သတင်း

စစ်မှုမထမ်းလို၍ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာလူငယ်တချို့ ထွက်ပြေး

ရိုဟင်ဂျာလူငယ် ၂၀ ကျော် ထွက်ပြေးပြီးနောက် ဒုက္ခသည်စခန်းတွင် ကျန်ရစ်သည့် မိသားစုဝင်များကို ခွေးလို မောင်းထုတ်မည်ဟု အာဏာသိမ်းစစ်တပ်က ရာဇသံပေးထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်ဖြူမြို့နယ် ဒုက္ခသည်စခန်းတစ်ခုတွင် အာဏာသိမ်းစစ်တပ်က စစ်ပညာသင်ကြားပေးရန် လူစာရင်းကောက်ယူခြင်း၊ စစ်သင်တန်းကို တက်သုတ်ရိုက် စီစဉ်နေခြင်းတို့ကြောင့် ရိုဟင်ဂျာလူငယ် ဒါဇင်နဲ့ချီပြီး စခန်းမှ ထွက်ပြေးခဲ့ကြသည်။

မြို့တောင်ဘက် ၃ မိုင်ခန့်အကွာရှိ လူဦးရေတစ်ထောင်ကျော်နေထိုင်သော ‘ကျောက်တစ်လုံး’ ဒုက္ခသည်စခန်းသို့ စစ်ကောင်စီလက်အောက်ခံ စစ်တပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကျောက်တစ်လုံးစခန်းဝင်ပေါက်ရှိ ခန်းမတွင် စခန်းအုပ်ချုပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ စာရင်းကောက်ယူခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဖေဖော်ဝါရီ ၂၂၊ ၂၃ တွင် စခန်းသို့ ဆက်တိုက်လာရောက်ပြီး အသက် ၁၈ မှ ၃၅ နှစ်အတွင်း အကျုံးဝင်သူအားလုံး စစ်မှုထမ်းရမည်၊ စစ်သင်တန်း ၂ ပတ် ပို့ချမည်ဟု စစ်အောက်ခံလက်အောက်ခံအဖွဲ့က ဖိအားပေးပြောဆိုခဲ့ကြောင်း Myanmar Now က စကားပြောခွင့်ရသည့် ရပ်မိရပ်ဖများ အပါအဝင် စခန်းတွင် နေထိုင်သူ ၅ ဦးက အတည်ပြုသည်။

“ကျွန်မတို့က တင်ပြတယ်။ ကျောက်ဖြူမြို့မှာ ကျွန်မတို့ စခန်းတစ်ခုတည်းကိုပဲ ခေါ်တာလား၊ ဒီမှာ ကျေးရွာတွေ ရှိတယ်၊ မြို့ပေါ်ရပ်ကွက်တွေ ရှိတယ်၊ သူတို့တွေပါ ခေါ်လို့ အဲ့လိုပြောတယ်” ဟု ထိုစခန်းတွင် နေထိုင်သူ အသက် ၅၀ အရွယ် အမျိုးသမီးက ဆိုသည်။

“သူတို့က ဘယ်လိုပြောလဲ ဆိုတော့ အဲ့ဒီရခိုင်တွေကို စိတ်မချဘူး၊ သူတို့နောက်ကျောကို ဓားနဲ့ထိုးမှာလို့ ပြောတယ်။ ဒီစခန်းထဲကလူ (ရိုဟင်ဂျာ) တွေက ‌ကျွန်တော်တို့ရဲ့ သွေးချင်းသားချင်း၊ ညီအစ်ကိုမောင်နှမ ဆိုပြီး အဲ့ဒီလို ပျားရည်နဲ့ ဝမ်းချတယ်”

ရိုဟင်ဂျာများမှာ ၎င်းတို့၏ သွေးသားရင်းများဖြစ်သည်ဟု ပြောဆိုသူမှာ ကျောက်ဖြူမြို့၊ ခလရ ၃၄ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးဆွေလတ် ဖြစ်သည်ဟု သူက ဆိုသည်။

စစ်တွေမြို့အနီး သက်ကယ်ပြင်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာများနှင့် လုံခြုံရေးရဲများကို ၂၀၁၈ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – EPA)

စခန်းသို့ ရောက်လာပြီး စည်းရုံးသူများထဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်ကြီး ဟန်သူအောင်လည်း ပါဝင်သည်ဟု သိရသည်။

စစ်ပညာကို ဒုက္ခသည်စခန်းအတွင်း စာတွေ့ ၂ ရက်ခန့် သင်ကြားမည်၊ ထို့နောက် စစ်တပ်ဧရိယာအတွင်း လက်တွေ့  သင်ပေးပြီး နေထိုင်စားသောက်စရိတ်အားလုံး တာဝန်ယူမည်ဖြစ်ကြောင်း တပ်ရင်းမှူးက ဒုက္ခသည်စခန်းအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်မိရပ်ဖများကို ရှင်းပြခဲ့သည်ဟု ဆိုသည်။

၂ ပတ်ကြာ စစ်သင်တန်းပြီးလျှင် ရိုဟင်ဂျာများ ကိုယ်တိုင်စစ်တိုက်ရမည်မဟုတ်သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ကင်းလှည့်ရမည်ဟု တပ်ရင်းမှူးက ပြောဆိုခဲ့ကြောင်း သိရသည်။

သို့သော် စစ်တပ်၏ ကမ်းလှမ်းချက်မှာ ရခိုင်နှင့် ရိုဟင်ဂျာများကို ရန်တိုက်ပေးမည့်၊ လူမျိုးရေးပဋိပက္ခဖန်တီးမည့် အစီအစဉ်သာဖြစ်သည်ဟု ဒုက္ခသည်စခန်းရှိ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ကို ရခိုင်တွေနဲ့ မတည့်အောင် အသုံးချမှာပေါ့။ စစ်မတိုက်ခိုင်းတောင် ပြမှာပေါ့၊ ငါတို့နောက်မှာ ကုလားတွေရှိတယ်ဆိုပြီး” ဟု အသက် ၇၀ခန့်အရွယ် ရပ်မိရပ်ဖ မွတ်ဆလင်အမျိုးသားက ဆိုသည်။

အိမ်ခြေပေါင်း ၃၇၆ အိမ်ရှိသည့် ကျောက်တစ်လုံးဒုက္ခသည်စခန်းတွင် အသက် ၁၈ မှ ၃၅ နှစ်အတွင်း အကျုံးဝင်သူ လူဦးရေ ၁၆၀ ကျော်ရှိသည်။

ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ မွတ်ဆလင်များသည် ကျောက်ဖြူမြို့ပေါ် ရပ်ကွက်များဖြစ်သော အရာရှိ၊ ပိုက်သည်၊ သမ္မာန်ချောင်း၊  ပြင်ဖြူမော်ရပ်ကွက်တို့တွင် နေထိုင်ခဲ့သူများ ဖြစ်ကြသည်။

၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်း အိုးအိမ်များ ပျက်စီးခဲ့ရပြီးနောက် ကျောက်တစ်လုံးဒုက္ခသည်စခန်းတွင် ခိုလှုံနေကြရခြင်းဖြစ်သည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းလိုသည့် ရိုဟင်ဂျာလူငယ်များမှာ ပြီးခဲ့သည့် သောကြာနေ့ကစပြီး ထိုစခန်းမှ ခဲရာခဲဆစ် ထွက်ပြေးခဲ့ကြကြောင်း၊ ယနေ့ (ဖေဖော်ဝါရီ ၂၆) အထိ ထွက်ပြေးသွားသူ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၂၁ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၂၅) တွင် စစ်ကောင်စီလက်အောက်ခံ စစ်တပ်နှင့် အုပ်ချုပ်ရေးအဖွဲ့ စခန်းသို့ ရောက်ရှိလာပြီး ထွက်ပြေးသွားသူများ၏ စာရင်းကို ကောက်ယူပြန်သည်။

ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက ထွက်ပြေးသွားသူတို့၏ မိသားစုဝင်များကိုလည်း စခန်းမှ ၂ ရက်အတွင်း ထွက်ခွာကြရန် နှုတ်မိန့်ဖြင့် ညွှန်ကြားထားသည်ဟု ရိုဟင်ဂျာလူငယ်တစ်ဦး၏ မိခင်က ပြောပြသည်။

“ငါတို့က ဘာမှ ကိုယ်ချင်းစာစရာ အကြောင်းမရှိဘူးတဲ့။ မင်းတို့မျက်နှာကို အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၇) မှာ လုံးဝ မမြင်ချင်ဘူး တဲ့။ နင်တို့အကုန်လုံး ထွက်သွားတဲ့၊ မဟုတ်ရင် နင်တို့ကို ခွေးမောင်းသလို မောင်းထုတ်မှ ငါတို့ကို အပြစ်မဆိုနဲ့တဲ့” ဟု   သူက ဆိုသည်။

သမက် ၂ ဦး၊ သမီး ၁ ဦးနှင့် မြေး ၁ ဦးတို့ စစ်မှုမထမ်းလို၍ ထွက်ပြေးသွားသဖြင့် စခန်းမှ ထွက်ခွာရန် ဖိအားပေးခံထားရသူ အသက် ၆၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးကလည်း ၎င်းတို့တွင် ရွေးချယ်စရာလမ်းမရှိဟု ဆိုသည်။

“အခု ကျွန်မတို့ကို နှင်ထုတ်နေတယ်။ ကျွန်မတို့မှာ သွားစရာနေရာတစ်ခုမှလည်း မရှိဘူး။ ဒါကြောင့် (စခန်းက) မထွက်ဘူးလို့ တောင်းပန်မယ်လို့ စဉ်းစားထားတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။

ဒုက္ခသည်စခန်းမှ ထွက်ပြေးသွားသူ ရိုဟင်ဂျာလူငယ်များကို ရက္ခိုင့်တပ်တော် (AA) က စောင့်ရှောက်ထားကြောင်း စုံစမ်းသိရှိရသည်။ အသေးစိတ်သိနိုင်ရန် AA ပြောခွင့်ရ ဦးခိုင်သုခကို Myanmar Now က စာဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၅ တွင် အသက်သွင်းလိုက်သည့် စစ်မှုမထမ်းမနေရဥပဒေကြောင့် နိုင်ငံတစ်ဝန်းရှိ လူငယ်များသာမက မိဘများပါ ပူပန်နေကြရသည်။

လူငယ်များ စစ်မှုထမ်းရမည့် အစီအစဉ်ကို ယခုနှစ် ဧပြီလတွင် စတင်အကောင်အထည်ဖော်မည်၊ ပထမအသုတ်အနေဖြင့် လူ ၅၀၀၀ ကို စတင်ခေါ်ယူမည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားသည်။

ပြန်ကြားရေးအရာရှိက ထိုသို့ ပြောဆိုသော်လည်း အောက်ခြေတပ်မှူးများက လူသစ်စုဆောင်းသည့်အလုပ်ကို လမ်းပေါ်တွင် ဖမ်းခေါ်သည့်နည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်နေသည်ဟု လူငယ်များ အလုံးအရင်း ဖမ်းဆီးခံနေရသည့် ဒေသတွင် နေထိုင်သူတချို့က ပြောကြသည်။

ရခိုင်ပြည်နယ်တွင်မူ ယခုလကစတင်ပြီး ရိုဟင်ဂျာများကို ပစ်မှတ်ထားကာ စစ်ကောင်စီက စစ်မှုထမ်းရန် အတင်းအကျပ် ဖိအားပေးနေသည်။ စစ်တွေ၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရိုဟင်ဂျာ ရာဂဏန်းခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီက ဖမ်းဆီးထားကြောင်း မွတ်စလင်အသိုင်းအဝိုင်းနှင့် ဒေသတွင်း သတင်းဌာနများတွင် ပြောဆို၊ ရေးသားနေကြသည်။

ဘူးသီးတောင်မြို့နယ်အတွင်းရှိ တပ်မင်းချောင်းရွာ၊ ပုစွန်ချောင်းရွာ၊ ကျောက်ဖြူတောင်ရွာနှင့် ငကျင်တောက်ရွာရှိ ရိုဟင်ဂျာလူငယ် ၁၀၀ ကျော်မှာ ဖေဖော်ဝါရီ ၁၉ နှင့် ၂၀ တွင် အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (Free Rohingya Coalition) ပူးတွဲတည်ထောင်သူ ဦးနေဆန်းလွင်က ပြောသည်။

“တစ်ခုက လူမျိုးရေးပဋိပက္ခ ဖန်တီးဖို့၊ နောက်တစ်ခုကတော့ ရှေ့တန်းကို ခေါ်သွားပြီးတော့ လူသားဒိုင်းလို သုံးဖို့ပေါ့။ သူတို့ပေးမယ့်သင်တန်းက ၂ ပတ်လေ၊ ၂ ပတ်နဲ့ စစ်တိုက်ဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု ဦးနေဆန်းလွင်က မှတ်ချက်ပြုသည်။

အာဏာသိမ်းစစ်တပ်က ထိုဒေသတွင် တယ်လီဖုန်းနှင့် အင်တာနက် ဖြတ်တောက်ထားသဖြင့် ဆက်သွယ်ရေး ခက်ခဲနေရာ Myanmar Now က ထိုဖြစ်ရပ်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် နိုဝင်ဘာလက စတင်ပြီး ရခိုင်ပြည်နယ်တွင် AA က စစ်ကောင်စီကို ထိုးစစ်ဆင်နေရာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး AA က စစ်ရေးအသာစီး ရထားသည်။

ချင်းပြည်နယ်၊ ပလက်ဝ အပါအဝင် ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ တောင်ပြိုမြို့တို့ကို ရက္ခိုင့်တော် AA က သိမ်းပိုက်ထားပြီး ပြည်နယ်မြို့တော် စစ်တွေအထိ ထိုးစစ်ဆင်လာမည့် အခြေအနေတွင် ရှိနေသည်။

၂၀၂၁ တွင် အာဏာသိမ်းလိုက်သည့် စစ်တပ်က လမ်းပေါ်ထွက် ဆန္ဒပြသူတို့ကို ပစ်သတ်ရာမှာ လက်နက်ကိုင် ခုခံမှု ပေါ်ပေါက်လာသည်။ ခုခံသူတို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းပြီး တိုက်ခိုက်နေသဖြင့် စစ်ကောင်စီတပ်သည် နိုင်ငံအနှံ့တွင် စစ်မျက်နှာဖွင့်ထားရသည်။

စစ်ကောင်စီတပ် ခက်ခဲနေသည့် အခြေအနေတွင် AA အပါအဝင် တော်လှန်ရေးအဖွဲ့များက အဆက်မပြတ် ထိုးစစ်ဆင်ခဲ့ကြသည်။

လက်နက်ကိုင်အင်အား အရေးတကြီး လိုအပ်လာနေသည့် စစ်ကောင်စီတပ်က အရပ်သားများကို ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့များ ဖွဲ့စည်းကာ လက်နက်တပ်ဆင်ပေးပြီး စစ်သား၊ ရဲတို့နှင့်အတူ တာဝန်ထမ်းဆောင်စေသည်ကို တွေ့ရသည်။

ထိုသို့သော နည်းလမ်းကို စစ်တပ်က ဒေသခံများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်၊ နေအိမ်များကို မီးရှို့ခဲ့သည့် ရခိုင်ပြည်နယ်တွင် ကျင့်သုံးလာခြင်း ဖြစ်သည်။

ဒေသခံ ရခိုင်လူငယ်အများအပြားမှာ အင်အား ၃၀,၀၀၀ ကျော်ရှိသော AA တပ်ထဲတွင် စစ်မှုထမ်းနေကြသည်။

Show More

Related Articles

Back to top button