သတင်း

မြဝတီမြို့ ကျားဖြန့်လုပ်ငန်းမှ နိုင်ငံခြားသား ၁၀၀၀ ခန့်ကို ထိုင်းနှင့် တရုတ်ထံ လွှဲပြောင်း

မြဝတီမြို့နယ်တွင် အခြေပြုပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်နေသူ နိုင်ငံခြားသား ၉၉၇ ဦးကို မြန်မာ-ထိုင်း နယ်စပ်တံတားမှတစ်ဆင့် နေ့စဉ် ပြန်လွှတ်ပေးမည်ဟု ဆိုသည်။

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်နေသော နိုင်ငံခြားသား တစ်ထောင်နီးပါးကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၉) မှ စတင်၍ ထိုင်းနှင့် တရုတ်နိုင်ငံအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း သိရသည်။

ကရင်နယ်ခြားစောင့်တပ် (BGF) က တရုတ်နိုင်ငံသားအများဆုံးပါဝင်သည့် နိုင်ငံခြားသား ၉၉၇ ဦးကို မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် (၂) မှတစ်ဆင့် ထိုင်းနှင့် တရုတ်အာဏာပိုင်များထံ လွှဲပြောင်းပေးနေခြင်း ဖြစ်သည်။

ယမန်နေ့က နိုင်ငံခြားသား ၁၅၀ ကို လွှဲပြောင်းပေးအပ်ခဲ့ပြီဖြစ်ကာ ယနေ့တွင်လည်း လူ ၃၆၈ ဦးကို ထပ်မံလွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ ကျန်နေသူများကို ထိုင်းအာဏာပိုင်များမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဟု BGF အဖွဲ့မှ ဗိုလ်မှူးနိုင်မော်ဇော်က ပြောသည်။

“ထိုင်းကတော့ အိမ်ရှင်အဖြစ် ခေတ္တလက်ခံပြီးတော့ တရုတ်ကို ပြန်ပြီးတော့ ပို့ဆောင်တာပေါ့။ တရုတ်နိုင်ငံသားတွေချည်းပဲလေ” ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ဆိုသည်။

အဆိုပါ နိုင်ငံခြားသားများမှာ မြို့မြောက်ဘက် ၁၀ မိုင်အကွာရှိ ရွှေကုက္ကိုမြို့သစ်၊ မြို့တောင်ဘက် မယ်ထော်သလေးကျေးရွာအနီးရှိ KK Park အမည်ရှိ မြို့သစ်တို့တွင် တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေသည့် ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နေသူများဖြစ်ကြပြီး အများအပြားမှာ ဖိအားပေး စေခိုင်းခံနေရသူများ ဖြစ်သည်ဟု သိရသည်။

ထိုင်းအာဏာပိုင်များက ထိုသူတို့ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့လေဆိပ်မှ သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်ပို့မည်ဖြစ်သည်။

ယမန်နေ့က ထိုင်းနိုင်ငံအခြေစိုက် Khaosod English သတင်းဌာန သတင်းတစ်ပုဒ်တွင်လည်း တရုတ်နိုင်ငံသား ၉၉၇ ဦးကို မြန်မာဘက်မှ လွှဲပြောင်းပေးနေကြောင်း ရေးသားထားသည်။

ဖေဖော်ဝါရီ ၂၉ ရက်က မဲဆောက်လေဆိပ်တွင် တွေ့ရသော မြန်မာဘက်မှ လွှဲပြောင်းပေးလိုက်သူများ။ (ဓာတ်ပုံ – ကရင်အမျိုးသားမီဒီယာ)

စစ်ကောင်စီ၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး စောခင်မောင်မြင့်က ထိုသူများသည် တရားမဝင် ဝင်ရောက်နေထိုင်သူများဖြစ်ပြီး မြဝတီ၊ ရွှေကုက္ကိုမြို့များရှိ ဆောက်လုပ်ရေးလုပ်ငန်းများ၊ လောင်းကစားဝိုင်းများ နှင့် အွန်လိုင်းလောင်းကစားဝိုင်းများတွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း Myanmar Now ကို ပြောသည်။

“တချို့လည်း ကစားဝိုင်းတွေမှာ မိတာရှိတယ်။ ဂိမ်းကစားဝိုင်းတွေမှာ မိတာ။ သူတို့အစီအစဉ်နဲ့ တရားမဝင် ဝင်ရောက်နေထိုင်တာတွေလည်း ရှိတယ်။ ဖမ်းမိတော့ လူကုန်ကူးခံရတာဆိုပြီးတော့ တချို့လည်း အကြောင်းပြန်ပြတာပေါ့” ဟု စောခင်မောင်မြင့်က ပြောသည်။

“တကယ်တော့ သူတို့နည်း သူတို့ဟန်နဲ့ ဘယ်လောက်ရောက်လာလဲဆိုတာ ဒီဘက်ကလည်း မသိရဘူး။ မြဝတီမြို့ပေါ်မှာ မိတာကနေပြီးတော့မှ ရွှေကုက္ကိုတို့ဘက်မှာပါ ချိတ်ဆက်စစ်ဆေးတော့ အယောက် တစ်ထောင်ကျော်လောက် ဖြစ်သွားတာ”

လမ်းခရီးအခက်အခဲကြောင့် လူတစ်ထောင်နီးပါးကို မြဝတီ-မဲဆောက် နှစ်နိုင်ငံတံတားပေါ်ကနေ လွှဲပြောင်းပေးအပ်ခြင်းဖြစ်သည်ဟု စောခင်မောင်မြင့်က ဆက်ပြောသည်။

“ထိုင်းဘက်ကနေတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့နေတာ။ တစ်ထောင်ကျော်ဆိုတော့ မြဝတီကနေ ပြည်မဘက်ကို ပြန်ပို့ဖို့ဆိုတာ လမ်းခရီးအခြေအနေအရ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါကြောင့်မလို့ ထိုင်းဘက်ကို ပို့ရင်တော့ လွယ်မယ်ဆိုပြီးတော့မှ ထိုင်းအစိုးရနဲ့ ညှိနှိုင်းပြီး ပြန်ပို့တာ” ဟု သူက ဆိုသည်။

ယခင်ကလည်း မြဝတီနယ်စပ်ရှိ တရားမဝင်လုပ်ငန်းများတွင် လုပ်ကိုင်နေသူ ၂၀၀၀ ကျော်ကို ဖမ်းဆီးခဲ့စဉ်က သက်ဆိုင်ရာ သံရုံးအသီးသီးထံ ဆက်သွယ် အပ်နှံခဲ့သည်၊ ယခု မြဝတီ-မဲဆောက် လမ်းကြောင်းတွင် ပထမဆုံးအကြိမ် လူသိရှင်ကြား တိုက်ရိုက်လွှဲပြောင်းပေးခြင်းဖြစ်သည်ဟု သိရသည်။

နိုင်ငံတကာမှ အလုပ်အကိုင်ရှာဖွေသူ အများအပြားသည် နယ်စပ်ဒေသအခြေစိုက် ငွေလိမ်ဂိုဏ်းများထံတွင် လူကုန်ကူးခံထားရပြီး ကျွန်ပြုခိုင်းစေခံနေရသည်၊ အများအပြားသည် မြဝတီ၊ တာချီလိတ်မြို့တို့တွင် ပိတ်လှောင်ခိုင်းစေခံနေရသည်။

တရုတ်အစိုးရ၏ ဖိအားပေးမှုဖြင့် ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများ ဖြိုခွင်းခံရပြီးနောက် ထိုင်း-မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကိုလည်း တိုက်ဖျက်သွားမည်ဟု စစ်ကောင်စီက ယခုလဆန်းတွင် ကြေညာထားသည်

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းလောင်းကစား ငွေလိမ်ဂိုဏ်းများကို ဖြိုခွင်းရေး ထိုင်းနှင့် မြန်မာစစ်တပ် ခေါင်းဆောင်များ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့သည်။ နိုင်ငံတောင်ဘက်စွန်း ကော့သောင်းမြို့မှ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးကျော်လွင်ကို ကျားဖြန့်လုပ်ငန်းနှင့် ဆက်နွှယ်သည်ဟုဆိုကာ ထိုင်းနှင့် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသည်။

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ အွန်လိုင်းလောင်းစားလုပ်ငန်းများကို ဖေဖော်ဝါရီ ၂၃ နံနက်အစောတွင် စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူဦးရေရာနှင့်​​ချီ ဖမ်းဆီးကာ ဆိုင်ကယ်၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းသွားသည်ဟု သိရသည်။

Show More

Related Articles

Back to top button