
ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်လွင် ဖမ်းဆီးခံရသည်မှာ ၁၀ ရက်ကျော် ကြာမြင့်နေပြီး အဆက်အသွယ်ပြတ်နေသဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးရန် ရခိုင့်ဦးဆောင်ပါတီ (AFP) နှင့် မိသားစုဝင်များက တောင်းဆိုလိုက်သည်။
ရခိုင့်ဦးဆောင်ပါတီ (AFP) ၏ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်သော အသက် ၅၄ နှစ်အရွယ် ဦးကျော်လွင်နှင့် AFP ပါတီ ဗဟိုကော်မတီဝင် အသက် ၆၀ အရွယ် ဦးမောင်ကောင်းတို့ကို ပြီးခဲ့သည့် အောက်တိုဘာ ၄ က ဇင်ချောင်းရွာ တောင်ဘက် တစ်ဖာလုံခန့်အကွာရှိ ဥယျာဉ်ခြံတစ်ခုအတွင်းမှ ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ယင်းသို့ ဖမ်းဆီးခံရပြီးနောက် အောက်တိုဘာ ၆ တွင် ဦးမောင်ကောင်းကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ ၎င်းတို့ကို ဖမ်းသွားသည့် အဖွဲ့အစည်းအမည်ကို ထုတ်ဖော်ပြောဆိုရန် ခက်ခဲနေကြောင်း ဦးကျော်လွင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။
“ဖမ်းသွားတာကို ကျွန်တော်တို့ ပြောဖို့ ခက်ပါတယ်။ အဖွဲ့အစည်းတစ်ခုကလို့ပဲ ပြောရပါမယ်။ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာကိုလည်း သူတို့က မထုတ်ပြန်။ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာကို ပြောဖို့လည်း အခက်” ဟု အထက်ပါ မိသားစုဝင်က ဆက်ပြောသည်။
အမြန်ဆုံးပြန်လွှတ်ပေးစေလိုပြီး မည်သည့်အတွက် ဖမ်းဆီးရသည်ကို ထုတ်ပြန်ပေးစေလိုကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ကတော့ အမြန်လွတ်စေချင်တယ်။ အဓိကတော့ ဖမ်းဆီးသွားတဲ့ အဖွဲ့အစည်းအနေနဲ့လည်း စစ်ဆေးရဦးမယ်ဆိုရင်တောင် ဘာကြောင့် ဖမ်းရတယ် ထုတ်ပြန်စေချင်ပါတယ်။ အကြောင်းကြားတာလည်း မရှိ၊ ထုတ်ပြန်တာလည်း မရှိဆိုတော့ မိသားစုအနေနဲ့ ပိုပြီးတော့ စိုးရိမ်မိတာပေါ့”
ဦးကျော်လွင်မှာ ၂၀၁၅ တွင် ရခိုင်အမျိုးသားပါတီ(ANP) ကိုယ်စားပြု၍ ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဒေါက်တာအေးမောင် တည်ထောင်သည့် AFP ပါတီ ဝင်ရောက်ခဲ့ကာ တစ်သီးပုဂ္ဂလအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။
“သူက စိုက်ပျိုးရေးတစ်ခုပဲ လုပ်တာ။ လောင်းကစားဘာညာ တစ်ခုမှ ပြင်းပြင်းထန်ထန်လုပ်တာလည်း မရှိဘူး။ သူက စစ်ကောင်စီနဲ့လည်း ပူးပေါင်းလို့ လုပ်တာမရှိဘူး။ သူဟာနဲ့သူ ခြံထဲမှာပဲ လုပ်နေတာ။ သူက လက်ရှိမှာ AFP ပါတီဝင်တစ်ယောက်ပါ” ဟု အထက်ပါမိသားစုဝင်က ပြောသည်။
နှစ်ရက်အကြာတွင် ပြန်လည်လွတ်မြောက်လာသည့် ဦးမောင်ကောင်းအား ဖမ်းဆီးခံရသည့်အခြေအနေများနှင့် ပတ်သက်ပြီး Myanmar Now က ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း မရရှိသေးပေ။
ရခိုင်လူထုအကြား စိတ်ဝမ်းကွဲပြားမှုများနှင့် မလိုအပ်သော နောက်ဆက်တွဲဒဏ်ချက်များ မဖြစ်စေရေးအတွက် ဦးကျော်လွင်ကို ဖမ်းဆီးထားခြင်းမှ ပြန်လွှတ်ပေးရန် ရခိုင့်ဦးဆောင်ပါတီ AFP က ယမန်နေ့ အောက်တိုဘာ ၁၄ တွင် ထုတ်ပြန်တောင်းဆိုထားသည်။
အလားတူ ဦးကျော်လွင်အား မြန်မာစစ်တပ်က ဖမ်းဆီးထားခြင်းမဟုတ်ကြောင်း၊ ဖမ်းဆီးထားသည့် အဖွဲ့အစည်းအနေဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် AFP ပါတီ ဦးဆောင်သူ ဒေါက်တာအေးမောင်က တောင်းဆိုကြောင်း DMG သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။
ဦးကျော်လွင်အား ULA/AA နယ်မြေစခန်းတစ်ခုတွင် ထိန်းသိမ်းထားသည်ဟု ကြားသိရကြောင်း မိသားစုဝင်များကို ကိုးကားပြီး ရခိုင်အခြေစိုက်သတင်းဌာနတချို့က ရေးသားဖော်ပြထားသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) က ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခထံ Myanmar Now က ယမန်နေ့ က ဆက်သွယ်မေးမြန်းခဲ့ရာ ဖမ်းဆီးထားခြင်းရှိမရှိကို ၎င်းအနေဖြင့် မသိရသေးကြောင်း ပြောသည်။
“ဖြစ်စဉ်ကို ငါတို့လည်း အသေအချာမသိရသေးဘူး။ ဖမ်းထားတာ ရှိလားမရှိလား အဲဒါကိုလည်း မသိရသေးဘူး။ ဖမ်းသွားတယ်လို့ ကြားလို့ စုံစမ်းလေ့လာနေတာတွေတော့ ရှိတယ်လို့တော့ ပြောတယ်။ ဘယ်လိုအခြေအနေရှိတယ်ဆိုတာကို ငါတို့ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)