မတ် ၂၇ ရက် ညသန်းခေါင်ယံအချိန် မင်္ဂလာမူဆယ်အနီး ၉ ထပ်အမြင့်ရှိ Golden Elephant အဆောက်အဦး၊ Fully Light ဟိုတယ်အပါအဝင် နေရာ ၁၀ ခုခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားသုံးစီးနင်းခဲ့သည်။
ကျားဖြန့် လုပ်ကိုင်သူများဟု ယူဆရသူ အများအပြား အဖမ်းခံရရာ အရေအတွက် ၁၀၀၀ ခန့် ရှိနိုင်သည်ဟု ဒေသခံများက ဆိုသည်။
ထိုအထဲမှ တရုတ်နိုင်ငံသားများကိုမူ မတ်၂၉ ရက်တွင် မူဆယ်-ကျယ်ဂေါင်နယ်စပ် မန့်ဝိန်းနယ်စပ်ဂိတ်မှတဆင့် တရုတ် ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ ကြောင်း မြို့ခံများက ပြောကြသည်။
တရုတ်အစိုးရကမူ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မူဆယ်တွင် မြန်မာနှင့်တရုတ်ရဲ ပူးပေါင်းပြီး ဖမ်းဆီးခဲ့သည့် သံသယတရားခံ အရေအတွက် ၈၀၇ ဦး ရှိသည်ဟု ဧပြီ ၁ တွင် သတင်းထုတ်ပြန်သည်။
ထိုအထဲတွင် မြန်မာနိုင်ငံသား အရေအတွက် ပိုမို များပြားသည်၊ တရုတ်နိုင်ငံသား အရေအတွက် ၃၅၂ ဦး ရှိသည်ဟု ဆိုသည်။
ဖမ်းလိုက်သည့် တရုတ်နိုင်ငံသားများထဲတွင် တရုတ်က ဝရမ်းထုတ်ထားသူ ၅၁ ဦးလည်း ပါဝင်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝင်ရောက်စီးနင်းမှုတွင် ထွက်ပြေးလွတ်မြောက်သွားသူများ ရှိကြောင်း ကျားဖြန့် လုပ်ငန်းနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
“ သူတို့(စစ်ကောင်စီ)ဘဲ ပိုက်ဆံယူပြီး ကျားဖြန့် တွေကို လုပ်ခွင့်ပေးထားတာလေ။ အခုတော့ သူတို့ပဲ ပြန်ဖမ်းနေ တာ။ ဖမ်းတော့လည်း သတင်းတွေ ကြိုရတော့ အများကြီး လွတ်နေတယ်လေ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။
အဆိုပါကျားဖြန့်လုပ်ငန်းများ စီးနင်းမခံရမီ တစ်ရက်အလိုက ထိုလုပ်ငန်းနှင့်ဆက်စပ်သည့် တရုတ် နိုင်ငံသား အချို့နှင့် စစ်ကောင်စီ၏ အမှတ် (၂၉၀) ခြေလျင်တပ်ရင်း တပ်ရင်းမှူးတို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် အဖမ်းခံရသည်ဟု အထက်ပါ အမျိုးသားက ဆိုသည်။
စီးနင်းခံရသည့်နေရာအများစုသည် တပ်မ(၉၉)၊ ခလရ (၂၉၀) နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ ကို ငွေကြေး ပေးဆောင်ကာ လုပ်ငန်းလည်ပတ်နေကြသည့် ကျားဖြန့် လုပ်ငန်း လုပ်ကိုင်သည့် နေရာများဖြစ်ကြောင်း မူဆယ်မြို့ခံ များက ဆိုသည်။
မူဆယ်အခြေစိုက် ကျားဖြန့်လုပ်ငန်းများကို ၅ ရက်ဆက်တိုက် ဖမ်းဆီးသော်လည်း ပြည်သူ့စစ်တပ်ဖွဲ့နှင့် နီးစပ်သည့် ကျားဖြန့်လုပ်ငန်းတွေကိုမူ ဝင်ရောက်ဖမ်းဆီးခြင်းမရှိသေးဟု သိရသည်။
၂၀၂၃ နှစ်ဆန်းတွင် လည်း တရုတ်ရဲတပ်ဖွဲ့က နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာပြီး မူဆယ်မြို့တွင်း ဝင်ရောက်ဖမ်းဆီးခဲ့စဉ်က ကျားဖြန့်လုပ်ငန်းအများစု သည် ပြည်သူ့စစ်တပ်ဖွဲ့များထံ ခိုလှုံခဲ့ရသည်။
မူဆယ်မြို့အနီးဝန်းကျင် နယ်မြေများကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ကာလတွင် သိမ်းယူခဲ့ပြီး မြို့ကို ပိတ်ဆို့ ထားသည်။
အလားတူ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် တရုတ်နယ်စပ်မြို့များဖြစ်သော ကြူကုတ်(ပန်ဆိုင်း)၊ နမ့်ခမ်းမြို့တို့ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ထိန်းချုပ်ထား၍ ကျားဖြန့် လုပ်ငန်းအများစုသည် မူဆယ်မြို့တွင်း ပြောင်းရွှေ့သွားကြသည်။
မူဆယ်မြို့ရှိ အဆင့်မြင့်အဆောက်အအုံ၊ ဟိုတယ်နှင့် လောင်းကစားရုံများတွင် ကျားဖြန့်လုပ်ငန်း အများစုအခြေ စိုက်ကြပြီး ကျားဖြန့် လုပ်ငန်းစုပေါင်း ၃၀ ကျော် ရှိနိုင်ကြောင်း၊ လူဦးရေ တစ်သောင်းခန့် လုပ်ကိုင်နေကြကြောင်း မြို့ခံ များက ခန့်မှန်းကြသည်။
လတ်တလောတွင် မူဆယ်မြို့ကို စစ်ကောင်စီ တပ်မ(၉၉)၊ ခမရ (၂၉၀)၊ လုံထန်၊ မန်ဂျယ်၊ မြို့မ ၁/ ၂/ ၃ စသည့် ပြည်သူ့စစ် ၇ ဖွဲ့က ပူးပေါင်းထိန်းချုပ်ထားပြီး မြို့နှင့် ၅ မိုင်ခန့်သာ ကွာဝေးသည့် မူဆယ်-နမ့်ခမ်လမ်း မိုင်းဆတ် ကျေးရွာနှင့် မူဆယ် ၁၀၅ မိုင်လမ်း တုန်ခံကျေးရွာတို့တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က နေရာယူကာ မူဆယ်မြို့ကို ပိတ်ဆို့ထားသည်။
ကျားဖြန့်လုပ်ငန်းကြောင့် တရုတ်တွင် ထိခိုက်နစ်နာသူ အများအပြား ရှိခဲ့သည်။
ထိုအခြေအနေတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကသာမက စစ်ကောင်စီကပါ ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရေး ခေါင်းစဉ်ဖြင့် မြန်မာ့နိုင်ငံရေးတွင် သြဇာကြီးသည့် တရုတ်နိုင်ငံ၏ ထောက်ခံမှုကို ရယူရန် ကြိုးစားနေကြသည်။ ဖေဖော်ဝါရီ ၂၃ တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ အွန်လိုင်းလောင်းစားလုပ်ငန်းများကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူဦးရေရာနှင့်ချီ ဖမ်းဆီး၍ ဆိုင်ကယ်၊ ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းခဲ့သည်။
ဖေဖော်ဝါရီ လကုန်ခန့်တွင် မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ် လုပ်ငန်းများ၌ လုပ်ကိုင် နေသော နိုင်ငံခြားသား တစ်ထောင်နီးပါးကို ထိုင်းနှင့် တရုတ်နိုင်ငံအာဏာပိုင် များထံ လွှဲပြောင်းပေးအပ်ထားသည်။