သတင်း

ရခိုင်ဒေသတွင် PDF သံသယဖြင့် ဖမ်းဆီးခံရသူ ၃ ဦး ရှိနေ

ရခိုင်ပြည်နယ်တွင် PDF ခေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပတ်သက်သည်ဟု ဆိုကာ ရခိုင့်ဦးဆောင်ပါတီ (AFP) ပါတီဝင်တစ်ဦးနှင့် အခြားနှစ်ဦး စွပ်စွဲ ဖမ်းဆီးခံထားရသည်။  

အောက်တိုဘာ ၉ ညပိုင်းတွင် ပြည်နယ်စစ်ကောင်စီက AFP ပါတီဝင် အသက် ၄၂ နှစ်အရွယ် ဦးစိန်ချစ်ကို သံတွဲမြို့နေအိမ်တွင် ဖမ်းဆီးကာ နောက်တစ်ရက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) ၊ ၅၂ (က) တို့ဖြင့် အမှုဖွင့်ခဲ့သည်ဟု ဇနီးဖြစ်သူ ဒေါ်ခင်နှင်းဖြူထံမှ သိရသည်။ 

“အစ်မတို့ကလည်း အတိအကျမသိရသေးဘူး။ PDF နဲ့ ဆက်စပ်တယ်ဆိုလား၊ အကူအညီပေးတယ်ဆိုလားပဲ။ အဲဒီလိုမျိုးကြောင့်တဲ့” ဟု ဒေါ်ခင်နှင်းဖြူက ယမန်နေ့ (အောက်တိုဘာ ၂၄) တွင် ပြောသည်။

“အခု သူက စစ်တပ်ထဲမှာပဲ။ စစ်တပ်က (ခလရ)  ၅၅၊ ၅၆ နှစ်တပ်ရှိတယ်ဆိုတော့ ဘယ်တပ်မှာလဲ  မသိရသေးဘူး။ အစ်မတို့က သူ့ကို (မြို့နယ်တရားရုံးမှာ) ရုံးထုတ်တဲ့အချိန်ကျမှ ခဏလေးမြင်ရတာ။ အေးအေးဆေးဆေး စကားပြောလို့မရ။ အခု သူ ရုံးချိန်း နှစ်ခါရှိပါပြီ”  

ပါတီဝင်တစ်ဦးဖြစ်သူ ဦးစိန်ချစ် ဖမ်းဆီးတရားစွဲဆိုခံထားရမှုကို စောင့်ကြည့်နေကြောင်း AFP ပါတီ၏ ဒုဥက္ကဋ္ဌလည်းဖြစ်၊ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သော ဦးကျော်ဇောဦးက ပြောသည်။

“ကျွန်တော်တို့ကတော့ အခြေအနေကို စုံစမ်းနေပါတယ်။ စောင့်ကြည့်နေပါတယ်။ အတိကျတော့ မသိရသေးပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

ဦးစိန်ချစ်သည် ၂၀၂၀ ခုနှစ် နိုဝင်ဘာ၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သံတွဲမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။

မိသားစုအသက်မွေးဝမ်းကျောင်းဖြစ်သော ပင်လယ်စာလုပ်ငန်းလုပ်ကိုင်သူ ဦးစိန်ချစ်မှာ လူမှုရေးပရဟိတလုပ်ငန်းများကိုလည်း လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း ဇနီးဖြစ်သူထံမှ သိရသည်။

ဦးစိန်ချစ် အဖမ်းခံရပြီးနောက် ၎င်းနှင့်အတူ ပရဟိတလုပ်ငန်းလုပ်ကိုင်သည့် အသက် ၂၄ နှစ်အရွယ် ကိုရဲနိုင်ဦးဆိုသူကို အောက်တိုဘာ ၂၃ မွန်းလွဲ ၂ နာရီခန့်တွင် ရဲများက လာရောက်ဖမ်းဆီးသွားကြောင်း၊ ၎င်းကိုလည်း ဦးစိန်ချစ်ကဲ့သို့ပင် အကြမ်းဖက်မှုဆိုင်ရာ ပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ငပလီမြို့၊ လင်းသာရပ်ကွက်တွင် နေထိုင်သည့် ကိုရဲနိုင်ဦးမှာ အငှားသုံးဘီးယာဉ်မောင်းသူဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) သည် ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်း၊ ပုဒ်မ ၅၂ (က) သည်  ၃ နှစ်မှ ၁၀ နှစ်အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ 

ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ကလည်း PDF နှင့် ဆက်စပ်သည်ဟုဆိုကာ မြောက်ဦးမြို့နယ်၊ ပန်းမော်ရွာမှ  အသက် ၂၃ နှစ်အရွယ် စာရေးဆရာ မင်းဒီပါ (မြို့ဟောင်းမြေ) ဖမ်းဆီးခံထားရသည်။

အောက်တိုဘာ ၂၉ တွင် မြောက်ဦးတရားရုံး၌  ရုံးထုတ်စစ်ဆေးမည်ဖြစ်ပြီး မည်သည့်အတွက် ဖမ်းဆီးသည်ကို ထိုနေ့တွင်မှ သိရမည်ဟု မင်းဒီပါ၏ အစ်ကိုဖြစ်သူ ကိုအောင်မြင့်က ပြောသည်။

“အခုလောလောဆယ်တော့ မိသားစုနဲ့ မတွေ့ရဘူး။ သူက အခု မြောက်ဦးမြို့မရဲစခန်းမှာပါ။ ကျွန်တော်တို့ကတော့ ဘာကြောင့် ဘာအမှုနဲ့ ဖမ်းဆီးသွားတယ်ဆိုတာကို အတိအကျမသိရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) သာ လှုပ်ရှားနေပြီး PDF  လှုပ်ရှားမှုကို မတွေ့ရပေ။  

၂၀၂၀ နိုဝင်ဘာလဆန်းတွင် AA နှင့် စစ်တပ်တို့ နားလည်မှုဖြင့် အပစ်ရပ်ခဲ့ပြီး အကျဉ်းသား အပြန်အလှန်လွှတ်ပေးရာ လက်ရှိရခိုင်ပြည်နယ်၌ အတိုင်းအတာတစ်ခုဖြင့် ဒေသတည်ငြိမ်နေသည်။ 

NLD အားကောင်းသည့် ရခိုင်တောင်ပိုင်းဒေသများတွင် စစ်အာဏာသိမ်းစ၌ စစ်အာဏာရှင်ဆန့်ကျင်မှု ဆန္ဒပြပွဲများရှိခဲ့သော်လည်း ထိုဒေသမှ NLD ခေါင်းဆောင်များ ထိန်းသိမ်းခံလိုက်ရပြီးနောက် ထိုလှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button