သတင်း

အဓမ္မစစ်သင်တန်းပေးခံရသည့် မွတ်စလင်များ တရုတ်စီမံကိန်းအနီး ကင်းစောင့်နေရ   

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ မွတ်စလင်ဒုက္ခသည်စခန်းတစ်ခုမှ အမျိုးသား ၅၀ဦးကို ပြီးခဲ့သည့် သောကြာနေ့တွင် စစ်တပ်က အတင်းအကျပ် လာခေါ်သွားပြီး၊ တရုတ်စီမံကိန်းအနီး ကင်းစောင့်ခိုင်းခြင်း၊ မြောင်းတူးခိုင်းခြင်းတို့ ခိုင်းစေနေသည်။

၎င်းတို့သည် မကြာသေးခင်က အတင်းအဓမ္မခေါ်ယူပြီး စစ်သင်ပေးခံထားရသူများဖြစ်ကြပြီး မြန်မာနိုင်ငံ ရှိ တရုတ်အကျိုးစီးပွားများအနက် အရေးပါဆုံးသော ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း ဧရိယာအနီးတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် အရေးပေါ် ခေါ်သုံးခြင်း ဖြစ်သည်။ 

ကျောက်ဖြူမြို့အနောက်မြောက်ဘက် ခြောက်မိုင်ကျော်အကွာတွင်ရှိသော ကံ့ကော်တောဘုရားအနီးနှင့် မလကျွန်းကျေးရွာအနီးရှိ တရုတ်စီမံကိန်းများအနီးတွင် မွတ်စလင်များကို စစ်တပ်က ဆက်သွယ်ရေး မြောင်းတူးခိုင်းခြင်း၊ ကင်းစောင့်ခိုင်းခြင်းတို့ ခိုင်းစေနေသည်ဟု  ရခိုင်ပြည်နယ်လုံခြုံရေးအသိုင်းအဝိုင်း နှင့် နီးစပ်သူတစ်ဦး၊ ဒုက္ခသည်စခန်းတွင် နေထိုင်သူနှစ်ဦးထံမှ သိရသည်။

“တရုတ်နဲ့ပတ်သက်တဲ့ လုပ်ငန်းခွင်တွေ၊ ဂိတ်တွေမှာ သူတို့(မွတ်ဆလင်)တွေကို တာဝန်ဖြန့်ပြီးတော့ ခွဲဝေချထားလိုက်ပြီ” ဟု ရခိုင်ပြည်နယ်လုံခြုံရေးအသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့တောင်ဘက် သုံးမိုင်ခန့်အကွာတွင်ရှိသော ‘ကျောက်တစ်လုံး’ အမည်ရှိ မွတ်စလင်ဒုက္ခသည်စခန်းသို့ မတ်လ ၂၉တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလုံးအရင်းဖြင့် ရောက်လာပြီး စခန်းရှိ အမျိုးသား ၅၀ ဦးကို စစ်ကားများဖြင့် အတင်းအကျပ် ခေါ်သွားခဲ့သည်။

“ ၂ ပတ်ဆိုပြီး ပြောပြီး ခေါ်သွားတာ။ ခေါ်သွားတဲ့အထဲ အသက် ၅၀ကျော် တစ်ယောက်၊ နှစ်ယောက် ပါတယ်။ ကျန်တာက ၃၀ ကျော်တွေ များတယ်” ဟု ဒုက္ခသည်စခန်းတွင်နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။ စစ်တပ် ရန်ရှာမည်စိုး၍ အမည်ရင်းကို ထုတ်ဖော်မပြောသော်လည်း ၎င်း၏ဆွေမျိုး၂ ဦး လည်း ပါသွားသည်ဟု ထိုမွတ်စလင်အမျိုးသားက ဆိုသည်။

တရုတ်စီမံကိန်းအနီး ကင်းစောင့်ရန် လူ ၅၀ ဦးကို ခေါ်သွားပြီး ၂ရက်အကြာတွင်လည်း ဒုက္ခသည်စခန်းရှိ ထိုသူများ၏ မိသားစုဝင်တို့ကို ငွေ ၅သောင်း၊ ဆန် ၈ပြည်၊ ဆီနှင့်ဆား အနည်းငယ် စစ်တပ်က လာပေးခဲ့ သေးသည်ဟုလည်း သိရသည်။

“သူတို့ (စစ်တပ်) ပေးတဲ့ငွေလည်း မမက်ဘူး။ ဒါပေမယ့် ပေးတော့လည်း ယူရတာပေါ့။ မစားရလည်း ဘာမှ မဖြစ်ဘူး။ မက်လည်း မမက်ဘူး။ ပိုက်ဆံဆိုတာ ရှာရင်ရတယ်။ အသက်ကို ပြန်ဝယ်လို့ မရဘူး” ဟု ဒုက္ခသည်စခန်းတွင်နေထိုင်သည့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးက ဆိုသည်။

ယခုခေါ်သွားသည့် လူ ၅၀ဦးကို ၂ ပတ်အကြာတွင် ဒုက္ခသည်စခန်းသို့ ပြန်ပို့ကာ၊ သင်တန်းဆင်းပြီးသား နောက်ထပ် လူ ၅၀ ဆက်ခေါ်မည်ဟု စစ်တပ်ဘက်က မိသားစုဝင်များကို ပြောထားကြောင်းလည်း သိရ သည်။

တရုတ်စီမံကိန်းအနီး ကင်းစောင့်ခိုင်းသည့် မွတ်စလင်များကို စစ်တပ်က လက်နက်တပ်ပေးထားခြင်း ရှိ၊ မရှိ အသေးစိတ် မသိရသေးပေ။ ထိုအခြေအနေနှင့်ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ ဦးလှသိန်းထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပါ။

ရခိုင်ကမ်းလွန်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များနှင့် အရှေ့အလယ်ပိုင်းမှ သယ်ယူလာသော ရေနံစိမ်း များကို ကျောက်ဖြူမြို့မှတစ်ဆင့် ပိုက်လိုင်းတည်ဆောက် သွယ်တန်းတင်ပို့နေသော စီမံကိန်းသည် တရုတ်အစိုးရ၏ မဟာဗျူဟာအကျိုးစီးပွား ဖြစ်သည်။ 

ထို့ပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ၏ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အတွက် မဟာဗျူဟာစီမံကိန်းဖြစ်ပြီး မကြာသေးခင်ကမှ စစ်ကောင်စီနှင့် နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုးထားသည်။ 

ရခိုင်ပြည်နယ်ကို လက်လွတ်ရမည့်အရေးနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာမွတ်စလင်များကို စစ်သင်တန်းပေးခြင်း၊ ကင်းစောင့်ခိုင်းခြင်းအပြင် ရှေ့တန်းစစ်မြေပြင်သို့ စေလွတ်ခြင်းတို့ပါ လုပ်ဆောင်နေသည်။

စစ်ကောင်စီလက်ခုပ်ထဲက မူစလင်ဒုက္ခသည်များ

ကျောက်တစ်လုံးဒုက္ခသည်စခန်းအတွင်း ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီ ၂၇ နံနက်က တွေ့ရစဉ် (ဓာတ်ပုံ – Arakan Princess Media)

၂၀၁၂ခုနှစ်က စတင်ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အခွင့်အလမ်းများ ပိတ်ဆို့ခံရကာ အနာဂတ်မရေရာသော ဒုက္ခသည်စခန်းများတွင် နေထိုင်ကြရသူ မွတ်စလင်များသည် စခန်းပြင်ပသို့ပင် လွတ်လွတ်လပ်လပ် သွားလာခွင့် ကန့်သတ်ခံထားရသဖြင့် စစ်တပ် ခိုင်းစေသမျှကို ငြင်းဆန်နိုင်သည့် နည်းလမ်း မရှိပေ။

စခန်းရှိ အမျိုးသား ၁၀၀ကျော်ကို ဖေဖော်ဝါရီ လကုန်ပိုင်းတွင် စစ်တပ်က အတင်းအကျပ် လာခေါ်ကာ  ‘ပြည်သူ့စစ်သင်တန်း’ ခေါင်းစဉ်ဖြင့် ၂ပတ်ကြာ စစ်သင်တန်းပေးခဲ့သည်။ 

သင်တန်းကာလအတွင်း တစ်ဦးလျှင် ကျည် ၅တောင့်သာ လက်တွေ့ပစ်ခတ်ခဲ့ရသည်ဟု သိရသည်။

မွတ်စလင်များကို သင်တန်းစပေးပြီး တစ်လခန့်အကြာမှာပင် လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်တပ်က လက်တွေ့ ခိုင်းစေနေပြီ ဖြစ်သည်။

“ဒီအထဲက ခေါ်သွားတဲ့အထဲမှာ တစ်ယောက်မှ စိတ်ပါလို့ သွားကြတာ မဟုတ်ဘူး။ တစ်ယောက်မှလည်း စိတ်ပါတာ မဟုတ်ဘူး။ ရှောင်လွဲလို့ မရလို့ မတတ်သာလို့သာပေါ့။ ကျွန်မတို့ဘဝက ဘောလုံးလို ဖြစ်နေတာလေ” ဟု ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ လုံခြုံရေးအရ အမည်မဖော်လိုသူ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးက ပြောသည်။

စစ်တပ်ခေါ်သွားသည့်အထဲ ၎င်း၏ မိသားစုဝင် ၃ ဦး ပါသွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လို သည့် ထိုအမျိုးသမီးက ဆိုသည်။

ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ မွတ်ဆလင် အမျိုသား ၁၀၀ကျော်ကို ဒုက္ခသည်စခန်း၏မြောက်ဘက် ၆ဖာလုံခန့်အကွာရှိ ကျောက်ဖြူအခြေစိုက် ခမရ ၅၄၂တပ်ရင်းအတွင်း ဖေဖော်ဝါရီ ၂၈ စတင်၍ စစ်သင်တန်း ပေးခဲ့သည်။ 

နှစ်ပတ်နီးပါးကြာ အတင်းအကျပ် စစ်သင်တန်းပို့ချပြီးနောက် မတ်လ ၁၁ ရက်တွင် သင်တန်းဆင်းပေး လိုက်သည်။ 

သင်တန်းဆင်းပွဲတွင် တစ်ဦးလျှင် ငွေ ၅သောင်းနှင့် စစ်ယူနီဖောင်းတစ်စုံ စစ်တပ်က ပေးခဲ့သည်။

ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်းတွင် နေထိုင်သူများသည် လွန်ခဲ့သော ၁၂နှစ်ခန့်က ဖြစ်ပွားခဲ့သည့် ဘာသာရေးပဋိပက္ခများ မတိုင်ခင်က ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များတွင် နေထိုင်ခဲ့သော မွတ်စလင်များ ဖြစ်ကြပြီး ထိုအထဲတွင် ကမန်တိုင်းရင်းသားများလည်း ပါဝင်သည်။ 

 မြို့တောင်ဘက်၊ ကျောက်တစ်လုံးဘုရားအနီးရှိ ကွင်းပြင်ထီးထီးပေါ်တွင် စစ်တပ်အစီအစဉ်ဖြင့် ဆောက်လုပ်ထားသော ကျောက်တစ်လုံးဒုက္ခသည်စခန်းတွင် အိမ်ခြေပေါင်း ၃၇၆လုံး ရှိသည်။

ဘာသာရေးမီးမွှေးနေသည့် စစ်ကောင်စီ 

 ရက္ခိုင့်တပ်တော် (AA) နှင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲအကြီးအကျယ် ဖြစ်နေသည့် စစ်ကောင်စီသည် မွတ်ဆလင်များကို စစ်သင်တန်းပေးပြီး ၎င်းတို့အင်အားအတွက် အသုံးချနေခြင်းမှာ AA ကို တခဲနက် ထောက်ခံကြသည့် ရခိုင်လူထုနှင့် မွတ်ဆလင်အသိုင်းအဝိုင်းအကြား ရန်တိုက်ပေးခြင်း ဖြစ်သည်ဟု ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။

“အရင်တုန်းက မွတ်ဆလင်တွေကို လူမျိုးသုဉ်း သတ်ဖြတ်နေတဲ့ စစ်တပ်က အခုကျ သူတို့ကို ထောက်ခံ ပြီးတော့ ULA/AA ကို တိုက်ခိုင်းတယ်ဆိုတာက သူတို့ရည်ရွယ်ချက်နဲ့ လုပ်ရပ်က ဆန့်ကျင်ဘက်ပဲ၊ ဘာမှ မဆိုင်ဘူး။ ကြက်လည်းမောစေ၊ ယာလည်းညှက်စေ ဆိုတဲ့ သဘောမျိုးပေါ့။ နှစ်ဖက်လုံးက ပဋိပက္ခ ဖြစ်လာရင် သူတို့(စစ်တပ်)က ကြားဝင်ပြီး ကောက်စားမှာပေါ့” ဟု ဦးဖေသန်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇ခုနှစ်အတွင်း စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ လူ သန်းနှင့်ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြရသည်။ ထိုသူများမှာ တစ်ဖက်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ဆယ်စုနှစ်တစ်ခုနီးပါး ကြာလာချိန်အထိ ဆင်းရဲဒုက္ခမျိုးစုံဖြင့် နေထိုင်နေကြရသည်။

လက်နက်ကိုင်အင်အား အရေးတကြီး လိုအပ်လာနေသည့် စစ်ကောင်စီတပ်က နိုင်ငံအနှံ့အပြားတွင် အရပ်သားများကို ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့များ ဖွဲ့စည်းလျက် ရှိသည်။ ရက်တိုစစ်သင်တန်းပေးပြီးနောက် လက်နက်တပ်ဆင်ပေးကာ စစ်သား၊ ရဲများနှင့်အတူ တာဝန်ထမ်းဆောင်စေသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်တွင်လည်း စစ်တပ်က ၎င်းတို့ ကာလရှည်ကြာ နှိပ်ကွပ်နေသည့် မွတ်စလင်များကိုပါ ပစ်မှတ်ထားကာ ထိုနည်းလမ်းသုံးလာခြင်း ဖြစ်သည်။

စစ်တပ်သမိုင်းတစ်လျှောက်တွင် မကြုံစဖူး အင်အားပြုန်းတီးမှုများနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီ တပ်သည် ယခုနှစ် ဖေဖော်ဝါရီ ၁၀တွင် ပြည်သူများ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းခဲ့သည်။

ယခုအခါ ၎င်းတို့ စိုးမိုးထားသည့် တိုင်းနှင့်ပြည်နယ်များအတွင်း အသက် ၁၈ မှ ၃၅ နှစ်အတွင်း အကျုံးဝင်သူများကို စာရင်းကောက်ယူခြင်း၊ မဲနှိုက်ခြင်းနှင့် ဆေးစစ်ခြင်းတို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည်။

ယခု ဧပြီလအတွင်း အရပ်သားများကို စစ်သင်တန်းအပတ်စဉ်(၁) စတင်ပို့ချမည်ဟု စစ်ကောင်စီထုတ် သတင်းစာများတွင် ဖော်ပြထားသည်။  

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းလိုက်သည့် စစ်တပ်က လမ်းပေါ်ထွက် ဆန္ဒပြသူတို့ကို ပစ်သတ်ရာမှ လက်နက်ကိုင် ခုခံမှု ပေါ်ပေါက်လာသည်။ ခုခံသူတို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းပြီး တိုက်ခိုက်နေသဖြင့် စစ်ကောင်စီတပ်သည် နိုင်ငံအနှံ့တွင် စစ်မျက်နှာဖွင့်ထားရသည်။

နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင်လည်း မြို့နယ်ပေါင်း ၁၇ ခု ရှိသည့်အနက် ရက္ခိုင့်တပ် (AA) က ၈ မြို့နယ်ကို သိမ်းပိုက်ထားနိုင်သည်။ AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသည့် ရခိုင်ပြည်နယ်မှ မြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ် တို့ကို သိမ်းပိုက်ထားသည်။

၂၀၀၉ ခုနှစ်က ကချင်ပြည်နယ်၊ လိုင်ဇာတွင် လူဆယ်ဂဏန်းဖြင့် စတင်ဖွဲ့စည်းခဲ့သည့် ရက္ခိုင့်တပ်တော် AA သည် ယခုအခါ အင်အားသောင်းချီ ရှိလာပြီး  ရခိုင်လူငယ်အများစုမှာ AA ထံ အမှုထမ်းနေကြသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ၎င်း၏ စစ်သည်များအား တွေ့ရစဉ် (ဓာတ်ပုံ – AA ပြန်ကြားရေးဌာန) 

ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရလက်ထက်အတွင်းကလည်း စစ်တပ်နှင့် ရက္ခိုင့်တပ် (AA) တို့အကြား ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ဖူးသည်။ ထိုစဉ် ကာလ NLD အစိုးရက AA ကို အပြစ်ဖို့ခဲ့သည်။

ထို့နောက် ၂၀၂၀ ရွေးကောက်ပွဲကာလတွင် AA နှင့် စစ်တပ်တို့အကြား အပစ်အခတ် ရပ်စဲခဲ့ကြသည်။

ထိုရွေးကောက်ပွဲကို အကြောင်းပြု၍ အာဏာသိမ်းခဲ့သည့် စစ်တပ်သည် အာဏာသိမ်းပြီး တစ်လကျော် အကြာ ၂၀၂၁ခုနှစ်၊ မတ် ၁၁တွင် ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ပယ်ဖျက်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် အထိနာနေသည့် စစ်ကောင်စီတပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ နှစ်ကုန်ပိုင်းက ပြုလုပ်သည့် ကာ/လုံအစည်းအဝေးတွင် ရက္ခိုင့်တပ် AA ကို ‘သစ္စာမရှိ’ ဟု အပြစ်ဖို့ ထားသည်။

Show More

Related Articles

Back to top button