သတင်း

ကျားဖြန့်နှိမ်နင်းရေး ဆက်လက်အရှိန်မြှင့်ရန် တရုတ်သံရုံးက စစ်ကောင်စီကို သတိပေး

ကာကွယ်ရေးဒုဝန်ကြီးနှင့် အစိုးရအရာရှိဟောင်းများကို ကျားဖြန့်သံသယဖြင့် ဖမ်းဆီးခဲ့သည့် စစ်ကောင်စီကို ကျားဖြန့်နှိမ်နှင်းရေး ဆက်လက်အရှိန်မြှင့်ရန် တရုတ်သံရုံးက စစ်ကောင်စီကို ထပ်မံသတိပေးလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်းဟိုင်က နေပြည်တော်တွင် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ယနေ့တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီပြည်ထဲရေးဝန်ကြီးကို တရုတ်သံအမတ်က ကျားဖြန့်နှိမ်နင်းရေးအတွက် သီးသန့်လှုပ်ရှားမှုကို ဆက်လက်နက်ရှိုင်းစွာဖော်ဆောင်ရန် ပြောဆိုခဲ့သည်ဟု ရန်ကုန်အခြေစိုက် တရုတ်သံရုံးက Facebook မှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်အစိုးရသည် ကျားဖြန့် ခေါ် အွန်လိုင်းလောင်းကစားဂိုဏ်းများကို နှိမ်နင်းရန် ပြီးခဲ့သည့်နှစ်မှစတင်ကာ စစ်ကောင်စီကို အစဉ်မပြတ်ဖိအားပေးခဲ့သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်လအတွင်းကလည်း တရုတ်တောင်းဆိုမှုကြောင့် ကာကွယ်ရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းကို လောက်ကိုင်အခြေစိုက် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်ခဲ့ကြောင်း သံသယဖြင့် ဖမ်းဆီးပေးခဲ့ရသည်။

အလားတူ ကြံ့ခိုင်ရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်ဟောင်းနှင့် အမတ်ဟောင်း ဦးမြင့်လှိုင်ကိုလည်း ကျားဖြန့်သံသယဖြင့် စစ်ကောင်စီက ယမန်နေ့က နေပြည်တော်တွင် ဖမ်းဆီးခဲ့သည်။ အငြိမ်းစားဒုဗိုလ်ချုပ်ကြီး ဦးမြင့်လှိုင်သည် ဦးသိန်းစိန်အစိုးရလက်ထက် (၂၀၁၁-၂၀၁၆) အတွင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဖြစ်ခဲ့သည်။

ကျားဖြန့်သံသယဖြင့် မြန်မာနိုင်ငံအတွင်း ရောက်နေခဲ့သည့် ထောင်နှင့်ချီသော တရုတ်နိုင်ငံသားများကိုလည်း တရုတ်အစိုးရ၏ ဖိအားကြောင့် စစ်တပ်က ဖမ်းဆီးပြီး တရုတ်ဘက်ပြန်ပို့ထားသည်။

ထို့ပြင် ဦးပယ်ဆောက်ချိန် အပါအဝင် ထိပ်တန်း ကိုးကန့်ကြံ့ခိုင်ရေးအမတ်ဟောင်းများနှင့် လက်နက်ကိုင်ခေါင်းဆောင်များကိုလည်း စစ်ကောင်စီက ဇန်နဝါရီ ၃၁ ရက်နေ့က နေပြည်တော်လေဆိပ်မှတစ်ဆင့် တရုတ်လက်အပ်ခဲ့သည်။

ကျားဖြန့်သံသယဖြင့် တရုတ်လက်ထဲ ရောက်နေသည့် ကြံ့ခိုင်ရေးအမတ် အနည်းဆုံး ၄ ဦးထက်မနည်း ရှိနေပြီး ဦးမြင့်လှိုင်ကို စစ်တပ်က တရုတ်လက်အပ်မအပ် ရှင်းရှင်းလင်းလင်းမသိရသေးပါ။

Show More

Related Articles

Back to top button