို တော်လှန်ရေးအင်အားစုများက ထပ်မံတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲပြင်းထန်ခဲ့သည့် ကျောင်းတိုက်ရွာကို စစ်တပ်က ၂ ကြိမ်တိုင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက် သေဆုံးမှုများ ရှိကြောင်း သတင်းများထွက်ပေါ်နေပြီး အသေးစိတ်အချက်အလက်များ သိရှိနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ 

ကလေးမြို့နယ်အတွင်း တစ်ကျော့ပြန် ပြင်းထန်နေသည့် တိုက်ပွဲများကြောင့် မြို့မြောက်ဘက်ရှိ ကံကြီး၊ ကံသာယာ၊ ပျဉ်းခုံကြီးစသည့်ကျေးရွာများ၊ မြို့တောင်ပိုင်းရှိ ထိုမာ၊ ထောက်ကြန့်နှင့် သာစည် စသည့် ကျေးရွာများမှ ဒေသခံ သုံးသောင်း ဝန်းကျင် နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရသည်။

ထို့ပြင် ကလေးမြို့တွင် စစ်ရေးအရှိန်မြှင့်တင်မည်ဟု မြို့နယ်ပကဖက ဖေဖော်ဝါရီလကုန်ပိုင်းတွင် ကြေညာခဲ့ပြီး စစ်ရေး တင်းမာမှုအခြေအနေများကြောင့် မြို့ပေါ်ရပ်ကွက်တချို့မှ ပြည်သူများလည်း နေရပ်စွန့်ခွာကြောင်း မြို့ခံများထံမှ သိရသည်။

“မြို့မှာ တတ်နိုင်တဲ့သူတွေက တိုက်တွေ၊ ဝင်းတွေ ပစ်ထားခဲ့ပြီး မန္တလေး၊ ရန်ကုန်ဘက်တွေ ပြောင်းကြတယ်။ ကလေးမြို့ အခြေအနေက မြေပြင်ကနေ ကားနဲ့သွားတာလည်း သိန်းနဲ့ချီ ကုန်တာပဲ။ ခက်ခဲတယ်။ လမ်းမှာလည်း ရက်နဲ့ချီ ကြာတယ်။ မြို့ကနေ လွတ်မြောက်နယ်မြေ ရွာတွေကို သွားတာလည်း ရှိတယ်။ ရွာတွေကနေ မြို့ကို သွားတာလည်း ရှိတယ်။ ညနေ ၅ နာရီလောက်ဆို အကုန်လုံး တိတ်ဆိတ်သွားပြီ” ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

ချင်း၊ မကွေး၊ စစ်ကိုင်းတို့ သုံးပွင့်ဆိုင် ထိစပ်နေသည့် ကလေးမြို့နယ်သည် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့အများအပြား အခြေစိုက်ထားပြီး တစ်ဖက်တွင်လည်း တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှု အားကောင်းသည်။

Show More

Related Articles

Back to top button