အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

မြန်မာ – ထိုင်းနယ်စပ်ရှိ ကင်ဆာလို အမြစ်တွယ်နေသည့် ကျားဖြန့်ဆိုက်ဘာဂိုဏ်းများ

နှစ်နိုင်ငံနယ်စပ်တွင် အခြေပြုသည့် ကျားဖြန့်ဟု လူသိများသော အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တရုတ်၊ ထိုင်း အပါအဝင် နိုင်ငံတကာက ပူးပေါင်းနှိမ်နင်းခဲ့ကြသော်လည်း ရေသောက်မြစ်များ အခိုင်အမာတွယ်နေသည့် ထိုလုပ်ငန်းများသည် ဆက်လက်ကြီးထွားနေဆဲဖြစ်သည်။

မြန်မာ-ထိုင်းနယ်စပ်တွင် အခြေစိုက်သော အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များကို  စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) အပါအဝင် ဒေသတွင်းအခြေစိုက် လက်နက်ကိုင်အဖွဲ့က ယခုနှစ် နှစ်ဆန်းပိုင်း ခန့်တွင်  နှိမ်နင်းခဲ့သည်။

သို့သော် ထိုလုပ်ငန်းများသည် ယနေ့အချိန်အထိ အရှိန်အဟုန်မပြတ် ဆက်လက် လည်ပတ်နေဆဲဖြစ်သည်။

စစ်တပ်၏သစ္စာခံ BGF က ယခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ရွှေကုက္ကိုမြို့ အထပ်မြင့်အဆောက်အအုံများကို ဝင်ရောက်စီးနင်းသည့် စစ်ဆင်ရေး တစ်ခုကို စတင်ခဲ့သည်။ 

ရိုက်နှက်နှိပ်စက်ခံရသူများ၊ လူကုန်ကူးခံရသူများကို BGF တပ်ဖွဲ့ဝင်များက တစ်ခန်းဝင် တစ်ခန်းထွက်  ရှာဖွေခဲ့ကြသည်။ ယင်းစစ်ဆင်ရေးကြောင့် တစ်မြို့လုံးနီးပါး ထိတ်လန့်သွားခဲ့ကြသည်။

လူကုန်ကူးခံရသည်ဟု ယူဆရသူများနှင့် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည်ဟု ယူဆရသော နိုင်ငံခြားသားများကို  BGF နှင့် ကရင်လက်နက်ကိုင်အခြားတစ်ဖွဲ့ဖြစ်သော DKBA တို့က ဖမ်းဆီးပေးသည်။

ယင်းနောက် မြန်မာစစ်တပ်နှင့် ရဲတို့က လုပ်ထုံးလုပ်နည်းအရ စိစစ်၍ ထိုင်းသို့ လွှဲပြောင်းပေးပြီး သက်ဆိုင်ရာ နိုင်ငံအစိုးရများက ပြန်လည် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ အချို့သော နိုင်ငံသားများသည် ၎င်းတို့၏ သက်ဆိုင်ရာ သံရုံးများက ထိုင်းနိုင်ငံတွင် အခြေမစိုက်သဖြင့် နေရပ်ပြန်နိုင်ရေး ကြန့်ကြာမှုများ ရှိခဲ့သည်။ 

ကျားဖြန့်အရေး လုပ်ဆောင်ချက်များသည် နိုင်ငံတကာ ထိပ်တန်းခေါင်းစီးသတင်းများဖြစ်လာပြီး အထူးသဖြင့် BGF ထိန်းချုပ်နယ်မြေများတွင်  နိုင်ငံအသီးသီးမှ  လူမျိုးပေါင်းစုံအား တွေ့ရှိ ဖမ်းဆီးပြန်ပို့ခဲ့သည့် သတင်းများကို ဝေဝေဆာဆာဖော်ပြခဲ့ကြသည်။

အမြစ်တွယ်နေသော “ကျားဖြန့်” လုပ်ငန်းများ

BGF က “ကျားဖြန့်ကုမ္ပဏီများ” ကို ဝင်ရောက်ဖမ်းဆီးခြင်း မပြုမီ တရုတ်နိုင်ငံသားများကို ကြိုတင်၍ အလုပ် ထုတ်ပယ်ခဲ့သည်ဟု ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့သူများက ဆိုသည်။

ကျားဖြန့်လုပ်ငန်း၏ အခေါ် “ မန်နေဂျာ” ၊ “HR ”အဖြစ် တာဝန်ယူထားသည့် တရုတ်လူမျိုးများမှလွဲ၍  လိမ်လည်ရန် သားကောင်ရှာသူများ Finding၊ Chatting အောက်ခြေအဆင့် နေရာမျိုး၌ လုပ်ကိုင်သူ တရုတ်လူမျိုးများ အလုပ်ထုတ်ခံရခြင်းဖြစ်သည်ဟု ဆက်သွယ်ခဲ့သည့် သတင်းရင်းမြစ်များက ပြောသည်။

အခြားတစ်ဖက်တွင်မူ ကျားဖြန့်ဂိုဏ်းများသည် လစ်လပ်လုပ်သားနေရာတွင် မဆိုင်းမတွ အစားထိုးဖြည့်တင်း၍ လုပ်ငန်းများကို အင်နှင့်အားနှင့် ဆက်လက်လည်ပတ်သည်။ 

နယ်စပ်မြို့ဖြစ်သော ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ  AA Park၊ KK Park၊ ဝမ်ခ၊ ကျောက်ခတ်နှင့် ရွှေကုက္ကိုဒေသ ကျားဖြန့်လုပ်ငန်းများသည် လူမှုကွန်ရက်စာမျက်နှာများတွင် နေ့စဉ် ရာချီသော အလုပ်ခေါ်စာများဖြင့် လုပ်သားသစ် ပေါ်ပေါ်ထင်ထင် စုဆောင်းလျက်ရှိသည်။ 

အပြသဘောအနေဖြင့် အဖမ်းအဆီးပြ ပြန်ပို့ခံလိုက်ရသည့် နိုင်ငံအသီးသီးမှ လစ်လပ်သွားသော လူများ နေရာတွင် မြန်မာလူငယ်များဖြင့် အစားထိုးလိုက်ခြင်းဖြစ်ပြီး တရုတ်ကျားဖြန့်ဂိုဏ်းများ၏ “ကျားဖြန့်” လုပ်ငန်းအမွေအား ဆက်ခံစေခဲ့သည်။ 

BGF ၏ စီးနင်းဖမ်းဆီးမှုအတွင်း ထိန်းသိမ်းခံထားရသော ကျားဖြန့်လုပ်သားများနှင့် လူကုန်ကူးခံရသူ များကို ယခုနှစ် ဖေဖော်ဝ်ါရီလ ၂၆ ရက်နေ့က KK Park တွင် တွေ့ရစဉ်။ (ဓာတ်ပုံ-AFP) 

“အခြေအနေက ဘာမှမပြောင်းလဲဘူးလေ၊ ငါးရက်လောက်ပဲ ပိတ်တာပြတယ်။ ပြီးတော့ ပြန်ဖွင့်တယ်။ ညီမတို့ရုံတောင် ငါးရက်ပဲ ပိတ်တာ။ တချို့ရုံတွေမှာတော့ ဟန်ပြပဲလုပ်သွားတာပါ၊ ညဘက်တွေ ပြန်ဝင် တယ်ထင်တာပဲ”  ရွှေကုက္ကိုကျားဖြန့်လုပ်ငန်းတွင် ကျားဖြန့်လုပ်သားစုဆောင်းရေး ( လုပ်ငန်းအခေါ် HR) လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ကျားဖြန့်လုပ်သား လိုအပ်ချက်များကြောင့် ကျားဖြန့်ဂိုဏ်းများသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားရှိ မြန်မာလူငယ်များကို ပိုမိုပစ်မှတ်ထားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးနှင့်စစ်ရေးပဋိပက္ခများကြောင့် အနိမ့်ဆုံးရောက်နေသော တရားဥပဒေစိုးမိုးမှုနှင့် အလုပ်အကိုင်ရှားပါးမှုအား အခွင့်ကောင်းယူ၍ ကျားဖြန့်လုပ်ငန်း၏ လုပ်သား လိုအပ်ချက်ကို ဖြည့်တင်းသည်။

“ဒီမှာတော့ (KK Park) တရုတ်တွေကို ပြန်ပို့တယ် ဖမ်းတယ်ဆိုပေမဲ့ လုံးဝ လျော့မသွားဘူး။ ဒီအလုပ် (ကျားဖြန့်) တွေကတော့ အမြဲတမ်း ဆက်လုပ်နေတာပဲ၊ အမြဲတမ်း လည်ပတ်နေတာပဲ” KK Park စားသောက်ဆိုင် တစ်ခုတွင် အစားအသောက်ပို့ဆောင်သည့် အလုပ် လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

တရုတ်ကျားဖြန့် မျိုးစေ့ မြန်မာလူငယ်များ ဆက်လက်စိုက်ပျိုးနေပြီလား

မြဝတီမြို့ခံများအဆိုအရ  တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်မြင်သည့် ဒေသခံလူငယ်များ၊ ဘွဲ့ရလူငယ်များနှင့် နိုင်ငံတဝှမ်းရှိ ပညာတတ်လူငယ်များအတွက် ကျားဖြန့်သည် အလုပ်အကိုင် အခွင့်အလမ်းသဖွယ် ဖြစ်လာနေသည်ဟု ဆိုကြသည်။

ကျားဖြန့်လုပ်ငန်းများသည် မြဝတီမြို့အစွန်အဖျားနေရာများ၊ DKBA နှင့် BGF တို့ ထိန်းချုပ်ထားသော UK၊ ၆၆၉၊ ၉၉၉၊ ၁၂၊ ၂၅ စသည့် ဂိတ်များရှိ ကာစီနိုရုံများတွင် ရှိနေသည်ဟု ကျားဖြန့်လုပ်ငန်းများနှင့် နီးစပ်သူများက ပြောသည်။  

ကျားဖြန့်ဂိုဏ်းများ၏ အလုပ်ခေါ်စာများတွင်လည်း UK၊ ၉၉၉၊ ၆၆၉ ကဲ့သို့သော သောင်ရင်းမြစ်ဘေးရှိ ဂိတ်အမည်များ၊ လုပ်ကိုင်ရမည့်နေရာနှင့် ခေါ်ယူသူ၏ ရာထူးများကို ထည့်သွင်းထားသည်ကို စစ်ဆေး တွေ့ရှိရသည်။

တယ်လီဂရမ်တွင် ကြေညာထားသည့်  ကျားဖြန့်ဂိုဏ်းများ၏ အလုပ်ခေါ်စာ ။

DKBA နှင့် BGF ထိန်းချုပ်နယ်မြေအတွင်းရှိ ကျားဖြန့်ရုံများတွင် စားဖိုမှူးအဖြစ် လုပ်ကိုင်ခဲ့သော အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက “ကာစီနိုကတော့ ဟန်ပြပါပဲ။  ထိုင်းတချို့ လာကစားတာတော့ တွေ့ရပါတယ်။ တကယ်က ဟန်ပြပါပဲ” ဟု ပြောသည်။

ဒေသတွင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုနှင့် တရားဥပဒေ စိုးမိုးမှုလျော့နည်းလာခြင်းများကို အခွင့်ကောင်းယူ၍ မြန်မာလူငယ်များကို ကျားဖြန့်လုပ်သားအဖြစ် စည်းရုံးခေါ်ယူနေခြင်းကို အထူးသတိပြုရန် လိုအပ်ကြောင်း ၎င်းတို့က မှတ်ချက်ပြုသည်။

ထို့ပြင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကျူးလွန်နေသော ရာဇဝတ်ဂိုဏ်းများနှင့် မပတ်သက်မိရန် အထူးသတိထားရန်လိုအပ်ကြောင်း အကြံပြုသည်။

“ဒီမြို့မှာတော့ ဘဝ အာမခံချက်ဆိုတာ မရှိဘူးလေ။ အဲဒီတော့ မပျော်လည်း လုပ်ရမှာပဲ” ဟု မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသည့် မြန်မာအမျိုးသားတစ်ဦးက ဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသည့် နေအိမ် တစ်အိမ်အား ထိုင်းရဲတပ်ဖွဲမှ ဝင်ရောက်စီးနင်းခဲ့ရာ ၁၇ ဦး ဖမ်းဆီးမိသည့်အနက် မြန်မာနိုင်ငံသား နှစ် ဦး ပါဝင်နေသည်။

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ KK Park၊ ရွှေကုက္ကို၊ ဝမ်ခ၊ မြဝတီ၊ ကျောက်ခတ်၊ ဝေါလေ စသည့် ဒေသများရှိ ကျားဖြန့်လုပ်ငန်းများတွင် မြန်မာနိုင်ငံသား လူငယ်အများအပြား ပါဝင်ပတ်သက်နေသည်ကို တွေ့ရသည်။ 

ကျားဖြန့်ဂိုဏ်းများနှင့် ကျားဖြန့်လုပ်သားများအား စုစည်း၍ ဖွဲ့စည်းထားသော Telegram လူမှုကွန်ရက် စာမျက်နှာများ၏ အချက်အလက်များအရ မြန်မာနိုင်ငံသား ကျားဖြန့်လုပ်သားဦးရေ တစ်သောင်းထက် မနည်း ပါဝင်နေသည်ကိုလည်း လေ့လာတွေ့ရှိရသည်။ 

နိုင်ငံခြားသားများ ဆက်လက် လူကုန်ကူးခံနေရ

မြန်မာနိုင်ငံသားများဖြင့် အင်အားဖြည့်သလို နိုင်ငံခြားသားများကို ပစ်မှတ်ထားခေါ်ဆောင်မှုများလည်း လျော့မသွားခဲ့ကြောင်း လူပွဲစားများ၊ ဒေသခံများ၊ ကျားဖြန့်လုပ်သားများက ဆိုကြသည်။ 

နှိမ်နင်းခံရသည်ဆိုသော ကျားဖြန့်ဂိုဏ်းများသည် ယခုနှစ် မေလအတွင်းမှ စတင်ကာ ထိုင်းနိုင်ငံမှတဆင့် တရုတ်နှင့် အရှေ့အလယ်ပိုင်းမှ နိုင်ငံခြားသားများကို “ကျားဖြန့်” လုပ်သားများအဖြစ် စုဆောင်းလျက် ရှိသည်ဟု သိရသည်။

လူကုန်ကူးမှုများတွင် ဘာသာစကားသည် အတားအဆီးမဟုတ်ကြောင်း လူကုန်ကူးမှုတွင် ပါဝင်နေသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူ့ (လူကုန်ကူးခံသူ) မှာ လက်မှတ် (Passport) ရှိရင် ရတယ်။ ဘာသာစကား နားမလည်ရင် ဘေးက နားလည်တဲ့တစ်ယောက် လိုက်ပေးရင် ရတယ်” ဟု ဆိုသည်။

မြဝတီမြို့နယ်နှင့် ထိစပ်နေသော သောင်ရင်းမြစ်ကမ်းတစ်လျှောက်တွင် DKBA နှင့် BGF ထိန်းချုပ်ထားသည့် ဂိတ်ပေါင်း ၂၀ ထက် မနည်းရှိပြီး ယင်းဂိတ်များမှတစ်ဆင့် နိုင်ငံခြားသားများကို “ကျားဖြန့်” ဂိုဏ်းများထံ ပို့ဆောင်နေခြင်းဖြစ်သည်။

ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၁) တံတားအနီးရှိ DKBA ထိန်းချုပ်ထားသော ဂိတ်တစ်ခုတွင်လည်း ယင်းကဲ့သို့ လူကုန်ကူးမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။ 

ထိုနေရာတစ်ဝိုက်  DKBA၊ BGF နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU-PC) ကဲ့သို့ အဖွဲ့အစည်းသုံးကားများဖြင့် တရားမဝင်လမ်းများမှတဆင့် သယ်ယူပို့ဆောင်ပေးနေသည်ကို စာရေးသူကိုယ်တိုင် မေလအတွင်း သုံးကြိမ်ထက်မနည်း တွေ့ခဲ့ရသည်။

မြန်မာဘက်အခြမ်းမှ အရပ်ဝတ်လူနှစ်ဦးက မဲဆောက်ဘက်ခြမ်းအထိ လာရောက်၍ နိုင်ငံခြားသားများကို ခေါ်ဆောင်ကြခြင်းဖြစ်သည်။

ယခုနှစ် မေလ ၁၃ ရက်နေ့က  DKBA အစီအစဉ်ဖြင့် သွားရောက်မည့် နိုင်ငံခြားသားနှစ်ဦး မဲဆောက် မြို့ဘက်အခြမ်း၌ စောင့်ဆိုင်းနေကြစဉ်။ (ဓာတ်ပုံ-သူရအောင်)

အရှေ့အလယ်ပိုင်းသားနှစ်ယောက်ဟု ယူဆရသူနှစ်ဦး၊ တရုတ်နိုင်ငံသား ၂၀ ဦး ထက်မနည်းနှင့် အတူ မေလ ၁၃ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် အမှတ် (၁) တံတား အနီး၊ တရားမဝင်လမ်းမှ မြဝတီမြို့ဘက်သို့ ကိုယ်တိုင် ကူးခဲ့သည်။ လူပွဲစားအဆိုအရ DKBA က လာရောက်ခေါ်ဆောင်ပေးခြင်းဖြစ်ပြီး မြဝတီဘက် ရောက်ပါက အရပ်ဝတ် ဝတ်ဆင်ထားသူအချို့က အဖွဲ့အစည်းသုံးကားများဖြင့် လာခေါ်ကြသည်ဟု သိရသည်။

သောင်ရင်းမြစ်ကမ်းဘေးနေထိုင်သူများနှင့် နီးစပ်သူများ၏ ပြောဆိုချက်အရ DKBA အဖွဲ့သည် နှစ်ဖက် လက်နက်ကိုင်အဖွဲ့အစည်းအား ငွေအမြောက်အမြားပေး၍ ယင်းလုပ်ဆောင်မှုများ နေ့စဉ်ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဆိုကြသည်။ 

ထိုင်းနိုင်ငံမှ လျှပ်စစ်၊ အင်တာနက်၊ ရေနှင့် ကုန်စည်တင်သွင်းမှုဖြတ်တောက်ပြီးနောက် BGF က ကျားဖြန့် လုပ်ငန်းများ စတင်နှိမ်နင်းခဲ့သလို DKBA ကလည်း ကျားဖြန့်လုပ်သား ရာနှင့်ချီ ဖမ်းဆီးပြီး ထိုင်းနိုင်ငံမှ တစ်ဆင့် ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ 

သို့သော် အဓိက ရေသောက်မြစ်ဖြစ်သော BGF ထိန်းချုပ်သည့် ရွှေကုက္ကို၊ KK Park နှင့် DKBA ထိန်းချုပ် နယ်မြေများတွင် လူကုန်ကူးမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

ထိုသို့ ရေသောက်မြစ်များ ဆက်လက်ကြီးထွားနေနိုင်ရန် အထောက်အပံ့ပေးနေသော  နေရာတစ်ခုသည် မြဝတီမြို့ပေါ်၌ပင် ရှိနေသည်။ 

မြဝတီမြို့ခံများ၏ ပြောဆိုချက်အရ “ကျားဖြန့်” လုပ်ငန်းများသည် မြဝတီမြို့ပေါ်တွင် ပိုအခြေစိုက်လာပြီး မြို့ပေါ် ဘဏ်များနှင့် အခြားနေရာများတွင် တရုတ်နိုင်ငံသားအများအပြား ပိုမိုတွေ့လာရသည်။

မြဝတီ လဝကရုံး သို့မဟုတ် မြန်မာနိုင်ငံသား စိစစ်ရေးကတ် အရောင်းဆိုင်

မြဝတီမြို့ပေါ်ရှိ စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးရုံးသည် တရုတ်၊ ထိုင်းနှင့် အခြားနိုင်ငံခြားသား အချို့အတွက်  လက်လီလက်ကား ရနိုင်သည့် မှတ်ပုံတင် အရောင်းဆိုင်ကြီးသဖွယ်ဖြစ်နေသည်။

မြန်မာစာ မဖတ်တတ်သော မြန်မာနိုင်ငံသား မဟုတ်သူတို့သည် နိုင်ငံဖြတ်ကျော်ဝင်ရောက်ရေးအတွက် အတားအဆီးသဖွယ်ဖြစ်နေမှုကို ထိုနေရာက လွယ်လင့်တကူ ဖြေရှင်းပေးနိုင်သည်။ မြန်မာနိုင်ငံသားဖြစ်ခွင့် အလွယ်တကူ ရနေကြသည်။ 

မြဝတီ လဝကရုံးသည် ငွေကြေးရရှိပါက UID ခေါ် စမတ်ကတ်၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် နိုင်ငံကူး လက်မှတ်များကို နိုင်ငံခြားသားများအား အလွယ်တကူ ထုတ်ပေးလျက်ရှိသည်။  မြဝတီမြို့ကို ကရင် လက်နက်ကိုင်အဖွဲ့များဖြစ်သည့် BGF၊ DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့နှင့် အတူ စစ်တပ်က ထိန်းချုပ်ထားသည်။

စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် လဝက ဝန်ထမ်းများသည် ဒေသတွင်း လက်နက်ကိုင်များနှင့် ပူးပေါင်း၍ စမတ်ကတ်၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် နိုင်ငံကူးလက်မှတ်များ ထုတ်ပေးနေခြင်းဖြစ်သည်။

၂၀၂၅ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မြဝတီအရှေ့ပိုင်း ရွှေကုက္ကိုမြို့သစ်တွင် မော်တော်ဆိုင်ကယ် စီးလာသူ နှစ်ဦး။ (ဓာတ်ပုံ-AFP)

 “မြဝတီမှာ တရုတ်တွေက အိမ်ထောင်စုလည်း လုပ်လို့ရတယ်။ မှတ်ပုံတင်လည်း လုပ်လို့ရတယ်။ ဒါပေမဲ့  ဈေးများတယ်။ ရှမ်း ( ထိုင်းလူမျိုးဟု ဒေသတွင်းအခေါ်) တွေ ဘာတွေကတော့ ဈေး အဲဒီလောက်မရှိဘူး၊ ရှမ်းတွေ လည်း လုပ်ပေးတယ်”  မှတ်ပုံတင်၊ စမတ်ကတ်နှင့် နိုင်ငံကူးလက်မှတ်များ ပြုလုပ်ပေးနေသည့် ပွဲစားတစ်ဦးဖြစ်သူ ဒေါ်ခင်သူဇာ (အမည်လွှဲ) က ပြောသည်။

တရုတ်နိုင်ငံသားများအတွက် မှတ်ပုံတင်၊ စမတ်ကတ်နှင့် အိမ်ထောင်စုဇယား အပြီးအစီးပြုလုပ်ရန် ပျမ်းမျှအား ဖြင့် ထိုင်းဘတ်ငွေ တစ်သိန်းခန့်( မြန်မာကျပ်ငွေ ၁၃၃ သိန်းခန့်) မြဝတီ လဝကရုံးကို ပေးရသည်ဟု ၎င်းက ဆက်ပြောသည်။

နိုင်ငံကူးလက်မှတ် (Passport) စာအုပ်ပေါက်စျေးသည်လည်း ယင်းဈေးပမာဏဝန်းကျင်တွင် ရှိသည်ဟု ၎င်းက ဆိုသည်။

တစ်ခါတစ်ရံတွင် မြဝတီ လဝကရုံးသည် လျှပ်စစ်မီးပြတ်တောက်ခြင်း၊ ဓာတ်ဆီမရှိခြင်း၊ ဆိုလာစွမ်းအင် မရရှိခြင်းစသည့် အကြောင်းအမျိုးမျိုးပြ၍ စမတ်ကတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက် လုပ်ဆောင်သည့် ဒေသခံများကို ပြန်လွှတ်လေ့ရှိသော်လည်း တရုတ်နိုင်ငံသား ရာဂဏန်းဝန်းကျင်အထိကိုမူ စမတ်ကတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးလေ့ရှိကြောင်း ဒေသခံများနှင့် ပွဲစားအချို့က ပြောသည်။

“ရွှေကုက္ကိုမှာဆို မှတ်ပုံတင်အတုတွေ တအားထွက်နေတာ၊ တရုတ်တွေပဲ မှတ်ပုံတင်အတုတွေနဲ့”  ဟု ဒေါ်ခင်သူဇာက ပြောသည်။ မြန်မာနိုင်ငံသားမှတ်ပုံတင်အတု ကိုင်ဆောင်ထားသည့် တရုတ်များသည် မြဝတီ လဝကရုံးတွင် စမတ်ကတ်နှင့် နိုင်ငံကူးလက်မှတ်များ ပြုလုပ်မှုများလည်းရှိနေကြောင်း ၎င်းက ပြောသည်။

ဩဂုတ်လ ၆ ရက်နေ့တွင် ထိုင်း လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့က ထိုင်းနိုင်ငံ၊ ပတ္တရားကမ်းခြေရှိ ဇိမ်ခံအိမ် တစ်ခုကို ဝင်ရောက်ဖမ်းဆီးခဲ့ချိန် Sex live streamer တရုတ်နိုင်ငံသား ငါး ဦးအနက် တစ်ဦးတွင် မြန်မာနိုင်ငံကူး လက်မှတ်တစ်ခု ရှိနေသည်ကို ထိုင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုကဲ့သို့သော မြန်မာနိုင်ငံကူးလက်မှတ်သည် မြဝတီမြို့မှ ဖြစ်မည်ဟု မြို့ခံများက ယူဆကြသည်။ 

လက်ရှိတွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သော တရုတ်နိုင်ငံသားများသည် လက်နက်ကိုင်သက်တော်စောင့် များနှင့်အတူ လဝကရုံးထဲသို့ နေ့စဉ် လူဆယ်ဂဏန်းခန့်အထိ လွတ်လပ်စွာ ဝင်ထွက်သွားလာနေကြသည်ဟု မြို့ခံများက ပြောသည်။ 

BGF နှင့် DKBA တပ်ဖွဲ့များသည် တရုတ်နိုင်ငံသားတစ်ဦးလျှင် သက်တော်စောင့်တစ်ဦးနှုန်းဖြင့် လက်နက်ကိုင်ဆောင်၍ လုံခြုံရေးယူပေးထားသည်။

“သူတို့ တရုတ် ငါး ယောက်အပြင်ထွက်တယ်ဆိုရင် BGF က သူတို့နောက်က အစောင့်လိုက်ပေးတာ။ ရဲတွေ၊ ဗမာစစ်သားတွေ မဖမ်းအောင်လို့ပေါ့၊ DKBA အုပ်ချုပ်တဲ့နေရာဆို DKBA ကို Cover (အကာအကွယ်) ယူပြီး သွားရတာ”  ဟု အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက  ပြောပြသည်။

၎င်းသည် BGF နှင့် DKBA ထိန်းချုပ်နယ်မြေအတွင်းရှိ ကျားဖြန့်နှင့် ကာစီနိုရုံများတွင် ၂၀၂၄ ခုနှစ်က စားဖိုမှူးအဖြစ် လုပ်ကိုင်ခဲ့သူလည်းဖြစ်သည်။

တရုတ်များသည် မြဝတီ လဝကရုံးမှ ထုတ်ပေးသည့် မှတ်ပုံတင်များ ကိုင်ဆောင်၍ KBZ ကဲ့သို့သော မြန်မာဘဏ်များတွင်လည်း မကြာခဏ တွေ့ရတတ်သည်ဟု မြို့ခံအချို့ကလည်း ပြောသည်။

“ဘဏ် (KBZ ဘဏ်) မှာ ငွေသွင်း/ထုတ်လုပ်ရင် သူတို့ပဲ၊ မြန်မာစကားသာမတတ်တာ ပန်းရောင်ကတ် (နိုင်ငံသားစိစစ်ရေးကတ်) တွေနဲ့။ တစ်ခါ တရုတ်တွေ ဖုန်းဆိုင်မှာ ဗိုလ်လာကျသေးတာ ပြဿနာဖြစ်ကြ သေးတယ်။ သူတို့ (တရုတ်တွေ) က လက်နက်ကိုင်တွေကိုလည်း ငှားထားကြတာ။ ရွှေကုက္ကိုက ဆိုတော့ BGF ဖြစ်ဖို့ များတယ်”  ဟု အသက် ၃၅ နှစ်အရွယ် မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

ကျားဖြန့်တိုက်ဖျက်ရေး၊ လူကုန်ကူးမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများစသည့် အကြောင်းအရာများအား မေးမြန်းရန်အတွက် DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးကြီးစောဆန်းအောင်နှင့် BGF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်တို့အား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

တရုတ်ဦးဆောင်သည့် ကျားဖြန့်နှိမ်နင်းမှု ကျရှုံးပြီလား

၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် တရုတ်ရုပ်ရှင် သရုပ်ဆောင် မင်းသားဝမ်ရှင်းသည် မြဝတီမြို့နယ်ရှိ ကျားဖြန့်ဂိုဏ်းတစ်ခုတွင် ရောင်းစားခံခဲ့ရသည်။

ယင်းဖြစ်ရပ်နောက်တွင် တရုတ်၊ ထိုင်းနှင့် မြန်မာတို့သည် “စင်ရော်စစ်ဆင်ရေး” အမည်ဖြင့် ကျားဖြန့် ဆိုက်ဘာ လိမ်လည်သည့် ဂိုဏ်းများကို နှိမ်နင်းရန် ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်းနိုင်ငံက မြဝတီ၊ တာချီလိတ်နှင့် ဘုရားသုံးဆူ အပါအဝင် နယ်စပ်မြို့ ငါး မြို့သို့ ပေးပို့နေသော လျှပ်စစ်မီး၊ ရေနှင့် ကုန်စည်များကို ရပ်ဆိုင်းခဲ့သည်။

ကျားဖြန့်ဂိုဏ်းများကို စတင်နှိမ်နင်းပြီးနောက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံ ရေးဌာန၏ လက်ထောက်ဝန်ကြီး မစ္စတာ Mr. Liu Zhongyi သည် ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း မဲဆောက်မြို့သို့ လာရောက် ကြီးကြပ်မှုများရှိခဲ့သလို၊ မြဝတီမြို့သို့ သွားရောက်၍ စစ်ကော်မရှင်တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

ကျားဖြန့်ဂိုဏ်းများက လောင်စာဆီများ ကြိုတင်ဝယ်ယူစုဆောင်း၍ ပြင်ဆင်ထားခြင်း၊ Starlink ဟု ခေါ်သည့် ဂြိုဟ်တု အင်တာနက်လိုင်းများအား ဝယ်ယူတပ်ဆင်ခြင်းများကြောင့် တရုတ်၊ ထိုင်းနှင့် အာဆီယံနိုင်ငံအချို့၏ ကျားဖြန့်နှိမ်နင်းရေးလုပ်ငန်းများသည် ကျရှုံးခဲ့ရသည်။  

ယခုနှစ် စက်တင်ဘာလအတွင်း KK Park တွင် တပ်ဆင်ထားသော Starlink ဂြိုဟ်တု အင်တာနက် လိုင်းများ။ (ဓာတ်ပုံ-AFP) 

ကမ္ဘာအနှံ့မှ ဒေါ်လာဘီလျံပေါင်းများစွာကို လိမ်လည်ရယူနေသော မြန်မာနိုင်ငံရှိ အွန်လိုင်း ငွေလိမ်လည်မှု စင်တာများအား အင်တာနက်ဝန်ဆောင်မှု ပေးနေသည့် အီလွန်မတ်စ်၏ Starlink ဂြိုဟ်တုအင်တာနက် လုပ်ငန်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု စတင်နေပြီဖြစ်ကြောင်း အမေရိကန်ကွန်ဂရက်မှ ပါတီနှစ်ခုလုံး ပါဝင်သည့် စီးပွားရေးဆိုင်ရာကော်မတီတစ်ခုက အောက်တိုဘာလ ဒုတိယပတ်တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ထိုလုပ်ငန်းများကို နှိမ်နင်းရန် ကြိုးပမ်းခဲ့သည့် အချိန်ဝန်းကျင်၌ပင် ကျားဖြန့်လုပ်ငန်းအဆောက်အအုံ အမိုးများပေါ်တွင် Starlink စလောင်းအများအပြား တွေ့ရှိရပြီးနောက် ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှုများ စတင်လာခြင်းဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

အာရှဒေသဆိုင်ရာ အင်တာနက်မှတ်ပုံတင်အဖွဲ့ (Asian regional internet registry − APNIC) ၏ အချက်အလက်များအရ Starlink သည် စစ်ဘေးဒဏ်သင့်နေသည့် မြန်မာနိုင်ငံတွင် အကြီးဆုံး အင်တာနက်ဝန်ဆောင်မှုပေးသူ ဖြစ်လာခဲ့သည်။ နယ်စပ်လုပ်ငန်းများသာမက စစ်ဖြစ်နေသော ဒေသများတွင် စတားလင့်အင်တာနက်ကို  အသုံးပြုနေကြခြင်းဖြစ်သည်။

ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင်  ၂၄ နာရီ လုံခြုံရေးအပြည့်အဝ ချထားသော်လည်း လူကုန်ကူးမှုများ ဆက်လက်ဖြစ်ပွားနေသည်။

ဩဂုတ်လ ၈ ရက်နေ့တွင် BGF က ဖိလစ်ပိုင်နိုင်ငံသား ၁၈ ဦးနှင့် ပါကစ္စတန်နိုင်ငံသား တစ်ဦးတို့အား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

ထို့အပြင် ကရင်နယ်ခြားစောင့်တပ်(BGF) မှ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ခေါင်းဆောင်သူ များအဖြစ် သံသယရှိသည့် ၁၄ ဦး ကို ဇူလိုင်လ ထဲတွင် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

အဆိုပါ သံသယရှိသူများအား မလွှဲပြောင်းခင် ဇူလိုင်လ ၇ ရက်နေ့တွင် တရုတ်နိုင်ငံ၏ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr.Chen Wen Feng ဦးဆောင်သောအဖွဲ့သည် ထိုင်းနိုင်ငံမှ တစ်ဆင့် မြ၀တီမြို့သို့ သွားရောက်ခဲ့သည်။ 

ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Chen Wen Feng မြဝတီသို့ လာရောက်ပြီးနောက် တစ်ပတ်ကျော်အကြာတွင် ယင်းသံသယရှိသူများကို လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသားတပ်မတော် (KNA) ဟု အမည်ပြောင်းလဲဖွဲ့စည်းထားသည့် BGF သည် ယခုနှစ် ဖေဖော်ဝါရီ လမှစ၍ ကျားဖြန့်လုပ်ငန်းများမှ တရုတ်နိုင်ငံသားအများအပြားနှင့် နိုင်ငံခြားသား ၉,၃၀၀ နီးပါးကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ၎င်းထဲမှ နိုင်ငံခြားသားပေါင်း ၉,၀၀၀ ကျော်ကို လွှဲပြောင်းပေးခဲ့သည်ဟု စစ်တပ်ထိန်းချုပ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

နိုင်ငံခြားသား ၉,၀၀၀ ကျော်ထဲတွင် ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံရသည့်၊ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည်ဟု ယူဆရသူ တရုတ်နိုင်ငံသား  ၆,၀၀၀ ခန့်ရှိသည်ဟု BGF နှင့် နီးစပ်သူများကပြောသည်။

ကျန်လူဦးရေသည် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ပါကစ္စတန် ၊ ကိုးရီးယားနှင့် အီသီယိုပီးယားကဲ့သို့သော နိုင်ငံများမှဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလ ၃၀ မှ စက်တင်ဘာလ ၁၅ ရက်နေ့အထိ ပြည်ပနိုင်ငံသား  ၉၃၀၅ ဦးကို ထိုင်းနိုင်ငံမှ တဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ကျန်ရှိသည့် ၈၂ ဦးကို လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။ 

သို့ရာတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှတစ်ဆင့် မြဝတီမြို့သို့ တရုတ်နှင့်အခြားနိုင်ငံသားများ လူကုန်ကူးခံရမှုများ ဆက်ဖြစ်ပွားနေပြီး ကျားဖြန့်ဂိုဏ်းများက လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်လျက် ရှိသည်ဟု လွတ်မြောက်လာသူများက ဆိုကြသည်။ 

DKBA ထိန်းချုပ်နယ်မြေရှိ  ကျားဖြန့်ဂိုဏ်းတစ်ခုမှ လွတ်မြောက်လာသည့် အီသီယိုးပီးယားနိုင်ငံသား ဂျိမ်းစ်က “အဲ့ဒီအထဲ (DKBA ထိန်းချုပ်နယ်မြေအတွင်း) မှာ အီသီယိုးပီးယားနိုင်ငံသား ၂၉ ယောက် ရှိနေသေးတယ်။ သူတို့က လျှပ်စစ်နဲ့တို့တာ၊ သတ္တုပြားတွေနဲ့ ညှဉ်းပန်းနှိပ်စက်တာတွေကို ခံနေရကြတယ်” ဟု ပြောသည်။
အဆိုပါ အီသီယိုးပီးယားနိုင်ငံသား ၂၉ ဦးသည် ထိုင်း-မြန်မာနယ်စပ် DKBA ထိန်းချုပ်နယ်မြေဖြစ်သည့် ဝေါလေ ဒေသတွင် ရှိနေသည်ဟု ဂျိမ်းစ်က ပြောခဲ့သည်။ 

ကျားဖြန့်လုပ်ငန်းများမှ ထိန်းသိမ်းထားသော တရုတ်နိုင်ငံသားများကို BGF  စောင့်ကြည့်နေစဉ်။  (ဓာတ်ပုံ- သူရအောင်)

ဂျိမ်းစ်သည် ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် DKBA ထိန်းချုပ်နယ်မြေရှိ ကျောက်ခတ်အနီး ကျားဖြန့်ဂိုဏ်း တစ်ခု၌ လူကုန်ကူးခံရပြီး အစာရေစာ မဝလင်ခြင်း၊ တိုက်ပိတ်ခံရခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။  

ယင်းနောက် အီသီယိုးပီးယားသံရုံးသို့ အကူအညီတောင်းခံခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဧပြီလကုန်ပိုင်းတွင် DKBA က ထိုင်းနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ၎င်း၏မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

အလားတူပင် DKBA ထိန်းချုပ်နယ်မြေရှိ ကျားဖြန့်ဂိုဏ်းများတွင် အင်ဒိုနီးရှားနိုင်ငံသား ငါး ဦး ပိတ်မိနေ ဆဲဖြစ်သည်ဟု ၂၀၂၅ ခုနှစ် မတ်လက ပြန်လည်လွတ်မြောက်လာသည့် အင်ဒိုနီးရှားနိုင်ငံသူ Natashya က ပြောသည်။

“Deco Park မှာ နှစ် ယောက်ကျန်သေးတယ်။ အရင်တုန်းက DKBA လာတော့ သူဌေးက ဝှက်ထားခဲ့တာ။ တခြားကုမ္ပဏီတစ်ခုမှာ သုံး ယောက်ရှိတယ်၊ကျွန်မ ပထမဆုံးအကြိမ် အရောင်းခံရတုန်းက DKBA စစ်သား တွေက တရုတ်သူဌေးနဲ့အတူ ကျွန်မတို့ရှေ့မှာ ရှိနေတာပဲ။ ကုမ္ပဏီ (ကျားဖြန့်အလုပ်ရုံ) ကို မခေါ်သွားခင် တရုတ်သူဌေးက စစ်သားတွေနဲ့ ကျွန်မတို့ရှေ့မှာပဲ ညှိနှိုင်းခဲ့တာ”  ဟု သူက ပြန်ပြောင်း ပြောပြသည်။

Natashya  သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလကုန်တွင် ကျားဖြန့်လုပ်ငန်းသို့ ရောက်ရှိခဲ့ပြီး ယခုနှစ် မတ်လတွင် လွတ်မြောက်ပြီးနောက် နိုင်ငံသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ 

ကျားဖြန့် လုပ်ငန်းများ မြန်မာတွင် အမြစ်မပြတ်ဘဲ မည်သည့်အတွက်ကြောင့် အခိုင်အမာခြေကုပ်ယူ ထားနိုင်သနည်း ဆိုသည့် အခြေအနေအပေါ် အမြင်အမျိုးမျိုး ရှုထောင့်အမျိုးမျိုး ရှိနိုင်မည်။

ကျားဖြန့်ဂိုဏ်းများကို အမြစ်ဖြတ်နှိမ်နင်းနိုင်ရေးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ၊ စစ်အုပ်စုနှင့် ဒေသတွင်းလက်နက်ကိုင်များ၏ ပါဝင်ပတ်သက်မှုတို့နှင့် သက်ဆိုင်သလို  ကျားဖြန့်ဂိုဏ်းများကို စစ်အုပ်စုနှင့် ဒေသတွင်း လက်နက်ကိုင်များက အကာအကွယ်ပေးခြင်း၊ မပေးခြင်းအပေါ် မူတည်နေသည်။ 

မည်သို့ပင်ဆိုစေ မြန်မာ- ထိုင်း နယ်စပ်အခြေစိုက် ကျားဖြန့်သည် ဒေသတွင်းနိုင်ငံများကိုသာမက ကမ္ဘာကြီးကိုပါ ခြိမ်းခြောက်နေပြီး  မြန်မာလူငယ်များကြားတွင်လည်း ကင်ဆာကဲ့သို့ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာနေသည်။ 

Related Articles

Back to top button