ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ကူညီသည်ဟု ဆိုကာ ဖမ်းဆီးအမှုဖွင့်ခံထားရသူများအနက် ၂ ဦးကို ရခိုင်ပြည်နယ် သံတွဲမြို့နယ်တရားရုံးက ယမန်နေ့ ( မတ် ၉) တွင် အကြမ်းဖက်ပုဒ်မနှင့် စွဲချက်တင်လိုက်သည်။
ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ၄၂ နှစ်အရွယ် ဦးစိန်ချစ်၊ အငှားသုံးဘီးယာဉ်မောင်း ၂၄ နှစ်အရွယ် ကိုရဲနိုင်ဦးဆိုသူတို့ကို ယမန်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပြီး ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိ ချမှတ်နိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နှင့် စွဲချက်တင်ခြင်းဖြစ်ကြောင်း အမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဒေါ်သင်္ဂီမောင်က ပြောသည်။
“ကိုစိန်ချစ်တို့နှစ်ယောက်ကတော့ အပြစ်မရှိဘူးလို့ ငြင်းဆိုထားတယ်ပေါ့နော်။ ငြင်းဆိုထားပြီးတော့ တရားလိုပြသက်သေ ၁၃ ဦးထဲက ပြန်ခေါ်သက်သေဖြစ်တဲ့ တပ်ကြပ်ကြီးကျော်မင်းကို တရားလိုပြသက်သေအဖြစ် ပြန်စစ်မယ်ဆိုပြီး ချိန်းထားပါတယ်” ဟု ဒေါ်သင်္ဂီမောင်က ပြောသည်။
ခြေလျင်တပ်ရင်း ၅၅ မှ ဗိုလ်ကြီးနေဇော်ထက်က ၎င်းတို့နှစ်ဦး PDF ကို ငွေကြေးကူညီသည်ဟုဆိုကာ အမှုဖွင့်ထားကြောင်း၊ တရားလိုပြသက်သေများထဲမှ တပ်ကြပ်ကြီး ကျော်မင်းဆိုသူကို လာမည့် မတ် ၁၇ ရုံးချိန်းတွင် ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း ရှေ့နေထံမှ သိရသည်။
“ကိုစိန်ချစ်နဲ့ ကိုရဲနိုင်ဦးတို့ဘက်ကတော့ အခုလောလောဆယ်စွဲချက်တင်ထားတဲ့ ပုဒ်မနဲ့တော့ သူတို့ကျူးလွန်တာ မရှိဘူးလို့ ထုချေထားပါတယ်ရှင့်” ဟု ရှေ့နေက ပြောသည်။
ပရဟိတလူမှုရေးလုပ်ငန်း လုပ်ကိုင်သူဖြစ်သည့် ဦးစိန်ချစ်ကို ယမန်နှစ် အောက်တိုဘာ ၉ တွင် နေအိမ်မှာ ရဲများက သွားရောက်ဖမ်းဆီးခြင်းဖြစ်ပြီး သံတွဲထောင်၌ ထိန်းသိမ်းထားသည်။
၎င်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် သံတွဲမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ AFP ပါတီကိုယ်စားပြု၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။
၎င်းနှင့်အတူ ပရဟိတလုပ်ကိုင်သည့် ကိုရဲနိုင်ဦး ထိုလ ၂၃ ရက်က ငပလီဟိုတယ်တွင်ရှိနေစဉ် ရဲများက ဖမ်းလိုက်သည်။
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှ ကျောင်းသားလူငယ်တစ်ဦးက ဦးစိန်ချစ် ကူညီပေးခဲ့သည်ဟု စစ်ကောင်စီ၏ စစ်ကြောရေးတွင် ထွက်ဆိုချက်အရ ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ဇနီးဖြစ်သူ ဒေါ်ခင်နှင်းဖြူက ပြောသည်။
“မအူပင်က PDF ဆိုပြီး သူတို့ဖမ်းဆီးထားတဲ့ ကျောင်းသားလေးတစ်ယောက်က ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ရုံးချိန်းမှာ ဒီမှာလာပြီး အစစ်အဆေးခံတယ်လေ။ အဲဒီနေ့က အဲဒီကလေးက ကိုစိန်ချစ်ကို မမြင်ဖူးဘူးလို့ပဲ ထွက်ဆိုသွားတယ်။ ဓာတ်ပုံပြပြီး စစ်ကြောရေးမှာ မေးတဲ့အချိန်မှာ မတတ်သာလို့ သိတယ်ဆိုပြီး ပြောလိုက်တာ။ အဲဒါကြောင့် ကိုစိန်ချစ်ကို မမြင်ဖူးဘူးဆိုပြီး တရားရုံးမှာ ထွက်ဆိုသွားတယ်” ဟု ဆိုသည်။
ခင်ပွန်းဖြစ်သူ ဦးစိန်ချစ်မှာ PDF ထောက်ပံ့သူမဟုတ်ကြောင်း၊ ကျောင်းသားသမဂ္ဂအဖွဲ့က ဖုန်းဆက်အကူအညီတောင်းမှုကြောင့် သွားရေးလာရေး အခက်အခဲဖြစ်နေသည့် ကျောင်းသားအချို့ကို ကူညီပေးခဲ့ခြင်းသာရှိကြောင်း ၎င်းက ဆက်ပြောသည်။
“သူက PDF ကို ကူညီတာလည်း မဟုတ်ဘူး။ နဂိုကတည်းက သူက ပရဟိတစိတ်ရှိတော့ သူနဲ့ ရင်းနှီးတဲ့လူတွေ အကူအညီတောင်းတဲ့အခါ ကူညီပေးလိုက်တဲ့သဘောပါ” ဟု ဒေါ်ခင်နှင်းဖြူက ပြောသည်။
ယမန်နေ့ ရုံးချိန်းတွင် ခင်ပွန်းဖြစ်သူနှင့် တွေ့ခွင့်ရရှိခဲ့ပြီး အရေပြားဓာတ်မတည့်မှုကြောင့် အင်ပြင်များ ထွက်နေကြောင်း၊ ဗိုက်အောင့်သည့်ဝေဒနာကို ခံစားနေရသည်ဟု ပြောဆိုကြောင်း ဇနီးဖြစ်သူက ဆိုသည်။
ယမန်နှစ်အောက်တိုဘာအတွင်း ဖမ်းဆီးခံခဲ့ရသည့် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ မင်းဒီပါသည် PDF ကို ငွေကြေးထောက်ပံ့သည်ဟု ဆိုကာ ဖေဖော်ဝါရီ ၂၅ ၌ မြောက်ဦးခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။
အလားတူစစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်သည်ဟူသော စွပ်စွဲချက်ဖြင့် သံတွဲမြို့ခံ ကမန်လူငယ် ကိုဇေယျာဆိုသူ ဖမ်းဆီးခံရပြီး တစ်လမပြည့်မီ ပထမရုံးချိန်းတွင်ပင် စစ်ကောင်စီက ပုဒ်မ ၂ ခုဖြင့် ထောင် ၁ နှစ်နှင့် ၁ လ ချမှတ်ခဲ့သည်။
ရခိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားမှုများကို မတွေ့ရသော်လည်း ဆက်စပ်သည်ဟု ဆိုကာ အမျိုးသမီးများအပါအဝင် ဖမ်းဆီးတရားစွဲဆိုခံရသူ ၁၀ ဦးကျော်ရှိနေပြီဖြစ်သည်။
ယမန်နှစ် နိုဝင်ဘာ ၄ ကတည်းက PDF ထောက်ပံ့မှုသံသယနှင့် ဖမ်းဆီးခံထားရပြီး အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ခံထားရသည့် အသက် ၃၅ နှစ်အရွယ် ဒေါ်ငြိမ်းအိဖြိုးကျော်၏ ၂ နှစ်ကျော်အရွယ် သမီးငယ်မှာလည်း ထောင်တွင်း မိခင်နှင့်ရှိနေစဉ် မကျန်းမာသဖြင့် သေဆုံးသွားခဲ့ရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)