ဖေဖော်ဝါရီ ၁၈ ညနေပိုင်းတွင် မြန်မာအမျိုးသားလေကြောင်းဖြင့် လိုက်ပါလာသူ ရခိုင်လူငယ် ၆၆ ဦး စတင်အဖမ်းခံရပြီးနောက် နောက်တစ်နေ့ နံနက်တွင် မင်္ဂလာလေကြောင်းလိုင်းဖြင့် လိုက်ပါလာသူ ၂၆ ဦး၊ မွန်းလွဲပိုင်းတွင် ၄၀ ဦးနှင့် ယနေ့ (ဖေဖော်ဝါရီ ၂၀) တွင် မင်္ဂလာလေကြောင်းလိုင်းဖြင့် လိုက်ပါလာသူ ၁၅ ဦး ထပ်အဖမ်းခံရသည်ဟု သိရသည်။
ကျောက်ဖြူလေဆိပ်တွင် စစ်ကောင်စီတပ်က စစ်ကားများဖြင့် အသင့်စောင့်ဆိုင်းနေပြီး လေယာဉ်ပေါ်မှ ဆင်းလာသည့် လူငယ်များကို ချက်ချင်းဖမ်းဆီးကာ မြို့ပေါ်ရှိ ရမ္မာဝတီခန်းမသို့ ပို့ဆောင်ခဲ့သည်ဟု ရခိုင်ပြည်နယ်၊ လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သည့်သတင်းရင်းမြစ်နှင့် မြိုခံတစ်ဦးတို့က ဆိုသည်။
ယနေ့မွန်းလွဲပိုင်းအထိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများနှင့်နီးစပ်သူ ၈ ဦးကိုသာ စစ်တပ်က ပြန်လွှတ်ပေးပြီး ကျန်လူငယ် ၁၀၀ ကျော်မှာ ဆက်လက်ဖမ်းဆီးထားသည်ဟု နီးစပ်သူတစ်ဦးက အတည် ပြုသည်။
ယနေ့ နံနက်ပိုင်းတွင် ကျောက်ဖြူလေဆိပ်အရောက် အဖမ်းခံရသူများမှာ မင်္ဂလာလေကြောင်းလိုင်း ခရီးစဉ်အမှတ် XY-AMF-K7-1403 ဖြင့် ရန်ကုန်မြို့မှ လိုက်ပါလာသည့် ရခိုင်လူငယ် အမျိုးသား ၉ဦး၊ အမျိုးသမီး ၆ဦး ဖြစ်သည်ဟု သိရသည်။
စစ်တပ်က ဖမ်းထားသူများအနက် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟူသော စွပ်စွဲချက်ဖြင့် အသက် ၂၄ နှစ်ခန့်အရွယ် ကိုနေဇော်မင်းဆိုသူကို ကျောက်ဖြူမြို့အခြေစိုက် အမှတ် (၃၄) ခြေမြန် တပ်ရင်း(ခလရ-၃၄) သို့ ယမန်နေ့တွင် ညနေပိုင်းက ပို့ဆောင်လိုက်သည်ဟု ရခိုင်ပြည်နယ်ရှိ လုံခြုံရေး အသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးနှင့် မြိုခံတစ်ဦးထံမှ သိရသည်။
“အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်မူရင်း၊ နောက်ပြီးတော့ ဒီဒေသခံ ဟုတ်မဟုတ် စစ်ဆေးတယ်။ နောက် ပြီးတော့ ဖုန်းတွေကို အကုန်စစ်လိုက်တော့ ဥပမာ – AA နဲ့ ဖြစ်ဖြစ်၊ PDF နဲ့ဖြစ်ဖြစ် အမှတ်အသားတစ်ခုခု ပါတယ်ဆိုရင် သူတို့ကို လက်ထိပ်ခတ်ထားတဲ့အဆင့်တောင်ရှိတယ်” ဟု အသက် ၄၀ ကျော်အရွယ် ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ခလရ ၃၄ သို့ အပို့ခံရသည့် ထိုလူငယ်၏ နောက်ဆက်တွဲအခြေအနေကို မသိရသေးသော်လည်း ၎င်းမှာ ရမ်းဗြဲမြို့နယ်၊ ကြိမ်တန်းချောင်ရွာ ဇာတိဖြစ်ပြီး ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ပြန်လာသူဖြစ် သည်ဟု သိရသည်။
ဖမ်းဆီးခံထားရသူများတွင် ကျောက်ဖြူမြို့နယ်၊ မင်းပြင်ရွာမှ အသက် ၂၀ ကျော်အရွယ် အမျိုးသမီး ၂ ဦးလည်း ပါဝင်သည်ဟု စုံစမ်းသိရှိရသည်။ ထိုအမျိုးငယ် ၂ ဦး၏ အမည်ကို စစ်ကောင်စီရန်ကြောင့် မဖော်ပြရန် မိသားစုက မေတ္တာရပ်ခံသည်။
ရန်ကုန်မြို့ရှိ အမျိုးသမီးသီးသန့် အလှပြင်ဆိုင်တစ်ခုတွင် အလုပ်လုပ်နေသည့် အသက် ၂၁ နှစ်အရွယ် မင်းပြင်ရွာသူတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့မှ လေကြောင်းဖြင့် ပြန်လာစဉ် ဖမ်းဆီးခံရသည်ဟု သိရသည်။
“အခုထိ လွှတ်ပေးမယ်၊ မလွှတ်ပေးဘူးဆိုတာ အတိအကျတော့ မသိရသေးပါဘူး။ စိတ်ပူတာပဲသိတယ်။ အမြန်ပြန်လာစေချင်တယ်” ဟု ဖမ်းဆီးခံထားရသည့် မင်းပြာရွာသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။
မင်းပြာရွာနှင့် ကျောက်ဖြူမြို့သည် ၁၅ မိုင်ခန့်သာ ကွာဝေးသော်လည်း မိသားစုဝင်များမှာ စစ်ကောင်စီ တပ်ရန်ကြောင့် ကျောက်ဖြူမြို့သို့ မသွားရဲကြဘဲ မြို့ပေါ်ရှိ ဆွေမျိုးများမှတစ်ဆင့် သမီးဖြစ်သူ၏ အခြေအနေကို စုံစမ်းနေရသည်။
ရခိုင်လူငယ်များကို ဖမ်းဆီးထိန်းသိမ်းထားသည့် ကျောက်ဖြူမြို့ ရမ္မာဝတီခန်းမပတ်လည်တွင် စစ်သား ၂၀ ခန့် လုံခြုံရေးယူထားပြီး ခန်းမရှေ့တွင် စစ်ကားတစ်စီး ရပ်ထားကြောင်း မြို့ခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း သံတွဲ၊ စစ်တွေနှင့် ကျောက်ဖြူမြို့တို့တွင်သာ လေဆိပ်ရှိသည်။ စစ်တွေလေဆိပ် တွင်လည်း ရန်ကုန်မြို့မှပြန်လာသည့် ရခိုင်ဒေသခံ ရာဂဏန်းခန့် ယမန်နေ့က ဖမ်းဆီးခံရသည်ဟု ရခိုင် ဒေသအခြေစိုက် သတင်းဌာနအချို့က ရေးသားဖော်ပြသည်။
ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် ရခိုင်ဒေသခံလူငယ်များ မိမိတို့ ဇာတိသို့ အစုလိုက်အပြုံလိုက် ပြန်နေ ကြခြင်းမှာ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၅တွင် အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေ ကြောင့်ဟု ယူဆရသည်။
စစ်မှုထမ်းဥပဒေကြောင့် ရန်ကုန်ရောက် ရခိုင်လူငယ်အများစုမှာ မိမိနေရပ်သို့ ပြန်လိုကြသည်ဟု လှိုင် သာယာမြို့နယ်မှ အငှားယာဉ်မောင်း ရခိုင်အမျိုးသားတစ်ဦးက Myanmar Now ကို ပြောဆိုထားသည်။
အာဏာသိမ်းစစ်တပ်၏ စစ်မှုထမ်းဥပဒေကြောင့် နေရပ်ပြန်လိုသည့် ရခိုင်လူငယ်များအတွက် ရခိုင်စစ်ပွဲကလည်း အသင့်ဆီးကြိုနေသည်။
၁၀၂၇ စစ်ဆင်ရေးအဖြစ် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၃တွင် နိုင်ငံအနောက်ပိုင်း၊ ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲများ ပြင်းထန်နေပြီး ရက္ခိုင့်တပ် AA က စစ်ရေးအသာစီး ရထားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင် မြေပုံမြို့တို့ကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်၊ ထိန်းချုပ်ထားပြီး ပြည်နယ်မြို့တော် စစ်တွေ အပါအဝင် မောင်တော၊ ရသေ့တောင် စသည့် မြို့များကိုလည်း ဆက်လက် ထိုးစစ်ဆင်နေသည်။