သတင်း

ကျောက်ဖြူဒုက္ခသည်စခန်းက မွတ်စလင်လူငယ်များ အတင်းအဓမ္မ စစ်သင်တန်းပေးခံရပြီ

AA၏ ထိုးစစ်နှင့်အတူ စစ်မျက်နှာအများအပြားတွင် ခုခံနေရသော စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများမှ မွတ်စလင်လူငယ်များကိုပါ ပစ်မှတ်ထား၍ ၎င်းတို့လိုအပ်နေသော စစ်အင်အားကို ဖြည့်တင်းရန် ကြိုးပမ်းလာသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ မွတ်စလင်ဒုက္ခသည်စခန်းတစ်ခုမှ လူ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်ရင်းတစ်ခုအတွင်းသို့ အတင်းအကျပ် ခေါ်ဆောင်သွားပြီး ယမန်နေ့ (ဖေဖော်ဝါရီ ၂၈) က စတင်၍ စစ်သင်တန်းပို့ချနေကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။

ကျောက်ဖြူမြို့တောင်ဘက် ၃ မိုင်ခန့်အကွာရှိ ‘ကျောက်တစ်လုံး’ မွတ်ဆလင်ဒုက္ခသည်စခန်းရှိ အမျိုးသားဦးရေ ၁၂၀ ခန့်ကို ကျောက်ဖြူမြို့အခြေစိုက် အမှတ် (၅၄၂) ခြေမြန်တပ်ရင်းအတွင်း ယမန်နေ့က “ပြည်သူ့စစ်သင်တန်း” အမည်ဖြင့် ရက်သတ္တပတ်နှစ်ပတ်ကြာ စတင်သင်ကြားနေကြောင်း ရခိုင်ပြည်နယ်ရှိ လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။

လူဦးရေ တစ်ထောင်ကျော်နေထိုင်သော ကျောက်တစ်လုံးဒုက္ခသည်စခန်းသို့ ယမန်နေ့ နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး နာရီပိုင်းအတွင်း အမျိုးသားဦးရေ ၁၀၀ ကျော်ကို စစ်ကား ၃ စီးဖြင့် ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒုက္ခသည်စခန်းတွင် နေထိုင်သူများက ပြောကြသည်။

“(ဒုက္ခသည်စခန်းဝင်ပေါက်က) ခန်းမမှာ အစည်းအဝေးလုပ်ပြီးတော့ ‘ခင်ဗျားတို့က ကိုယ့်တိုင်းပြည်ကို ကိုယ်ပဲ ကာကွယ်ရမှာ၊ ဒါကြောင့် ခင်ဗျားတို့ကို သင်တန်းပေးမလို့’ လို့ ပြောတယ်။ မနက် ၁၀ နာရီလောက် မှာ ကား ၃ စီးနဲ့ အကုန်လုံးကို ခေါ်သွားတာ” ဟု ထိုစခန်းတွင် နေထိုင်သည့် အသက် ၅၀ ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

‘တိုင်းပြည်ကာကွယ်ရန်’ ဆိုသည့် အကြောင်းပြချက်ဖြင့် မွတ်စလင်များကို စစ်သင်တန်းတက်ရန် လာခေါ်သူ စစ်တပ်အရာရှိ၏ အမည်နှင့် ရာထူးကို ထိုအမျိုးသမီးက မသိရှိပေ။ 

စစ်သင်တန်းပေးရန် ခေါ်ဆောင်ခံရသူများမှာ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား မွတ်စလင်လူငယ် အများစုဖြစ်ပြီး ထိုအထဲတွင် အသက် ၅၀ကျော်အရွယ် အမျိုးသားတချို့လည်း ပါဝင်သည်ဟု သိရသည်။

စစ်သင်တန်းသည် ၂ ပတ်ခန့် ကြာမြင့်မည်ဖြစ်ပြီး ထိုအတောအတွင်း စစ်ကောင်စီတပ်က အကြိုအပို့ လုပ်ပေးရန် စီစဉ်ထားသည်ဟု သိရသည်။

မွတ်စလင်များကို စစ်သင်တန်းပေးသည့် ခမရ (၅၄၂) သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ခံ တောင်ကုတ်အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတစ်ခု ဖြစ်သည်။

ကျောက်တစ်လုံးစခန်းအတွင်း ဝင်ရောက်လာသော နပခမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီ ၂၇ နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ- Arakna Princess Media)

“ညနေ ၄ နာရီခွဲ လာပို့မယ်လို့တော့ ပြောသွားတယ်။ မနက်သွား၊ ညနေပြန်ပေါ့။ သင်တန်းက ၂ ပတ်လို့ ပြောတယ်” ဟု ကျောက်တစ်လုံးစခန်းတွင် နေထိုင်သူ အထက်ပါ အမျိုးသမီးက ဆိုသည်။

လက်နက်ကိုင်အင်အား အရေးတကြီး လိုအပ်လာနေသည့် စစ်ကောင်စီတပ်က နိုင်ငံအနှံ့အပြားတွင် အရပ်သားများကို ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့များ ဖွဲ့စည်းကာ လက်နက်တပ်ဆင်ပေးပြီး စစ်သား၊ ရဲတို့နှင့်အတူ တာဝန်ထမ်းဆောင်စေသည်ကို တွေ့ရသည်။

ထိုသို့သော နည်းလမ်းကို စစ်တပ်က ဒေသခံများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်၊ နေအိမ်များကို မီးရှို့ခဲ့သည့် ရခိုင်ပြည်နယ်တွင် ကျင့်သုံးလာခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်က စတင်ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် အနာဂတ်မရေရာလှသော ဒုက္ခသည်စခန်းများအတွင်း နေထိုင်နေကြရသူ မွတ်စလင်များသည် စခန်းပြင်ပသို့ လွတ်လွတ်လပ်လပ်သွားလာခွင့် ကန့်သတ်ခံထားရသဖြင့် စစ်ကောင်စီပို့ချမည့် စစ်သင်တန်းကို ရှောင်လွှဲနိုင်မည့် နည်းလမ်းများစွာ မရှိပေ။

ကျောက်တစ်လုံးဒုက္ခသည်စခန်းတွင် နေထိုင်သူ မွတ်စလင်လူငယ်တစ်ဦးနှင့် Myanmar Now က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စကားပြောခွင့်ရခဲ့ပြီး ထိုလူငယ်အပါအဝင် ၎င်း၏ သူငယ်ချင်းများမှာလည်း အာဏာသိမ်းစစ်တပ်၏ စစ်သင်တန်းကို မတက်လိုကြောင်း ပြောသည်။

“သူတို့ (စစ်တပ်က) ကျွန်တော်တို့ကို အသုံးချမှာပေါ့။ ကျွန်တော်က ကိုယ့်ဟာကို ရှာစားပြီးတော့ အေးအေးဆေးဆေးပဲ နေချင်တာ” ဟု မောင်ရန်ကင်းဟု သူ့ကိုယ်သူမိတ်ဆက်သည့် အသက် ၂၄ နှစ်အရွယ်ရှိ ကလေးနှစ်ဦး၏ ဖခင်က ဆိုသည်။

ရဲ၊ စစ်တပ်နှင့် စရဖ ပူးပေါင်းတပ်ဖွဲ့သည် ဖေဖော်ဝါရီ တတိယပတ်အတွင်းက ‘ကျောက်တစ်လုံး’ ဒုက္ခသည်စခန်းသို့ ဆက်တိုက်သွားရောက်ပြီး လူဦးရေစာရင်း ကောက်ယူကာ စခန်းတွင် နေထိုင်သူ အမျိုးသားလူငယ်များ စစ်သင်တန်းတက်ရမည်ဟု စတင်စည်းရုံးခဲ့သည်။

ထိုအခြေအနေတွင် စစ်ကောင်စီထံ စစ်မှုမထမ်းလိုသည့် မွတ်စလင်လူငယ် ဒါဇင်နှင့်ချီကာ ငါးရှာထွက်သည့်ပုံစံ ဟန်ဆောင်ပြီး စခန်းမှ အလျှိုလျှို ထွက်ပြေးခဲ့ကြသည်။ ထွက်ပြေးကြသူ လူငယ်များမှာ လက်ရှိတွင် ရက္ခိုင့်တပ်တော် (AA) ထံ ခိုလှုံနေသည်ဟု သိရသည်။

ထွက်ပြေးသွားသူ လူငယ်များ၏ ဒုက္ခသည်စခန်းတွင် ကျန်ရစ်သော မိသားစုဝင်တချို့ကိုလည်း စစ်ကောင်စီတပ်က  ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံထားရသူများမှာ ထွက်ပြေးသွားသော လူငယ်များ၏ ဇနီးသည် ၂ ဦး၊ လသားအရွယ်အပါအဝင် ကလေးငယ် ၂ ဦး၊ လေဖြတ်နေသော အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်သည်။

ဖမ်းဆီးခံထားရသူများထဲတွင် လွတ်လပ်သောအာရှအသံ (RFA) သတင်းဌာနနှင့် စကားပြောခဲ့သူ ကိုကိုအောင် အမည်ရှိ အမျိုးသားတစ်ဦးလည်း ပါဝင်ပြီး ၎င်းတို့အားလုံးကို ကျောက်ဖြူမြို့နယ်ရဲစခန်းတွင် ဖမ်းဆီးထားသည်ဟု သိရသည်။

“မွတ်စလင်တွေ အခုကြုံနေရတဲ့ အခြေအနေကို တအားသနားတယ်၊ သူတို့မှာ ကျွန်တော်တို့လို ရွေးချယ်စရာ များများစားစား မရှိဘူး” ဟု ကျောက်ဖြူမြို့ပေါ်တွင် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ၊ အသက် ၄၀ ခန့်အရွယ် ရခိုင်တိုင်းရင်းသားတစ်ဦးက ပြောသည်။

မြို့တောင်ဘက်၊ ကျောက်တစ်လုံးဘုရားအနီးရှိ ကွင်းပြင်ထီးထီးပေါ်တွင် ဆောက်လုပ်ထားသော ကျောက်တစ်လုံးဒုက္ခသည်စခန်းတွင် အိမ်ခြေပေါင်း ၃၇၆ လုံး ရှိပြီး၊ အသက် ၁၈ မှ ၃၅ နှစ်အကြား လူဦးရေ ၁၆၀ ခန့် ရှိသည်။

ကျောက်ဖြူမြို့၊ ‘ကျောက်တစ်လုံး’ မွတ်ဆလင်ဒုက္ခသည်စခန်း (ဓာတ်ပုံ – Google Earth)

ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ မွတ်စလင်များသည် ကျောက်ဖြူမြို့ပေါ် ရပ်ကွက်များဖြစ်သော အရာရှိ၊ ပိုက်သည်၊ သမ္မာန်ချောင်း၊  ပြင်ဖြူမော်ရပ်ကွက်တို့တွင် နေထိုင်ခဲ့သူများ ဖြစ်ကြသည်။

၎င်းတို့မှာ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခများကြောင့် အိုးအိမ်များ ပျက်စီးခဲ့ရပြီးနောက် ကျောက်တစ်လုံးဒုက္ခသည်စခန်းတွင် ခိုလှုံနေကြရသူ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်ဟု ကျောက်ဖြူမြို့နယ်ရှိ လွှတ်တော်အမတ်ဟောင်းတစ်ဦးက ဆိုသည်။

စခန်းတွင် နေထိုင်သူ အနည်းဆုံး ၅ ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် အများစုမှာ ကြောက်ရွံ့နေကြပြီး လက်ရှိဖြစ်ပျက်နေသည့် အခြေအနေအသေးစိတ်ပြောပြရန် မဝံ့မရဲ ဖြစ်နေကြသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်က စခန်းအတွင်းနေထိုင်သူများ၏ တယ်လီဖုန်းများကိုပါ သိမ်းပစ်မည်ဟု ခြိမ်းခြောက်ထားကြောင်း အမျိုးသမီးတစ်ဦးက ဆိုသည်။

၂ ပတ်ကြာ စစ်သင်တန်းပြီးလျှင် မွတ်စလင်လူငယ်များ ကိုယ်တိုင်စစ်တိုက်ရမည်မဟုတ်သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ကင်းလှည့်ရမည်ဟု စစ်တပ်အရာရှိကြီးတစ်ဦးက ပြောဆိုထားကြောင်း ကျောက်တစ်လုံးစခန်းတွင် နေထိုင်သူ ရပ်မိရပ်ဖတစ်ဦးက Myanmar Now ကို တနင်္လာနေ့က ပြောထားသည်။

စစ်ကောင်စီ၏ အထက်ပါ အစီအစဉ်သည် ရခိုင်နှင့် မွတ်စလင်များအကြား ရန်တိုက်ပေးမည့်၊ ပဋိပက္ခဖန်တီးမည့် အခြေအနေသာဖြစ်သည်ဟု အသက် ၇၀ ခန့်အရွယ်ရှိ ရပ်မိရပ်ဖ အမျိုးသားက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ယခုလကစတင်ပြီး မွတ်စလင်များကို ပစ်မှတ်ထားကာ စစ်ကောင်စီက စစ်မှုထမ်းရန် အတင်းအကျပ် ဖိအားပေးနေသည်။ စစ်တွေ၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရိုဟင်ဂျာ ရာဂဏန်းခန့်ကိုလည်း စစ်မှုထမ်းရန် စစ်ကောင်စီက ဖမ်းဆီးထားကြောင်း မွတ်စလင်အသိုင်းအဝိုင်းနှင့် ဒေသတွင်းသတင်းဌာနများတွင် ပြောဆို၊ ရေးသားနေကြသည်။

ရခိုင်ပြည်နယ်ကို လက်လွှတ်ရမည့်အရေးနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီက ရိုဟင်ဂျာအများအပြားကို လိုက်လံဖမ်းဆီးနေပြီး၊ ထိုလုပ်ရပ်သည် လူမျိုးစု တစ်ခုနှင့်တစ်ခုကြား သွေးကွဲအောင် ဖန်တီးနေခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီးက ပြောသည်။

“ပြေးလမ်းမရှိလို့ စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းတဲ့အထဲ အဖမ်းခံလိုက်ရတဲ့ ရိုဟင်ဂျာတွေ ရှိနေတယ်။ နောက်လည်း ရှိလာနိုင်တယ်။ ဒီလို ရုန်းထွက်မရတဲ့ အခြေအနေတွေ ကြုံနေရတဲ့ ရိုဟင်ဂျာတွေကို အခြားသော အင်အားစုတွေက မလိုမုန်းထားမယ်၊ ပြစ်တင်ရန်ရှာမယ်ဆိုရင် စစ်ကောင်စီ ကြိုတင်ကြံစည်ထားတဲ့ အကွက်ထဲကို ဝင်ရမယ်ဆိုတာကို နားလည်ဖို့လိုမယ်” ဟု မွတ်စလင်တစ်ဦးလည်းဖြစ်သည့် NUG ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ဆိုသည်။

“စစ်ကောင်စီက လူမျိုးအုပ်စုတွေကြား မယုံကြည်မှုတွေဖြစ်ပြီး အချင်းချင်း ပဋိပက္ခဖြစ်မှ သူအဆင်ပြေမှာ၊ ဖြစ်အောင်ကို လုပ်မှာ။ ဒါကြောင့် အမြော်အမြင်ကြီးကြီးနဲ့ တုံ့ပြန်ပါလို့ သတင်းစကားပါးချင်ပါတယ်”

မွတ်စလင်များကို ပစ်မှတ်ထားနေသည့် စစ်ကောင်စီက တစ်ဖက်တွင်လည်း ရခိုင်တိုင်းရင်းသားလူငယ်များကို ပြည်နယ်အတွင်းသို့ ဝင်ရောက်ခွင့်၊ ပြည်နယ်ပြင်ပ ထွက်ခွာခွင့်ကို ကန့်သတ်၊ ပိတ်ပင်ထားသည်။

ဖေဖော်ဝါရီ တတိယပတ်အတွင်းက ရန်ကုန်မြို့မှ ပြန်လာသော ရာနှင့်ချီသည့် ရခိုင်လူငယ်များကို စစ်တွေ၊ ကျောက်ဖြူလေဆိပ်များအရောက်တွင် စစ်ကောင်စီတပ်က စောင့်ဖမ်းဆီးခဲ့သည်။

နောက်ဆက်တွဲအနေဖြင့် ရခိုင်ပြန်မည့် လူငယ်များကို ရန်ကုန်လေဆိပ်နှင့် ရန်ကုန်အဝေးပြေးကားဂိတ်များအထိ စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေသည်။

ရန်ကုန်မြို့မှ ပြန်လာစဉ် ကျောက်ဖြူလေဆိပ်တွင် ဖမ်းဆီးခံခဲ့ရပြီး၊ လက်ရှိ ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမတွင် ထိန်းသိမ်းခံထားရသူ ရခိုင်လူငယ် ၁၀၀ ကျော်ကို စစ်ကောင်စီက ရန်ကုန်သို့ ပြန်ပို့ရန် စီစဉ်နေသည်၊ လူငယ်များကို လမ်းစရိတ် ရှာခိုင်းထားသည်ဟု သိရှိရသည်။

စစ်ကောင်စီတပ်၏ ရည်ရွယ်ချက်မှာ ရက္ခိုင့်တပ်တော် AA နှင့် ရခိုင်လူငယ်များ မပူးပေါင်းရေး ဖြစ်သည်။ ဒေသခံ ရခိုင်လူငယ်အများအပြားမှာမူ အင်အား ၃၀,၀၀၀ ကျော်ရှိသော AA တပ်ထဲတွင် စစ်မှုထမ်းနေကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက စတင်ပြီး ရခိုင်ပြည်နယ်တွင် AA က စစ်ကောင်စီကို ထိုးစစ်ဆင်နေရာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး AA က စစ်ရေးအသာစီး ရထားသည်။

ချင်းပြည်နယ်၊ ပလက်ဝ အပါအဝင် ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ တောင်ပြိုမြို့များကို AA က သိမ်းပိုက်ထားပြီး ပြည်နယ်မြို့တော် စစ်တွေအထိ ထိုးစစ်ဆင်လာမည့် အခြေအနေတွင် ရှိနေသည်။

၂၀၂၁ တွင် အာဏာသိမ်းလိုက်သည့် စစ်တပ်က လမ်းပေါ်ထွက် ဆန္ဒပြသူတို့ကို ပစ်သတ်ရာမှာ လက်နက်ကိုင် ခုခံမှု ပေါ်ပေါက်လာသည်။ ခုခံသူတို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းပြီး တိုက်ခိုက်နေသဖြင့် စစ်ကောင်စီတပ်သည် နိုင်ငံအနှံ့တွင် စစ်မျက်နှာဖွင့်ထားရသည်။

ဆက်စပ်သတင်း

Show More

Related Articles

Back to top button