သတင်း

သင်္ကြန်အပြီးတွင် တရုတ် (ယူနန်) သို့ မြန်မာလုပ်သားများ စေလွှတ်မည်

သင်္ကြန်အပြီး ဧပြီလ တတိယပတ်အတွင်း မူဆယ်တစ်ဖက်ကမ်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ မြန်မာအလုပ်သမားများ ပထမဆုံးအကြိမ် တရားဝင်စေလွှတ်ရန် စစ်ကောင်စီနှင့် တရုတ် (ယူနန်) အစိုးရတို့ သဘောတူထားသည်ဟု အလုပ်သမားအေဂျင်စီများက ဆိုသည်။

ယခုနှစ် သင်္ကြန်အပြီး ဧပြီလ တတိယပတ်အတွင်း အိမ်နီးချင်း တရုတ်နိုင်ငံသို့ မြန်မာအလုပ်သမားများ ပထမဆုံးအကြိမ် တရားဝင်စေလွှတ်ရန် စီစဉ်နေသည်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများထံမှ သိရသည်။

စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်အစိုးရတို့ ယခုနှစ်အတွင်း ညှိနှိုင်းပြီးနောက် ယခုအစီစဉ်စတင်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ ခရိုင် ၅ ခုရှိ အထူးစီးပွားရေးဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားလိုအပ်ချက် သိန်းဂဏန်းရှိနေပြီး မြန်မာအလုပ်သမားများ အလုပ်လုပ်နိုင်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင် အမျိုးသားက ဆိုသည်။

“Demand (အလုပ်ခေါ်စာ) တွေ အကုန်ရပြီးတော့ ဒီဘက် စစ်ကောင်စီကိုလည်း တင်ပြီးပြီ။ စစ်ကောင်စီက ဟိုဘက်မှာ Demand စစ်တာကို နိုင်ငံခြားရေးက သွားစစ်တယ်။ စစ်ပြီးလို့ အားလုံးပြန်ကျလာပြီး ခေါ်ခွင့်ရသွားပြီပေါ့။ ခေါ်ခွင့်ရပြီးတော့မှ ဒီအလုပ်သမားတွေကို လွှတ်နိုင်ဖို့ ဗီဇာဝင်မယ်။ သင်တန်းတက်မယ်။ အဲဒီလိုတွေ လုပ်နေတယ်”

မူဆယ်-ရွှေလီနယ်စပ်ဂိတ်တွင် တရုတ်နိုင်ငံအတွင်း ဝင်ရောက်ရန် စောင့်ဆိုင်းနေသူများကို ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

ပထမဆုံးအသုတ်အနေဖြင့် အလုပ်သမား ၂၀၀ ဝန်းကျင် စေလွှတ်နိုင်ရန် စီစဉ်နေပြီး ခရိုင်အလိုက် လစာ ယွမ် ၁၂၀၀ မှ ၂၀၀၀ ဝန်းကျင် (စစ်ကောင်စီငွေလဲနှုန်း ကျပ် ၅ သိန်းခွဲမှ ၁၀ သိန်း) ဝန်းကျင်ရနိုင်ကြောင်း အထက်ပါ လုပ်ငန်းရှင်က ပြောသည်။

အလုပ်လုပ်ကိုင်ခွင့်နှင့် ၂ နှစ်သက်တမ်း ဗီဇာခွင့်ပြုချက်တို့ဖြင့် လေကြောင်းမှတစ်ဆင့် စေလွှတ်ရန် မြန်မာဘက်မှ ဆန္ဒရှိသော်လည်း ယူနန်ပြည်နယ်အစိုးရက နယ်စပ်ဂိတ်များမှ ခွင့်ပြုရန် ပြောဆိုနေသဖြင့် ပြည်ဝင်ခွင့်နှင့်ပတ်သက်၍ အသေးစိတ်ညှိနှိုင်းနေသည်ဟုလည်း ပြောသည်။

စက်ရုံများက နေစရိတ်နှင့် စားစရိတ် စီစဉ်ပေးသဖြင့် ထိုင်း၊ မလေးရှားတို့နှင့် ယှဉ်လျှင် လုပ်ခလစာနှင့် မတိမ်းမယိမ်းဖြစ်နိုင်သည်။

ယခင်က တရုတ်နိုင်ငံသို့ နယ်စပ်ဂိတ်များမှတစ်ဆင့် တရားမဝင် သွားရောက်အလုပ်လုပ်နေသူများရှိရာ လစာမရရှိခြင်း၊ လူကုန်ကူးခံရခြင်း၊ ငွေကြေးလိမ်လည်ခံရခြင်းစသည့် ပြဿနာများစွာရှိကြောင်း တရားဝင်အလုပ်လုပ်ခွင့်ရပါက အလုပ်သမားအခွင့်အရေး ပိုမိုရရှိလာနိုင်သည်ဟု အထက်ပါ လုပ်ငန်းရှင်က ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် မူဆယ်နယ်စပ်ဂိတ်တွင် နယ်စပ်ဖြတ်ကျော်ခွင့်ကတ် အသုံးပြုကာ တရုတ်နိုင်ငံအတွင်း ဝင်ရောက် အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကတ် TBP တစ်ခါသုံးကတ် ကိုင်ဆောင်သော မြန်မာလုပ်သားများသည် နယ်စပ်ရှိ ရွှေလီ၊ ကျယ်ဂေါင်၊မန်စီ စသည့် တရုတ်မြို့များရှိ စက်ရုံ၊ အလုပ်ရုံများ၌ ဝင်ရောက်အလုပ်လုပ်လေ့ရှိသည်၊ တစ်ရက်လျှင် တရုတ် ယွမ် ၆၀ (မြန်မာငွေ၂ သောင်းခွဲ) ဝန်းကျင် ရရှိသည်ဟု သိရသည်။

မူဆယ်ခရိုင် အိမ်ထောင်စုစာရင်းရှိသူများက တစ်နှစ်သက်တမ်းရှိ နယ်စပ်အဝင်အထွက် စာအုပ်အနီ ရရှိကြပြီး အခြားပြည်နယ်နှင့် တိုင်းများမှ သွားရောက်ပါက ရက်ပိုင်းသက်တမ်းရှိ TBP စာအုပ်အပြာသာ ရရှိကြသည်။

ယခင်က တရုတ်နိုင်ငံထဲသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ကာ တရုတ်လုပ်ငန်းရှင်များ၏ အာမခံချက်ဖြင့် တစ်နှစ်အလုပ်လုပ်ကိုင်ခွင့်ရခဲ့သည်။ ထိုမူဝါဒပြောင်းသွားပြီး ယခုနှစ် ဧပြီတွင် တရုတ်ရဲများက မြန်မာနိုင်ငံသားများကို ပိုက်စိပ်တိုက်စစ်ဆေးကာ ပြန်ပို့နေသည်ဟု တရုတ်နယ်စပ် မူဆယ်အခြေစိုက် ပရဟိတအဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“မြန်မာပြည်သူပြည်သားတွေကို အလုပ်သမားလစာရရှိဖို့အပါဝင် အာမခံနဲ့ စနစ်ကျကျနဲ့ ပို့ပေးရင် ပိုကောင်းတာပေါ့။ အခုလုပ်နေရတဲ့ပုံစံက တကယ်အလုပ်လုပ်တဲ့သူအတွက် နစ်နာတယ်”

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် နိုင်ငံရေးမတည်ငြိမ်မှု၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်ရှားပါးမှုကြောင့် ပြည်ပသို့ မြန်မာအလုပ်သမားများ အုံလိုက်ကျင်းလိုက်ထွက်ခွာနေကြသည်၊ ယခု တရားဝင်ပို့ခွင့်အစီအစဉ်အထမြောက်ပါက တရုတ်နိုင်ငံသည် ဈေးကွက်အသစ်တစ်ခုဖြစ်လာနိုင်သည်။

မြန်မာအလုပ်သမားအများအပြား သွားရောက်လုပ်ကိုင်နေသည့် မလေးရှားသည် ယခုနှစ် မတ်လကုန်မှ စတင်၍ အလုပ်သမားခေါ်ယူမှုကို ရပ်ဆိုင်းထားသည်။ ထိုင်းနိုင်ငံသည်လည်း အကန့်အသတ်များရှိနေသဖြင့် တရုတ်နိုင်ငံသည် ရွေးချယ်စရာတစ်ခုဖြစ်လာနိုင်သည်ဟု အေဂျင်စီများက ဆိုသည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ် ဧပြီမှ ဖေဖော်ဝါရီထိ အေဂျင်စီ ၄၄၀ က ပြည်ပနိုင်ငံများသို့ မြန်မာအလုပ်သမား ၁၆၇,၉၂၆ ဦး ပို့ပေးခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက မတ် ၂၂ တွင် ထုတ်ပြန်သည်။

စစ်အာဏာသိမ်းမှုကြောင့် အုံလိုက်ကျင်းလိုက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေချိန် ယခုနှစ် ဖေဖော်ဝါရီတွင် အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေကြောင့် ထွက်ခွာသူ ပိုများလာနေသည်ဟု အေဂျင်စီများက ဆိုသည်။  

Show More

Related Articles

Back to top button