သတင်း

စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် ကော့သောင်းမှ လုပ်ငန်းရှင်ကို ဖမ်းဝရမ်းထုတ်

အွန်လိုင်းလောင်းကစားစွဲချက်ဖြင့် သူဌေးကျွန်းဟိုတယ်ပိုင်ရှင် ဦးကျော်လွင် အပါအဝင် ၁၈ ဦးကို ထိုင်းအစိုးရက ဝရမ်း ထုတ်ပြီး တစ်ပတ်ခန့်အကြာတွင် စစ်ကောင်စီက အလားတူလိုက်လံကြေညာသည်။

ခေတ်အဆက်ဆက်တွင် စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် ကော့သောင်းမြို့မှ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးကျော်လွင်ကို ကျားဖြန့် ခေါ် အွန်လိုင်းလောင်းကစားလုပ်ငန်း ဆက်နွှယ်မှုဖြင့် စစ်ကောင်စီက ယခုလ ၇ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်လိုက်သည်။

အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့်ပတ်သက်၍ ဦကျော်လွင်အပါအဝင် ၁၈ ဦးကို ထိုင်းအစိုးရက ဝရမ်းထုတ်ပြီး တစ်ပတ်ခန့်အကြာတွင် စစ်ကောင်စီက လိုက်လံကြေညာခြင်းဖြစ်သည်။ တရုတ်အစိုးရက တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖြန့်ဂိုဏ်းခေါင်းဆောင်များကို ဝရမ်းထုတ်စဉ်ကလည်း စစ်ကောင်စီက အလားတူကြေညာခဲ့သည်။

ဦးကျော်လွင်အပါအဝင် သံသယရှိသူများကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဝရမ်းထုတ်ပြီးနောက် ထိုင်းအထူးစုံးစမ်းရေးဌာန (DSI) က ရနောင်းနှင့် ဘန်ကောက်ရှိ နေရာ ၂၇ ခုကို ဝင်ရောက်စီးနင်းကာ ရွှေငွေ လက်ဝတ်ရတနာ၊ တန်ဖိုးကြီးပစ္စည်းများနှင့် လက်နက်များကို သိမ်းဆည်းခဲ့သည်ဟု ထိုင်းဘက်က လာသော သတင်းများတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံသားခံယူထားသည့် Sanga Kangval ခေါ် ဦးကျော်လွင်သည် ထိုင်းအစိုးရက အလိုရှိနေသည့် Ko Fuk အမည်ရ အွန်လိုင်းငွေလိမ်ဂိုဏ်းကို ဦးဆောင်သူတစ်ဦးဖြစ်သည်ဟု ဆိုသည်။

စက်သုံးဆီတင်သွင်းရာတွင် အခွန်တိမ်းရှောင်မှု၊ နှစ်လုံးထီနှင့် အွန်လိုင်းလောင်းကစားလုပ်ကိုင်မှု၊ ငွေကြေးခဝါချမှု စသည့် အမှုများနှင့်ဆက်စပ်၍ သံသယဖြစ်ဖွယ် ၁၈ ဦးကို ထိုင်းအာဏာပိုင်များက ဝရမ်းထုတ်ထားပြီး ၎င်းတို့အနက် ၇ ဦးကို ဖမ်းထားကာ ဦးကျော်လွင်အပါဝင် ၁၁ ဦး လွတ်မြောက်နေသည်ဟုလည်း သိရသည်။

ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်နေ ဦးကျော်လွင်သည် တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်ခြင်း၊ ယင်းလုပ်ငန်းမှ ရရှိသော ငွေကြေးနှင့် ပစ္စည်းများကို အသွင်ပြောင်းခြင်း၊ ဖုံးကွယ်ခြင်းများ ပြုလုပ်နေကြောင်း သံယယဖြစ်ဖွယ် တွေ့ရှိသည်ဟု စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဦးကျော်လွင်သည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင် ကာစီနိုလောင်းကစားလုပ်ငန်းဖွင့်လှစ်ထားသည့် Grand Amanda ဟိုတယ်၏ ပိုင်ရှင်ဖြစ်သည်။

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့အနီး မြေဧကပေါင်း ၁၈၀၀ ရှိ သူဋ္ဌေးကျွန်း (ပိုလိုရူးကျွန်း) ပေါ်၌ အမေရိကန်ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံ၍ ကာစီနိုလောင်းကစားနှင့် ဟိုတယ်လုပ်ငန်းဆောင်ရွက်ရန် ယခင်စစ်အစိုးရလက်ထက် ၁၉၉၂ တွင် ထိုင်းအခြေစိုက် Union Farm Engineering ကုမ္ပဏီကို ခွင့်ပြုခဲ့သည်။

နှစ်နှစ်ကြာပြီးနောက် Andaman Club ကုမ္ပဏီအမည်ဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့သော်လည်း ၁၉၉၅ မှ ၂၀၁၄ ထိ မြေငှားခ ဒေါ်လာ ၁၁ သန်းကျော် ကြွေးကျန်နေ၍ ဦးကျော်လွင်ပိုင်ဆိုင်သည့် Grand Andaman ကုမ္ပဏီကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ဇွန်တွင် လုပ်ပိုင်ခွင့်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ထိုကြွေးကျန်များဆပ်မည်ဟူသော သဘောတူညီချက်ဖြင့် Andaman ကုမ္ပဏီကို လုပ်ပိုင်ခွင့်လွှဲပေးခဲ့ခြင်း ဖြစ်ကာ တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းစနစ်ဖြင့် ၁၉၉၅ ခုနှစ်စ၍ နှစ် ၅၀ လုပ်ပိုင်ခွင့်အပြင် ၁၀ နှစ် နှစ်ကြိမ် သက်တမ်းတိုးခွင့်လည်းရှိသည်။

ဦးကျော်လွင်၏ စီပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ နှစ်ပေါင်းရှည်ကြာ လျစ်လျူရှုထားရာမှ ယခုကဲ့သို့ အရေးယူရန် စီစဉ်ခြင်းမှာ ကျားဖြန့်နှိမ့်နင်းရေးတွင် နာမည်ကောင်းယူရန်ဖြစ်နိုင်သည်ဟု ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့မှ မိတ္တသဟရနာရေးကူညီမှုအသင်း တည်ထောင်သူ ကိုသားကျော်က ပြောသည်။

“ကျွန်တော့်အမြင်ကတော့ နှစ်ဖက်ညှပ်ပြီးတော့ နာမည်ကောင်းယူကြတာ၊ ခဏပြလိုက်တာပါ။ ပြီးရင် သူ့အမှုကတော့ ကျွန်တော်တို့ သိသလောက် ထိုင်းနိုင်ငံရဲ့ ဥပဒေအရ ဒီငွေတွေ ဘယ်ကလာတယ်ဆိုတာ ရှင်းပြရမယ်၊ အဲ့ဒါလောက်ပဲ။ ဟိုဘက်ဒီဘက် နာမည်ကောင်းယူပြီး ထိုင်းအစိုးရခိုင်းတာကို စစ်ကောင်စီက လုပ်၊ စစ်ကောင်စီက အကူအညီတောင်းတာကို ထိုင်းအစိုးရက လုပ်ပေးပေါ့”

ဦးကျော်လွင်သည် ထိုင်းနှင့် မြန်မာစစ်ဗိုလ်ချုပ်များကို ရင်းနှီးကျွမ်းဝင်သူဖြစ်ပြီး နှစ်နိုင်ငံနယ်စပ် ကော့သောင်းမြို့အနီး သူဌေးကျွန်းဟိုတယ်၊ စက်သုံးဆီတင်သွင်းခြင်းလုပ်ငန်း၊  ရနောင်းမြို့တွင် မည်သူမည်ဝါဖြစ်ကြောင်းလက်မှတ် (CI) ထုတ်ပေးရေးစင်တာ စသည်တို့ကိုလည်း လုပ်ကိုင်ခွင့်ရထားသည်ဟု သိရသည်။

သူဋ္ဌေးကျွန်းဟိုတယ်သည် စတင်ခွင့်ပြုချိန်ကတည်းက ကာစီနိုလောင်းကစားလုပ်ငန်းကိုင်ခွင့်ပြုခဲ့ပြီး လောင်းကစားသူများကို ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ ဟိုတယ်သို့ စပိဘုတ်များဖြင့် သယ်ယူပို့ဆောင်သည်ဟု သိရသည်။ လာရောက်သူများကို ဟိုတယ်တွင် အခြေစိုက်ထားသည့် ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်ဌာနများက စိစစ်ခွင့်ပြုပေးနေခြင်းဖြစ်သည်ဟု သိရသည်။

လောင်းကစားလိုသူများ၊ ထိုင်းတွင် နေထိုင်စဉ် ဗီဇာသက်တမ်းကုန်သဖြင့် နယ်စပ်ဖြတ်ပြီး ဗီဇာရယူလိုသူများ လာရောက်တတ်သည့် ဇိမ်ခံဟိုတယ်သည် လတ်တလော ဝရမ်းထုတ်ခြင်းများ၊ အဖမ်းအဆီးများကြောင့် လုပ်ငန်းရပ်ဆိုင်းသွားသည်။

နိုင်ငံတကာ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများကလည်း Grand Andaman ဟိုတယ်နှင့် ချိတ်ဆက်လုပ်ဆောင်မှုများကို ၎င်းတို့၏ အင်တာနက်စာမျက်နှာမှ ပယ်ဖျက်လိုက်သည်။

စစ်ကောင်စီသည် ၎င်းတို့အကျိုးအတွက် မည်သူ့ကိုမဆို ချနင်းမည်ဖြစ်ခြင်းကြောင့် စစ်အုပ်စုနှင့် ပူးပေါင်းသည့် လုပ်ငန်းရှင်များ ပြန်စဉ်းစားသင့်သည်ဟုလည်း ရနောင်းမြို့ခံက မှတ်ချက်ပြုသည်။

စစ်အပ်စုအနေဖြင့် ထွက်ပေါက်ပိတ်လာချိန်တွင် ၎င်းတို့ကို သစ္စာခံခဲ့သည့် စစ်တပ်အရာရှိကြီးများကို ထောင်ချခြင်း၊ ကျားဖြန့်နှင့် ဆက်စပ်သည်ဟု ယူဆရသည့် ကိုးကန့်သူဌေးများကို တရုတ်လက် ထိုးအပ်ခြင်း စသည့် ဖြစ်စဉ်များကို လုပ်ငန်းရှင်များက သာဓကယူသင့်သည်ဟု ဆိုသည်။

“သူတို့အနာဂတ် မရှိဘူး။ နိုင်ငံတကာက သူတို့ကို အရေးယူလာပြီဖြစ်တယ်။ တစ်နေ့ထက်တစ်နေ့၊ တစ်ခုပြီးတစ်ခု အရေးယူလာပြီဖြစ်တဲ့အတွက် စစ်အုပ်စုနဲ့ ပူးပေါင်းနေတဲ့ စီးပွားရေးသမားတွေသည် စီးပွားတက်ဖို့၊ ဖြစ်ထွန်းဖို့နေနေသာသာ ရှိပြီးသားလုပ်ငန်းတွေ၊ နဂိုစုဆောင်းထားတာတွေပါ ပျက်စီးဆုံးရှုံးဖို့လမ်းဖြစ်တယ်”

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းလောင်းကစား ငွေလိမ်ဂိုဏ်းများကို ဖြိုခွင်းရေး နှစ်နိုင်ငံစစ်တပ်ခေါင်းဆောင်များ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးပြီးနောက် နိုင်ငံအောက်ပိုင်းမှ နာမည်ကြီးလုပ်ငန်းရှင်နှင့် ဆက်စပ်သူများကို စတင်အရေးယူလာခြင်းဖြစ်သည်။

အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့်ပတ်သက်၍ ထိုင်းစစ်တပ်မှ ထိပ်တန်းခေါင်းဆောင်များ နေပြည်တော်သို့ လာရောက်ခဲ့ကာ မြန်မာစစ်တပ်မှ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သုံးကြိမ်တိုင် ဆွေးနွေးထားသည်။

Show More

Related Articles

Back to top button