သတင်း

တရုတ်တောင်းဆိုမှုကြောင့် ကာကွယ်ရေးဒုဝန်ကြီးကို ကျားဖြန့်သံသယဖြင့် စစ်ကောင်စီဖမ်းဆီး

စစ်ကောင်စီ၏ ကာကွယ်ရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း လောက်ကိုင်အခြေစိုက် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်ခဲ့ကြောင်း တရုတ်အစိုးရက ပြောသဖြင့် နေပြည်တော်တွင် ဖမ်းဆီးစစ်ဆေးခံနေရသည်ဟု Myanmar Now ၏ သတင်း ရင်းမြစ်များက ဆိုသည်။

ယမန်နေ့ (ဧပြီ ၂) က နေပြည်တော်တွင် ကျင်းပသည့် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်လင်းထွန်း တက်ရောက်ခြင်းမရှိသည့်အတွက် အဆိုပါသတင်း ပိုမိုခိုင်မာလာသည်။

သူသည် အလားတူအစည်းအဝေးများကျင်းပတိုင်း တက်ရောက်ခွင့်ရခဲ့သူဖြစ်သည်။

စစ်ကောင်စီ၏ ကာကွယ်ရေးဒုတိယဝန်ကြီးသည် မတ်လလယ်ခန့်ကတည်းက ဖမ်းဆီးခံရခြင်း ဖြစ်နိုင်သည်ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

၂၀၂၄ ဇန်နဝါရီလအတွင်းက နေပြည်တော်တွင် ကုလသမဂ္ဂကိုယ်စားလှယ်များနှင့် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနတို့အကြား ဆွေးနွေးပွဲတွင် တွေ့ရသည့် ဗိုလ်ချုပ်အောင်လင်းထွန်း။  (စစ်ဝတ်စုံ ဖြင့်)  (ဓာတ်ပုံ – စစ်ကောင်စီ)

ဗိုလ်ချုပ်အောင်လင်းထွန်းကို လူမြင်ကွင်းရှေ့ နောက်ဆုံးတွေ့ခဲ့ရသည်မှာ ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏  အစည်းအဝေးတွင်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် လူမြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

ဖမ်းဆီးစစ်ဆေးခံရနေရသော်လည်း ကာကွယ်ရေးဒုတိယဝန်ကြီးအဖြစ် စစ်ကောင်စီအစိုးရအဖွဲ့စာရင်းတွင် ဆက်ရှိနေဆဲဖြစ်ပြီး စစ်ကောင်စီက သူ၏နေရာကို အခြားတစ်ယောက်နှင့် အစားမထိုးသေးပေ။

ဒုဝန်ကြီးနှင့် ကိုးကန့်ကျားဖြန့်အမှုတွဲ

ဗိုလ်ချုပ်အောင်လင်းထွန်းကို စစ်ဆေးပေးရန် တရုတ်ဘက်က တောင်းဆိုမှုသည် မတ်လ ၁ ရက်မှ ၃ ရက်နေ့အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ကျင်းပခဲ့သည့် ၄ ကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲကာလတွင် ဖြစ်ကြောင်း Myanmar Now ၏ သတင်းအရင်းအမြစ်က ဆိုသည်။

ဟိုင်ဂင်ဆွေးနွေးပွဲသည် ရှမ်းမြောက်တွင် အပစ်ရပ်ကြရန် တရုတ်၏ကြားဝင်မှုဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကတည်းက ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်သည့် ရခိုင်တပ် AA၊ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် စစ်ကောင်စီ ကိုယ်စားလှယ်များအကြား ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

တရုတ်ကိုယ်စားလှယ်များသည် စစ်ကောင်စီ၏ ကာကွယ်ရေးဒုဝန်ကြီးကို ကျားဖြန့်သံသယဖြင့် စစ်ဆေးရန် လိုအပ်ကြောင်း စစ်ခေါင်းဆောင်ကို အသိပေးရန် ဆွေးနွေးပွဲလာတက်သည့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးညှိနှိုင်းရေးအဖွဲ့ (NMSC) ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်မှတစ်ဆင့် သတင်းစကားပါးခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ကာကွယ်ရေးဒုဝန်ကြီးအပေါ် ကျားဖြန့်အမှု တွဲလိုက်ခြင်းက ဦးပယ်ဆောက်ချိန် အပါအဝင် ကိုးကန့်ဒေသ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်းများ၊ ပြည်သူ့စစ်ခေါင်းဆောင်များကို တရုတ်က စစ်ကြောမေးပြီးနောက် ရရှိလာသည့် သတင်းအချက်အလက်များအပေါ် အခြေခံကြောင်း ၎င်းက ဆိုသည်။

“ပယ်ဆောက်ချိန်တို့ကို ဖမ်းတာက အရင်မိထားတဲ့သူတွေရဲ့ ထွက်ချက်ကို အခြေခံပြီး တရုတ်က စစ်ကောင်စီကို (ဖမ်း) ခိုင်းတယ်။ အခုတစ်ခါ သူတို့ကို (ကိုးကန့်ဒေသ ခေါင်းဆောင်တွေကို) စစ်ပြီး ရလာတဲ့ သတင်းကို အခြေခံပြီး ဖမ်းခိုင်းတယ်” ဟု Myanmar Now ၏ သတင်းအရင်းအမြစ်က ဆိုသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ပထမဆုံးဥက္ကဋ္ဌ ဦးပယ်ဆောက်ချိန်ကို ၂၀၂၄ ဇန်နဝါရီ ၃၀ တွင် စစ်ကောင်စီက တရုတ်အစိုးရထံ နေပြည်တော်လေဆိပ်တွင်အပ်နှံခဲ့သည် ။

၂၀၀၈ အခြေခံဥပဒေအရ ပေါ်လာသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ပထမဆုံးဥက္ကဋ္ဌ ဦးပယ်ဆောက်ချိန်၊ စစ်ကောင်စီလက်အောက်ခံ အမှတ် ၁၀၀၆ နယ်ခြားစောင့်တပ်ကြီးကြပ်ရေးကော်မတီ၏ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးဟောင်း ဦးဝေဆန်း၊ ကိုးကန့်ဒေသ အချမ်းသာဆုံးသူဌေး ဖူလီလိုက်ကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက် အပါအဝင် အပါအဝင် ၁၀ ဦးကို စစ်ကောင်စီက ဇန်နဝါရီ ၃၀ ညပိုင်းတွင် နေပြည်တော်လေဆိပ်မှတစ်ဆင့် တရုတ်အစိုးရလက်သို့ အပ်ခဲ့သည်။

၎င်းတို့ကို ကျားဖြန့်အွန်လိုင်းငွေကြေးလိမ်လည်မှု သံသယများဖြင့် တရုတ်အစိုးရက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် တရုတ်၏ဖိအားကြောင့် တပ်တွင်းစစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) တွင် တာဝန်ကျခဲ့သည့် စစ်အရာရှိဟောင်းများကိုလည်း စစ်ဆေးနေသည်ဟု Myanmar Now က သတင်းရရှိသည်။

“(လောက်ကိုင်မှာ) စစ်မဖြစ်ခင်ကလေးတင် ပြောင်းသွားတဲ့ ဒကစမှူး (ဗိုလ်မှူးချုပ်) ဇော်မင်းလည်း ခေါ်စစ်ခံရတဲ့ထဲ ပါတယ်” ဟု Myanmar Now ၏ သတင်းအရင်းအမြစ်က ဆိုသည်။

ဗိုလ်မှူးချုပ်ဇော်မင်းကို ကယားပြည်နယ်ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) သို့ ပြောင်းရွှေ့ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီအတွက် အရေးပါတဲ့ ဒုဝန်ကြီး

ဗိုလ်ချုပ်အောင်လင်းထွန်းကို စစ်ကောင်စီက အာဏာသိမ်းပြီး ၃လကျော်အကြာ ၂၀၂၁ မတ်လ ၁၁ ရက်နေ့တွင် ကာကွယ်ရေးဒုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ သူသည် ယခင်က တပ်မ ၂၂ တပ်မမှူး၊ ဒုစစ်ထောက်ချုပ် ရာထူးများ ရရှိခဲ့သည်။

ကာကွယ်ရေးဒုဝန်ကြီးဖြစ်လာပြီး ၄လခန့်အကြာတွင် ဆွစ်ဇာလန်နိုင်ငံက ဗိုလ်ချုပ်အောင်လင်းထွန်းကို အရပ်သားများကို နှိပ်စက်သတ်ဖြတ်သည့်အတွက် ဒဏ်ခတ်အရေးယူမှု ချမှတ်ခဲ့သည်။

စစ်ကောင်စီလက်ထက်တွင် ကာကွယ်ရေးဝန်ကြီးနေရာ အပြောင်းအလဲရှိခဲ့သော်လည်း ဗိုလ်ချုပ်အောင်လင်းထွန်းသည် ဒုဝန်ကြီးနေရာတွင် မြဲခဲ့ပြီး စစ်ကောင်စီ၏ စစ်ဘက်နှင့်အရပ်ဘက် အရေးကြီးအစည်းအဝေးတိုင်းကို တက်ရောက်ခွင့်ရခဲ့သည်။

ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရပ်သားများကို စစ်ထဲမဝင်မနေရစနစ်ဖြင့် ဆင့်ခေါ်မည့် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွင်လည်း ထိပ်ပိုင်းတာဝန်ယူထားပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ကမှ ထိုအဖွဲ့၏ ဥက္ကဋ္ဌရုံးအဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရသည်။

ယခင်က တပ်မ ၂၂ ၏ တပ်မမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်ဟုလည်း သိရသည်။

Show More

Related Articles

Back to top button